YouVersion လိုဂို
ရှာရန် အိုင်ကွန်

သုတ္တံကျမ်း။ 12:1-14

သုတ္တံကျမ်း။ 12:1-14 BCL

နည်းဥပဒေကို ခံချင်သောသူသည် ပညာ အတတ်ကို နှစ်သက်၏။ ဆုံးမခြင်းကိုမုန်းသော သူမူကား၊ တိရစ္ဆာန်သဘောရှိ၏။ သူတော်ကောင်းသည် ထာဝရဘုရားရှေ့တော်၌ မျက်နှာရတတ်၏။ မကောင်းသောအကြံကို ကြံစည်သော သူမူကား၊ အပြစ်စီရင်တော်မူခြင်းကို ခံရ၏။ လူသည်ဒုစရိုက်အားဖြင့် မြဲမြံခြင်းသို့ မရောက် ရာ။ ဖြောင့်မတ်သောသူ၏အမြစ်မူကား မရွေ့ရာ။ သီလရှိသော မိန်းမသည် မိမိလင်၌ ဦးရစ်သရဖူ ဖြစ်၏။ အရှက်ခွဲတတ်သော မိန်းမမူကား၊ လင်၏အရိုး တို့၌ ဆွေးမြေ့ခြင်းကဲ့သို့ဖြစ်၏။ ဖြောင့်မတ်သော သူ၏အကြံသည် ဖြောင့်၏။ မတရားသော သူပေးသော အကြံမူကား မုသာဖြစ်၏။ မတရားသော သူ၏စကားသည် သူ့အသက်ကို သတ်ခြင်းငှါ စောင်းမြောင်းတတ်၏။ ဖြောင့်မတ်သော သူ၏နှုတ်မူကား၊ သူတပါးတို့ကို ကယ်နှုတ်တတ်၏။ မတရားသော သူ၏အိမ်သည် ပြိုလဲပျောက် ပျက်ခြင်း၊ ဖြောင့်မတ်သောသူ၏ အိမ်မူကား၊ အမြဲတည် ခြင်းရှိတတ်၏။ လူသည်ဥာဏ်ပညာရှိသည်အတိုင်း ချီးမွမ်းခြင်း ကိုခံရ၏။ သဘောကောက်သော သူမူကား၊ မထီမဲ့မြင် ပြုခြင်းကို ခံရ၏။ စားစရာမရှိဘဲ ဝါကြွားသောသူထက်၊ အသရေ မရှိ၊ ကိုယ်အလုပ်ကိုလုပ်ရသော သူသည်သာ၍ ကောင်း၏။ ဖြောင့်မတ်သောသူသည် မိမိတိရစ္ဆာန်အသက် ကို နှမြောတတ်၏။ မတရားသောသူမူကား၊ ကရုဏာ အရာ၌ပင် ကြမ်းကြုတ်တတ်၏။ မိမိလယ်ယာကို လုပ်သောသူသည် ဝစွာစားရ ၏။ အချည်းနှီးသောအမှုကို စောင့်သောသူမူကား၊ ဥာဏ်ချို့တဲ့၏။ မတရားသောသူသည် လူဆိုးသုံးတတ်သော ကျော့ကွင်းကို အလိုရှိ၏။ ဖြောင့်မတ်သော သူ၏အမြစ် မူကား၊ အသီးကိုသီးတတ်၏။ စကားလွန်ကျူးရာတွင် ဆိုးသောကျော့ကွင်း ရှိ၏။ ဖြောင့်မတ်သောသူမူကား၊ အမှုထဲက ထမြောက် တတ်၏။ လူသည်မိမိနှုတ်ခမ်းအသီးကို ဝစွာစားရ၏။ မိမိလက်လုပ်ရာ အကျိုးအပြစ်ကိုလည်း ခံရ၏။