သုတ္တံကျမ်း 12
12
1ဆုံးမပဲ့ပြင်ခြင်းကိုနှစ်သက်သောသူသည် အသိပညာကိုနှစ်သက်သောသူဖြစ်၏။
ဆိုဆုံးမခြင်းကိုမုန်းသောသူမူကား အသိတရားမဲ့သောသူဖြစ်၏။
2သူတော်ကောင်းသည် ထာဝရဘုရားထံတော်မှ ကျေးဇူးတော်ကိုခံစားရလိမ့်မည်။
ကောက်ကျစ်သောဉာဏ်ရှိသောသူမူကား အပြစ်စီရင်ခြင်းခံရလိမ့်မည်။
3လူသည် ဆိုးယုတ်မှုအားဖြင့် မတည်မြဲနိုင်ရာ။
ဖြောင့်မတ်သောသူတို့၏အမြစ်မူကား မရွေ့ရာ။
4စွမ်းရည်နှင့်ပြည့်စုံသောမယားသည် မိမိခင်ပွန်း၏သရဖူဖြစ်၏။
အရှက်ကွဲစေသောမယားမူကား ခင်ပွန်း၏အရိုးထဲမှ ဆွေးမြည့်သောအရာကဲ့သို့ဖြစ်၏။
5ဖြောင့်မတ်သောသူတို့၏အကြံအစည်တို့သည် တရားမျှတ၏။
ဆိုးယုတ်သောသူတို့၏လမ်းညွှန်မှုတို့သည် လိမ်လည်လှည့်ဖြားခြင်းဖြစ်၏။
6ဆိုးယုတ်သောသူတို့၏စကားသည် လူကိုသတ်ဖြတ်ရန် ချောင်းမြောင်းတတ်၏။
ဖြောင့်မှန်သောသူတို့၏နှုတ်မူကား လူတို့ကိုကယ်နုတ်တတ်၏။
7ဆိုးယုတ်သောသူတို့သည် ဖြိုလှဲခြင်းခံရ၍ ပျောက်ကွယ်သွားကြ၏။
ဖြောင့်မတ်သောသူတို့၏အိမ်မူကား တည်မြဲလိမ့်မည်။
8လူသည် မိမိ၏ဉာဏ်စွမ်းနှင့်အညီ ချီးမွမ်းခြင်းခံရလိမ့်မည်။
ကောက်သောစိတ်သဘောရှိသူမူကား မထီမဲ့မြင်ပြုခြင်းခံရလိမ့်မည်။
9ဂုဏ်နိမ့်သော်လည်း အစေအပါးရှိသောသူသည်
ဂုဏ်ဖော်ဝါကြွားသော်လည်း စားစရာမရှိသောသူထက် ပို၍ကောင်း၏။
10ဖြောင့်မတ်သောသူသည် မိမိတိရစ္ဆာန်၏အသက်ကို ဂရုစိုက်တတ်၏။
ဆိုးယုတ်သောသူတို့၏သနားစုံမက်ခြင်းမူကား ရက်စက်မှုဖြစ်၏။
11မိမိမြေကိုထွန်ယက်လုပ်ကိုင်သောသူသည် အစားအစာနှင့်ပြည့်စုံကြွယ်ဝလိမ့်မည်။
အချည်းနှီးသောအရာများနောက်သို့ လိုက်သောသူမူကား အသိစိတ်မရှိ။
12ဆိုးယုတ်သောသူသည် မကောင်းမှုပြုသောသူတို့ သုံးသောထောင်ပိုက်ကို တပ်မက်ကြ၏။
ဖြောင့်မတ်သောသူတို့၏အမြစ်မူကား ရှင်သန်သီးပွင့်လိမ့်မည်။
13မကောင်းမှုပြုသောသူသည် မိမိနှုတ်ကျူးလွန်သောအပြစ်အားဖြင့် ထောင်ချောက်မိတတ်၏။
ဖြောင့်မတ်သောသူမူကား ဆင်းရဲဒုက္ခထဲမှ လွတ်မြောက်တတ်၏။
14လူသည် မိမိနှုတ်၏အသီးအပွင့်အားဖြင့် ကောင်းသောအရာနှင့်ပြည့်စုံကြွယ်ဝလိမ့်မည်။
သူ့လက်၏လုပ်ဆောင်မှုသည်လည်း သူ့ထံသို့ပြန်လာလိမ့်မည်။
15ဆိုးမိုက်သောသူသည် မိမိပြုမူကျင့်ကြံသောအမှုအရာကို မှန်သည်ဟု ထင်မြင်တတ်၏။
ပညာရှိသောသူမူကား အကြံဉာဏ်ကိုနားထောင်တတ်၏။
16ဆိုးမိုက်သောသူသည် မိမိ၏အမျက်ဒေါသကို ချက်ချင်းထင်ရှားစေတတ်၏။
ဆင်ခြင်ဉာဏ်ရှိသောသူမူကား အရှက်ခွဲခံရခြင်းကိုပင် ဥပေက္ခာပြု၏။
17ဖြောင့်မတ်စွာပြောဆိုသောသူသည် သစ္စာစကားကိုထွက်ဆိုတတ်၏။
မုသားသက်သေမူကား လိမ်လည်လှည့်ဖြားသောစကားကိုထွက်ဆိုတတ်၏။
18ဓားနှင့်ထိုးသကဲ့သို့ မဆင်မခြင်ပြောဆိုတတ်သောသူရှိ၏။
ပညာရှိသောသူတို့၏စကားမူကား ဒဏ်ရာဒဏ်ချက်ကို ပျောက်ကင်းစေတတ်၏။
19မှန်ကန်သောနှုတ်ခမ်းသည် ထာဝစဉ်တည်မြဲ၏။
မုသားသုံးသောလျှာမူကား တစ်ခဏမျှသာတည်၏။
20မကောင်းမှုကို တွေးတောကြံစည်သောသူတို့၏ စိတ်နှလုံးထဲ၌ လိမ်လည်လှည့်ဖြားခြင်းရှိ၏။
ငြိမ်းချမ်းရေးအတွက် အားပေးလှုံ့ဆော်သောသူတို့၌ကား ဝမ်းမြောက်ခြင်းရှိ၏။
21ဖြောင့်မတ်သောသူအပေါ် မည်သည့်အမင်္ဂလာမျှကျရောက်လိမ့်မည်မဟုတ်။
ဆိုးယုတ်သောသူတို့မူကား ဒုက္ခနှင့်ပြည့်ဝကြ၏။
22မုသားနှုတ်ခမ်းကို ထာဝရဘုရားစက်ဆုပ်ရွံရှာတော်မူ၏။
သစ္စာရှိစွာပြုကျင့်သောသူတို့ကိုကား ကိုယ်တော်နှစ်သက်တော်မူ၏။
23ဆင်ခြင်ဉာဏ်ရှိသောသူသည် အသိပညာကို ဖုံးကွယ်ထားတတ်၏။
မိုက်မဲသောသူတို့၏စိတ်နှလုံးမူကား မိုက်မဲမှုကိုကြေညာတတ်၏။
24ဝီရိယရှိသောသူ၏လက်သည် အုပ်စိုးရလိမ့်မည်။
လုံ့လနည်းသောသူမူကား အတင်းအကျပ်စေခိုင်းခြင်းခံရလိမ့်မည်။
25လူ၏စိတ်နှလုံးတွင်ရှိသောစိုးရိမ်ပူပန်ခြင်းသည် သူ့ကိုညှိုးငယ်စေတတ်၏။
ကောင်းသောစကားမူကား သူ့ကိုဝမ်းမြောက်စေတတ်၏။
26ဖြောင့်မတ်သောသူသည် မိမိ၏အိမ်နီးချင်းကို လမ်းပြတတ်၏။
ဆိုးယုတ်သောသူတို့၏လမ်းမူကား သူတို့ကိုပင် မှားယွင်းစေတတ်၏။
27လုံ့လနည်းသောသူသည် မိမိလိုက်သောသားကောင်ကို ကင်၍မစားရ။
ဝီရိယရှိသောသူမူကား အဖိုးတန်သောစည်းစိမ်ဥစ္စာကိုရတတ်၏။
28ဖြောင့်မတ်သောလမ်း၌အသက်ရှင်ခြင်းရှိ၍
ထိုလမ်းခရီးတစ်လျှောက်၌ သေခြင်းမရှိ။
လက်ရှိရွေးချယ်ထားမှု
သုတ္တံကျမ်း 12: MSBU
အရောင်မှတ်ချက်
မျှဝေရန်
ကူးယူ
မိမိစက်ကိရိယာအားလုံးတွင် မိမိအရောင်ချယ်သောအရာများကို သိမ်းဆည်းထားလိုပါသလား။ စာရင်းသွင်းပါ (သို့) အကောင့်ဝင်လိုက်ပါ
MYANMAR STANDARD BIBLE©
Copyright © 2012, 2014, 2017, 2021 by Global Bible Initiative