YouVersion လိုဂို
ရှာရန် အိုင်ကွန်

သုတ္တံကျမ်း 12:1-14

သုတ္တံကျမ်း 12:1-14 MSBU

ဆုံးမပဲ့ပြင်​ခြင်း​ကို​နှစ်သက်​သော​သူ​သည် အသိပညာ​ကို​နှစ်သက်​သော​သူ​ဖြစ်​၏​။ ဆိုဆုံးမ​ခြင်း​ကို​မုန်း​သော​သူ​မူကား အသိတရားမဲ့​သော​သူ​ဖြစ်​၏​။ သူတော်ကောင်း​သည် ထာဝရဘုရား​ထံ​တော်​မှ ကျေးဇူး​တော်​ကို​ခံစား​ရ​လိမ့်မည်​။ ကောက်ကျစ်​သော​ဉာဏ်​ရှိ​သော​သူ​မူကား အပြစ်စီရင်​ခြင်း​ခံရ​လိမ့်မည်​။ လူ​သည် ဆိုးယုတ်မှု​အားဖြင့် မ​တည်မြဲ​နိုင်​ရာ​။ ဖြောင့်မတ်​သော​သူ​တို့​၏​အမြစ်​မူကား မ​ရွေ့​ရာ​။ စွမ်းရည်​နှင့်​ပြည့်စုံ​သော​မယား​သည် မိမိ​ခင်ပွန်း​၏​သရဖူ​ဖြစ်​၏​။ အရှက်ကွဲ​စေ​သော​မယား​မူကား ခင်ပွန်း​၏​အရိုး​ထဲမှ ဆွေးမြည့်​သော​အရာ​ကဲ့သို့​ဖြစ်​၏​။ ဖြောင့်မတ်​သော​သူ​တို့​၏​အကြံအစည်​တို့​သည် တရားမျှတ​၏​။ ဆိုးယုတ်​သော​သူ​တို့​၏​လမ်းညွှန်​မှု​တို့​သည် လိမ်လည်လှည့်ဖြား​ခြင်း​ဖြစ်​၏​။ ဆိုးယုတ်​သော​သူ​တို့​၏​စကား​သည် လူ​ကို​သတ်ဖြတ်​ရန် ချောင်းမြောင်း​တတ်​၏​။ ဖြောင့်မှန်​သော​သူ​တို့​၏​နှုတ်​မူကား လူ​တို့​ကို​ကယ်နုတ်​တတ်​၏​။ ဆိုးယုတ်​သော​သူ​တို့​သည် ဖြိုလှဲ​ခြင်း​ခံရ​၍ ပျောက်ကွယ်​သွား​ကြ​၏​။ ဖြောင့်မတ်​သော​သူ​တို့​၏​အိမ်​မူကား တည်မြဲ​လိမ့်မည်​။ လူ​သည် မိမိ​၏​ဉာဏ်စွမ်း​နှင့်အညီ ချီးမွမ်း​ခြင်း​ခံရ​လိမ့်မည်​။ ကောက်​သော​စိတ်သဘော​ရှိ​သူ​မူကား မထီမဲ့မြင်ပြု​ခြင်း​ခံရ​လိမ့်မည်​။ ဂုဏ်နိမ့်​သော်လည်း အစေအပါး​ရှိ​သော​သူ​သည် ဂုဏ်ဖော်ဝါကြွား​သော်လည်း စားစရာ​မ​ရှိ​သော​သူ​ထက် ပို၍​ကောင်း​၏​။ ဖြောင့်မတ်​သော​သူ​သည် မိမိ​တိရစ္ဆာန်​၏​အသက်​ကို ဂရုစိုက်​တတ်​၏​။ ဆိုးယုတ်​သော​သူ​တို့​၏​သနားစုံမက်​ခြင်း​မူကား ရက်စက်မှု​ဖြစ်​၏​။ မိမိ​မြေ​ကို​ထွန်ယက်​လုပ်ကိုင်​သော​သူ​သည် အစားအစာ​နှင့်​ပြည့်စုံကြွယ်ဝ​လိမ့်မည်​။ အချည်းနှီး​သော​အရာ​များ​နောက်​သို့ လိုက်​သော​သူ​မူကား အသိစိတ်​မ​ရှိ​။ ဆိုးယုတ်​သော​သူ​သည် မကောင်းမှု​ပြု​သော​သူ​တို့ သုံး​သော​ထောင်ပိုက်​ကို တပ်မက်​ကြ​၏​။ ဖြောင့်မတ်​သော​သူ​တို့​၏​အမြစ်​မူကား ရှင်သန်သီးပွင့်​လိမ့်မည်​။ မကောင်းမှု​ပြု​သော​သူ​သည် မိမိ​နှုတ်​ကျူးလွန်​သော​အပြစ်​အားဖြင့် ထောင်ချောက်​မိ​တတ်​၏​။ ဖြောင့်မတ်​သော​သူ​မူကား ဆင်းရဲဒုက္ခ​ထဲမှ လွတ်မြောက်​တတ်​၏​။ လူ​သည် မိမိ​နှုတ်​၏​အသီးအပွင့်​အားဖြင့် ကောင်း​သော​အရာ​နှင့်​ပြည့်စုံကြွယ်ဝ​လိမ့်မည်​။ သူ့​လက်​၏​လုပ်ဆောင်မှု​သည်​လည်း သူ့​ထံသို့​ပြန်လာ​လိမ့်မည်​။