YouVersion လိုဂို
ရှာရန် အိုင်ကွန်

ဆာလံကျမ်း 104

104
ဖန်ဆင်းရှင် ဘုရားသခင်
1အို ငါ​၏​စိတ်ဝိညာဉ်​၊ ထာဝရဘုရား​ကို ကောင်းချီးထောမနာ​ပြု​လော့​။
အကျွန်ုပ်​၏​ဘုရားသခင် ထာဝရဘုရား​၊ ကိုယ်တော်​သည် အလွန်​ကြီးမြတ်​တော်မူ​၏​။
ကိုယ်တော်​သည် ဘုန်းကျက်သရေ​နှင့် ဘုန်းအာနုဘော်​ကို ဆင်မြန်း​တော်မူ​၏​။
2အလင်း​ကို ခြုံထည်​ကဲ့သို့​လွှမ်းခြုံ​ထား​၍
ကောင်းကင်​ကို ရွက်ထည်​ကဲ့သို့ ဖြန့်ကြက်​ထား​တော်မူ​၏​။
3ကိုယ်တော်​သည် မိမိ​အထက်ခန်း​တို့​၏​ရက်မ​များ​ကို ရေ​ပေါ်တွင်​တည်​ထား​ပြီး
တိမ်တိုက်​များ​ကို မြင်းရထား​အဖြစ်​စီး​လျက်
လေ​၏​တောင်ပံ​များ​ဖြင့် သွားလာ​တော်မူ​၏​။
4မိမိ​၏​ကောင်းကင်တမန်​တို့​ကို လေ​ကဲ့သို့​လည်းကောင်း​၊
မိမိ​၏​အမှု​ကို​ထမ်းဆောင်​သော​သူ​တို့​အား လောင်ကျွမ်း​သော​မီး​ကဲ့သို့​လည်းကောင်း
ဖြစ်​စေ​တော်မူ​၏​။#ဟေဗြဲ 1:7။
5မြေကြီး​ကို ၎င်း​၏​အုတ်မြစ်​များ​ပေါ်တွင် တည်​ထား​တော်မူ​၍
၎င်း​သည် မည်သည့်​အခါ​မျှ တုန်လှုပ်​လိမ့်မည်​မ​ဟုတ်​။
6ကိုယ်တော်​သည် ထို​မြေကြီး​ကို
အဝတ်​နှင့်​ဖုံးလွှမ်း​သကဲ့သို့ နက်ရှိုင်း​သော​ရေထု​ဖြင့် ဖုံးလွှမ်း​တော်မူ​၏​။
ရေထု​သည် တောင်​များ​ပေါ်တွင် တည်​လျက်​ရှိ​ပါ​၏​။
7ကိုယ်တော်​ဆုံးမ​တော်မူ​သောအခါ ထွက်ပြေး​သွား​ပါ​၏​။ မိုးချုန်း​သံ​နှင့်တူသော​အသံ​တော်​ကြောင့် အလျင်အမြန်​ထွက်ပြေး​သွား​ပါ​၏​။
8တောင်​များ​ပေါ်​တက်သွား​၍ ချိုင့်ဝှမ်း​များ​ထဲသို့​စီးဆင်း​လျက်
မိမိ​တို့​အတွက် ကိုယ်တော်​ချမှတ်​ထား​သော​နေရာ​သို့ သွား​ကြ​ပါ​၏​။
9ရေထု​သည် ပြန်လှည့်​လာ​၍ ကမ္ဘာမြေကြီး​ကို မ​ဖုံးလွှမ်း​စေရန်
သူ​တို့​မ​ကျော်​ရ​မည့်​နယ်နိမိတ်​ကို သတ်မှတ်​တော်မူ​၏​။
10ကိုယ်တော်​သည် လျှိုမြောင်​များ​ထဲ၌ စမ်းရေ​တို့​ကို​ထွက်​စေ​တော်မူ​၍
တောင်​များ​ကြား​၌ စီးဆင်း​ကြ​ပါ​၏​။
11ထို​စမ်းရေ​တို့​သည် တောရိုင်းတိရစ္ဆာန်​အပေါင်း​တို့​အား သောက်စရာ​ရေ​ကို​ပေး​၍
မြည်းရိုင်း​တို့​ကို ရေငတ်​ပြေ​စေ​၏​။
12မိုးကောင်းကင်​ငှက်​တို့​သည် ၎င်း​တို့​အနီး​တွင် နေ​ကြ​ပြီး
သစ်ကိုင်း​များ​ကြား​တွင် တွန်ကျူး​ကြ​၏​။
13ကိုယ်တော်​သည် တောင်​များ​ကို မိမိ​၏​အထက်ခန်း​တို့​မှ ရေလောင်း​တော်မူ​၏​။
ကမ္ဘာမြေကြီး​သည် ကိုယ်တော်​ပြု​တော်မူ​သော အမှု​တို့​၏​အသီးအပွင့်​ကြောင့်
ပြည့်စုံကြွယ်ဝ​လျက်​ရှိ​ပါ​၏​။
14ကိုယ်တော်​သည် တိရစ္ဆာန်​အတွက် မြက်ပင်​ကို​လည်းကောင်း​၊
လူ​တို့​စိုက်ပျိုး​ရန်​အတွက် အပင်​ကို​လည်းကောင်း ပေါက်​စေ​တော်မူ​၍
မြေကြီး​ထဲမှ အစားအစာ​ကို​လည်းကောင်း​၊
15လူ​၏​စိတ်နှလုံး​ကို​ဝမ်းမြောက်​စေ​သော စပျစ်ဝိုင်​ကို​လည်းကောင်း​၊
မျက်နှာ​ကို​ဝင်းပြောင်​စေ​သော​ဆီ​ကို​လည်းကောင်း​၊ လူ​၏​စိတ်နှလုံး​ကို​လန်းဆန်း​စေ​သော
အစားအစာ​ကို​လည်းကောင်း ဖြစ်ပေါ်​စေ​တော်မူ​၏​။
16ထာဝရဘုရား​၏​သစ်ပင်​များ​၊ ကိုယ်တော်​စိုက်ပျိုး​ထား​သည့်
လက်ဘနွန်​ရှိ​သစ်ကတိုးပင်​များ​သည် ရေဝ​ကြ​၏​။
17ထို​အပင်​တို့​၌ ငှက်​တို့​သည် အသိုက်​လုပ်​ကြ​၏​။
ထင်းရှူးပင်​တို့​သည် ငှက်ကျား​၏​အိမ်​ဖြစ်​ကြ​၏​။
18မြင့်​သော​တောင်​များ​သည် တောင်ဆိတ်​တို့​အတွက်​ဖြစ်ပြီး
ကျောက်​တို့​သည် ရှာဖန်ယုန်​များ​အတွက် ခိုလှုံ​ရာ​ဖြစ်​ကြ​၏​။
19ကိုယ်တော်​သည် အချိန်အခါ​များ​အတွက် လ​ကို​ဖန်ဆင်း​တော်မူ​၏​။
နေ​သည် မိမိ​ဝင်​ရ​မည့်​အချိန်​ကို​သိ​၏​။
20ကိုယ်တော်​သည် အမှောင်​ကို​ဖြစ်​စေ​သောအခါ ၎င်း​သည် ည​ဖြစ်လာ​ပါ​၏​။
ထို​အချိန်​တွင် တောရိုင်းတိရစ္ဆာန်​အပေါင်း​တို့​သည် လှုပ်ရှားသွားလာ​ကြ​ပါ​၏​။
21ခြင်္သေ့ပျို​တို့​သည် သားကောင်​ရ​ရန် ဟိန်းဟောက်​လျက်
ဘုရားသခင်​ထံမှ မိမိ​တို့​၏​အစားအစာ​ကို တောင်း​ကြ​ပါ​၏​။
22နေ​ထွက်လာ​သောအခါ ၎င်း​တို့​သည် ဆုတ်သွား​၍
မိမိ​တို့​၏​တွင်း​ထဲ၌​လဲလျောင်း​ကြ​ပါ​၏​။
23လူ​သည် မိမိ​၏​လုပ်ငန်းခွင်​သို့​သွား​၍
နေဝင်ချိန်​တိုင်အောင် မိမိ​အလုပ်​ကို​လုပ်ဆောင်​ပါ​၏​။
24အို ထာဝရဘုရား​၊ ကိုယ်တော်​ပြု​တော်မူ​သော​အမှု​တို့​သည် အလွန်​များပြား​လှ​ပါ​၏​။
ကိုယ်တော်​သည် ထို​အရာ​အားလုံး​ကို ဉာဏ်ပညာ​အားဖြင့် ဖန်ဆင်း​တော်မူ​၏​။
ကမ္ဘာမြေကြီး​သည် ကိုယ်တော်​ဖန်ဆင်း​သော အရာ​များ​ဖြင့် ပြည့်နှက်​လျက်​ရှိ​ပါ​၏​။
25ထို​နေရာ​၌ ကြီးမား​ကျယ်ဝန်း​သည့် ပင်လယ်​ရှိ​၍ ၎င်း​တွင် တွားသွားသတ္တဝါ​များ​နှင့်
မ​ရေ​မ​တွက်​နိုင်​လောက်အောင်​များ​သော သက်ရှိသတ္တဝါ​အကြီး​အငယ်​တို့​ရှိ​ကြ​ပါ​၏​။
26သင်္ဘော​များ​သည်​လည်း ထို​ပင်လယ်​၌ သွားလာ​ကြ​ပြီး
၎င်း​ထဲ၌ ပျော်မြူး​စေရန် ကိုယ်တော်​ပုံဖော်ဖန်ဆင်း​ထား​သော လဝိသန်#104:26 “အကောင်ကြီးသောရေသတ္တဝါတစ်မျိုး”။​လည်း​ရှိ​ပါ​၏​။
27ထို​သတ္တဝါ​အပေါင်း​တို့​သည် အချိန်တန်​လျှင် သူ​တို့​ကို​အစာ​ကျွေး​တော်မူ​ရန်
ကိုယ်တော်​ကို စောင့်မျှော်​နေ​ကြ​ပါ​၏​။
28ကိုယ်တော်​သည် သူ​တို့​ကို​ပေး​တော်မူ​သောအခါ သူ​တို့​သည် စုသိမ်း​ရ​ကြ​ပါ​၏​။
လက်​တော်​ကို​ဖွင့်​တော်မူ​သောအခါ သူ​တို့​သည် ကောင်း​သော​အရာ​များ​နှင့် ပြည့်စုံကြွယ်ဝ​ကြ​ပါ​၏​။
29မျက်နှာ​လွှဲ​တော်မူ​သောအခါ သူ​တို့​သည် ထိတ်လန့်​ကြ​ပါ​၏​။
သူ​တို့​၏​အသက်​ကို ရုပ်သိမ်း​တော်မူ​သောအခါ သူ​တို့​သည်​သေ​၍
မိမိ​တို့​ဖြစ်လာ​ရာ မြေမှုန့်​သို့​ပြန်သွား​ကြ​ပါ​၏​။
30ဝိညာဉ်​တော်​ကို စေလွှတ်​တော်မူ​သောအခါ သူ​တို့​သည် ဖန်ဆင်း​ခြင်း​ခံရ​ကြ​ပါ​၏​။
ကိုယ်တော်​သည် မြေကြီး​မျက်နှာပြင်​ကို​လည်း အသစ်ပြုပြင်​တော်မူ​၏​။
31ထာဝရဘုရား​၏​ဘုန်းအသရေ​တော်​သည် အစဉ်အမြဲ​တည်ရှိ​ပါစေသော​။
ထာဝရဘုရား​သည် မိမိ​ပြု​တော်မူ​သော အမှု​များ​အတွက် ဝမ်းမြောက်​တော်မူ​ပါစေသော​။
32ကိုယ်တော်​သည် ကမ္ဘာမြေကြီး​ကို စေ့စေ့ကြည့်​တော်မူ​သောအခါ ၎င်း​သည် တုန်လှုပ်​၏​။
တောင်​များ​ကို​တို့ထိ​တော်မူ​သောအခါ ၎င်း​တို့​မှ မီးခိုး​ထွက်​ကြ​၏​။
33ငါ​သည် အသက်ရှင်​နေ​သရွေ့ ထာဝရဘုရား​ထံသို့ သီချင်းဆို​မည်​။
ငါ​ရှိ​နေ​သေး​သရွေ့ ငါ​၏​ဘုရားသခင်​ကို သီဆိုချီးမွမ်း​မည်​။
34ငါ​၏​ဆင်ခြင်တွေးတောမှု​သည် ကိုယ်တော်​အတွက် နှစ်သက်​ဖွယ်​ဖြစ်​ပါစေသော​။
ငါ​သည် ထာဝရဘုရား​၌​ဝမ်းမြောက်​မည်​။
35အပြစ်သား​တို့​သည် ကမ္ဘာမြေကြီး​ပေါ်မှ ပျောက်ကွယ်​သွား​ကြ​ပါစေသော​။
ဆိုးယုတ်​သော​သူ​တို့​သည်​လည်း ဆက်၍​မ​ရှိ​ကြ​ပါစေ​နှင့်​။
အို ငါ​၏​စိတ်ဝိညာဉ်​၊ ထာဝရဘုရား​ကို ကောင်းချီးထောမနာ​ပြု​လော့​။ ဟာလေလုယ​။

လက်ရှိရွေးချယ်ထားမှု

ဆာလံကျမ်း 104: MSBU

အရောင်မှတ်ချက်

မျှဝေရန်

ကူးယူ

None

မိမိစက်ကိရိယာအားလုံးတွင် မိမိအရောင်ချယ်သောအရာများကို သိမ်းဆည်းထားလိုပါသလား။ စာရင်းသွင်းပါ (သို့) အကောင့်ဝင်လိုက်ပါ