သုတ္တံ 12:1-14
သုတ္တံ 12:1-14 Judson Bible (JBMLE)
နည်းဥပဒေကို ခံချင်သောသူသည် ပညာအတတ်ကိုနှစ်သက်၏။ ဆုံးမခြင်းကိုမုန်းသောသူမူကား၊ တိရစ္ဆာန်သဘောရှိ၏။ သူတော်ကောင်းသည် ထာဝရဘုရားရှေ့တော်၌ မျက်နှာရတတ်၏။ မကောင်းသောအကြံကို ကြံစည်သောသူမူကား၊ အပြစ်စီရင်တော်မူခြင်းကိုခံရ၏။ လူသည် ဒုစရိုက်အားဖြင့် မြဲမြံခြင်းသို့ မရောက်ရာ။ ဖြောင့်မတ်သောသူ၏အမြစ်မူကား မရွေ့ရာ။ သီလရှိသောမိန်းမသည် မိမိလင်၌ ဦးရစ်သရဖူဖြစ်၏။ အရှက်ခွဲတတ်သော မိန်းမမူကား၊ လင်၏အရိုးတို့၌ ဆွေးမြေ့ခြင်းကဲ့သို့ ဖြစ်၏။ ဖြောင့်မတ်သောသူ၏အကြံသည် ဖြောင့်၏။ မတရားသောသူပေးသော အကြံမူကား မုသားဖြစ်၏။ မတရားသောသူ၏စကားသည် သူ့အသက်ကိုသတ်ခြင်းငှာ စောင်းမြောင်းတတ်၏။ ဖြောင့်မတ်သောသူ၏နှုတ်မူကား၊ သူတစ်ပါးတို့ကို ကယ်နုတ်တတ်၏။ မတရားသောသူ၏အိမ်သည် ပြိုလဲပျောက်ပျက်ခြင်း၊ ဖြောင့်မတ်သောသူ၏အိမ်မူကား၊ အမြဲတည်ခြင်း ရှိတတ်၏။ လူသည် ဉာဏ်ပညာရှိသည်အတိုင်း ချီးမွမ်းခြင်းကိုခံရ၏။ သဘောကောက်သောသူမူကား၊ မထီမဲ့မြင်ပြုခြင်းကို ခံရ၏။ စားစရာမရှိဘဲ ဝါကြွားသောသူထက်၊ အသရေမရှိ၊ ကိုယ်အလုပ်ကိုလုပ်ရသောသူသည် သာ၍ကောင်း၏။ ဖြောင့်မတ်သောသူသည် မိမိတိရစ္ဆာန်အသက်ကို နှမြောတတ်၏။ မတရားသောသူမူကား၊ ကရုဏာအရာ၌ပင် ကြမ်းကြုတ်တတ်၏။ မိမိလယ်ယာကို လုပ်သောသူသည် ဝစွာစားရ၏။ အချည်းနှီးသောအမှုကို စောင့်သောသူမူကား၊ ဉာဏ်ချို့တဲ့၏။ မတရားသောသူသည် လူဆိုးသုံးတတ်သော ကျော့ကွင်းကို အလိုရှိ၏။ ဖြောင့်မတ်သောသူ၏အမြစ်မူကား၊ အသီးကိုသီးတတ်၏။ စကားလွန်ကျူးရာတွင် ဆိုးသောကျော့ကွင်းရှိ၏။ ဖြောင့်မတ်သောသူမူကား၊ အမှုထဲက ထမြောက်တတ်၏။ လူသည် မိမိနှုတ်ခမ်းအသီးကို ဝစွာစားရ၏။ မိမိလက်လုပ်ရာ အကျိုးအပြစ်ကိုလည်းခံရ၏။
သုတ္တံ 12:1-14 Common Language Bible (BCL)
နည်းဥပဒေကို ခံချင်သောသူသည် ပညာ အတတ်ကို နှစ်သက်၏။ ဆုံးမခြင်းကိုမုန်းသော သူမူကား၊ တိရစ္ဆာန်သဘောရှိ၏။ သူတော်ကောင်းသည် ထာဝရဘုရားရှေ့တော်၌ မျက်နှာရတတ်၏။ မကောင်းသောအကြံကို ကြံစည်သော သူမူကား၊ အပြစ်စီရင်တော်မူခြင်းကို ခံရ၏။ လူသည်ဒုစရိုက်အားဖြင့် မြဲမြံခြင်းသို့ မရောက် ရာ။ ဖြောင့်မတ်သောသူ၏အမြစ်မူကား မရွေ့ရာ။ သီလရှိသော မိန်းမသည် မိမိလင်၌ ဦးရစ်သရဖူ ဖြစ်၏။ အရှက်ခွဲတတ်သော မိန်းမမူကား၊ လင်၏အရိုး တို့၌ ဆွေးမြေ့ခြင်းကဲ့သို့ဖြစ်၏။ ဖြောင့်မတ်သော သူ၏အကြံသည် ဖြောင့်၏။ မတရားသော သူပေးသော အကြံမူကား မုသာဖြစ်၏။ မတရားသော သူ၏စကားသည် သူ့အသက်ကို သတ်ခြင်းငှါ စောင်းမြောင်းတတ်၏။ ဖြောင့်မတ်သော သူ၏နှုတ်မူကား၊ သူတပါးတို့ကို ကယ်နှုတ်တတ်၏။ မတရားသော သူ၏အိမ်သည် ပြိုလဲပျောက် ပျက်ခြင်း၊ ဖြောင့်မတ်သောသူ၏ အိမ်မူကား၊ အမြဲတည် ခြင်းရှိတတ်၏။ လူသည်ဥာဏ်ပညာရှိသည်အတိုင်း ချီးမွမ်းခြင်း ကိုခံရ၏။ သဘောကောက်သော သူမူကား၊ မထီမဲ့မြင် ပြုခြင်းကို ခံရ၏။ စားစရာမရှိဘဲ ဝါကြွားသောသူထက်၊ အသရေ မရှိ၊ ကိုယ်အလုပ်ကိုလုပ်ရသော သူသည်သာ၍ ကောင်း၏။ ဖြောင့်မတ်သောသူသည် မိမိတိရစ္ဆာန်အသက် ကို နှမြောတတ်၏။ မတရားသောသူမူကား၊ ကရုဏာ အရာ၌ပင် ကြမ်းကြုတ်တတ်၏။ မိမိလယ်ယာကို လုပ်သောသူသည် ဝစွာစားရ ၏။ အချည်းနှီးသောအမှုကို စောင့်သောသူမူကား၊ ဥာဏ်ချို့တဲ့၏။ မတရားသောသူသည် လူဆိုးသုံးတတ်သော ကျော့ကွင်းကို အလိုရှိ၏။ ဖြောင့်မတ်သော သူ၏အမြစ် မူကား၊ အသီးကိုသီးတတ်၏။ စကားလွန်ကျူးရာတွင် ဆိုးသောကျော့ကွင်း ရှိ၏။ ဖြောင့်မတ်သောသူမူကား၊ အမှုထဲက ထမြောက် တတ်၏။ လူသည်မိမိနှုတ်ခမ်းအသီးကို ဝစွာစားရ၏။ မိမိလက်လုပ်ရာ အကျိုးအပြစ်ကိုလည်း ခံရ၏။
သုတ္တံ 12:1-14 မြန်မာ့စံမီသမ္မာကျမ်း (MSBU)
ဆုံးမပဲ့ပြင်ခြင်းကိုနှစ်သက်သောသူသည် အသိပညာကိုနှစ်သက်သောသူဖြစ်၏။ ဆိုဆုံးမခြင်းကိုမုန်းသောသူမူကား အသိတရားမဲ့သောသူဖြစ်၏။ သူတော်ကောင်းသည် ထာဝရဘုရားထံတော်မှ ကျေးဇူးတော်ကိုခံစားရလိမ့်မည်။ ကောက်ကျစ်သောဉာဏ်ရှိသောသူမူကား အပြစ်စီရင်ခြင်းခံရလိမ့်မည်။ လူသည် ဆိုးယုတ်မှုအားဖြင့် မတည်မြဲနိုင်ရာ။ ဖြောင့်မတ်သောသူတို့၏အမြစ်မူကား မရွေ့ရာ။ စွမ်းရည်နှင့်ပြည့်စုံသောမယားသည် မိမိခင်ပွန်း၏သရဖူဖြစ်၏။ အရှက်ကွဲစေသောမယားမူကား ခင်ပွန်း၏အရိုးထဲမှ ဆွေးမြည့်သောအရာကဲ့သို့ဖြစ်၏။ ဖြောင့်မတ်သောသူတို့၏အကြံအစည်တို့သည် တရားမျှတ၏။ ဆိုးယုတ်သောသူတို့၏လမ်းညွှန်မှုတို့သည် လိမ်လည်လှည့်ဖြားခြင်းဖြစ်၏။ ဆိုးယုတ်သောသူတို့၏စကားသည် လူကိုသတ်ဖြတ်ရန် ချောင်းမြောင်းတတ်၏။ ဖြောင့်မှန်သောသူတို့၏နှုတ်မူကား လူတို့ကိုကယ်နုတ်တတ်၏။ ဆိုးယုတ်သောသူတို့သည် ဖြိုလှဲခြင်းခံရ၍ ပျောက်ကွယ်သွားကြ၏။ ဖြောင့်မတ်သောသူတို့၏အိမ်မူကား တည်မြဲလိမ့်မည်။ လူသည် မိမိ၏ဉာဏ်စွမ်းနှင့်အညီ ချီးမွမ်းခြင်းခံရလိမ့်မည်။ ကောက်သောစိတ်သဘောရှိသူမူကား မထီမဲ့မြင်ပြုခြင်းခံရလိမ့်မည်။ ဂုဏ်နိမ့်သော်လည်း အစေအပါးရှိသောသူသည် ဂုဏ်ဖော်ဝါကြွားသော်လည်း စားစရာမရှိသောသူထက် ပို၍ကောင်း၏။ ဖြောင့်မတ်သောသူသည် မိမိတိရစ္ဆာန်၏အသက်ကို ဂရုစိုက်တတ်၏။ ဆိုးယုတ်သောသူတို့၏သနားစုံမက်ခြင်းမူကား ရက်စက်မှုဖြစ်၏။ မိမိမြေကိုထွန်ယက်လုပ်ကိုင်သောသူသည် အစားအစာနှင့်ပြည့်စုံကြွယ်ဝလိမ့်မည်။ အချည်းနှီးသောအရာများနောက်သို့ လိုက်သောသူမူကား အသိစိတ်မရှိ။ ဆိုးယုတ်သောသူသည် မကောင်းမှုပြုသောသူတို့ သုံးသောထောင်ပိုက်ကို တပ်မက်ကြ၏။ ဖြောင့်မတ်သောသူတို့၏အမြစ်မူကား ရှင်သန်သီးပွင့်လိမ့်မည်။ မကောင်းမှုပြုသောသူသည် မိမိနှုတ်ကျူးလွန်သောအပြစ်အားဖြင့် ထောင်ချောက်မိတတ်၏။ ဖြောင့်မတ်သောသူမူကား ဆင်းရဲဒုက္ခထဲမှ လွတ်မြောက်တတ်၏။ လူသည် မိမိနှုတ်၏အသီးအပွင့်အားဖြင့် ကောင်းသောအရာနှင့်ပြည့်စုံကြွယ်ဝလိမ့်မည်။ သူ့လက်၏လုပ်ဆောင်မှုသည်လည်း သူ့ထံသို့ပြန်လာလိမ့်မည်။