YouVersion လိုဂို
ရှာရန် အိုင်ကွန်

နေဟမိ 2:1-17

နေဟမိ 2:1-17 Judson Bible (JBMLE)

အာ​တ​ဇေ​ရဇ်​မင်း​ကြီး နန်း​စံ​နှစ်​ဆယ်၊ နိ​သန်​လ​တွင် ရှေ့​တော်၌ တင်​သော​စ​ပျစ်​ရည်​ကို ငါ​ကိုင်၍ ဆက်​လေ၏။ အ​ထက်​က တစ်​ခါ​မျှ ရှေ့​တော်၌ ညှိုး​ငယ်​သော​မျက်​နှာ​ကို မ​ပြ​ဖူး​သည်​ဖြစ်၍၊ ရှင်​ဘု​ရင်​က၊ ကျန်း​မာ​လျက်​နှင့် အ​ဘယ်​ကြောင့် မျက်​နှာ​ညှိုး​ငယ်​သ​နည်း။ ဝမ်း​နည်း​ဟန် ရှိ​ပါ​သည်​တ​ကား​ဟု မိန့်​တော်​မူ​လျှင်၊ ငါ​သည် အ​လွန်​ကြောက်၍၊ ရှင်​ဘု​ရင် အ​သက်​တော် အ​စဉ်​အ​မြဲ​ရှင်​ပါ​စေ။ ကျွန်​တော်​ဘိုး​ဘေး သင်္ချိုင်း​ရှိ​ရာ​မြို့​သည် ပျက်​စီး​လျက်၊ မြို့​တံ​ခါး​လည်း မီး​လောင်၍ ကုန်​ပြီ​ဖြစ်​သော​ကြောင့်၊ ကျွန်​တော်​သည် မျက်​နှာ​မ​ညှိုး​ငယ်​ဘဲ အ​ဘယ်​သို့ နေ​နိုင်​ပါ​မည်​နည်း​ဟု လျှောက်​သော်၊ ရှင်​ဘု​ရင်​က၊ အ​ဘယ်​သို့ တောင်း​လျှောက်​ချင်​သ​နည်း​ဟု မေး​တော်​မူ၏။ ငါ​က​လည်း အ​ရှင်​မင်း​ကြီး အ​လို​တော်​ရှိ၍ ကျွန်​တော်​ကို စိတ်​နှင့်​တွေ့​တော်​မူ​လျှင်၊ ကျွန်​တော်​ဘိုး​ဘေး သင်္ချိုင်း​ရှိ​ရာ​မြို့​ကို ကျွန်​တော်​ပြု​စု​ရ​မည်​အ​ကြောင်း၊ ယု​ဒ​ပြည်​သို့ စေ​လွှတ်​တော်​မူ​ပါ​ဟု ကောင်း​ကင်​ဘုံ၏​အ​ရှင် ဘု​ရား​သ​ခင်​အား ဆု​တောင်း​ပြီး​မှ လျှောက်​လေ၏။ ထို​အ​ခါ မြောက်​သား​တော်​နှင့် ယှဉ်​ပြိုင်၍ ထိုင်​နေ​စဉ်၊ ရှင်​ဘု​ရင်​က၊ သင်​သွား​လျှင် အ​ဘယ်​မျှ​ကာ​လ ကြာ​လိမ့်​မည်​နည်း။ အ​ဘယ်​ကာ​လ​မှ ပြန်​လာ​မည်​နည်း​ဟု မေး​တော်​မူ​သော်၊ ကာ​လ​အ​ချိန်​ကို ငါ​လျှောက်​ထား​ပြီး​မှ၊ ရှင်​ဘု​ရင်​သည် အ​လို​တော်​ရှိ၍ ငါ့​ကို လွှတ်​လိုက်​တော်​မူ၏။ တစ်​ဖန်​တုံ၊ ရှင်​ဘု​ရင် အ​လို​တော်​ရှိ​လျှင်၊ မြစ်​အ​နောက်​ဘက်၌​ရှိ​သော မြို့​ဝန်​တို့​သည် ကျွန်​တော်​ကို​မ​ဆီး​မ​တား၊ ယေ​ရု​ရှ​လင်​မြို့​သို့ ပို့​ရ​မည်​အ​ကြောင်း၊ အ​မိန့်​တော်​စာ​ကို သ​နား​တော်​မူ​ပါ။ ဥ​ယျာဉ်​တော်​မှူး အာ​သပ်​သည် ဗိ​မာန်​တော်​ရဲ​တိုက်​တံ​ခါး​တိုင်​နှင့် တံ​ခါး​ထုပ်​ဖို့​လည်း​ကောင်း၊ မြို့​ရိုး​နှင့် ကျွန်​တော်​နေ​ရာ အိမ်​ဖို့​လည်း​ကောင်း၊ သစ်​ကို​ပေး​ရ​မည်​အ​ကြောင်း၊ အ​မိန့်​တော်​စာ​ကို​လည်း သ​နား​တော်​မူ​ပါ​ဟု တောင်း​လျှောက်​သည်​အ​တိုင်း၊ ငါ၏​ဘု​ရား​သ​ခင့် တန်​ခိုး​ကျေး​ဇူး​တော်​ကြောင့် ရှင်​ဘု​ရင်​သည် ပေး​သ​နား​တော်​မူ၏။ ထို​အ​ခါ မြစ်​အ​နောက်​ဘက် မြို့​ဝန်​တို့​ထံ​သို့ ငါ​ရောက်၍ ရှင်​ဘု​ရင်၏ အ​မိန့်​တော်​စာ​ကို ပြ၏။ ရှင်​ဘု​ရင်​သည်​လည်း တပ်​မှူး​နှင့် မြင်း​စီး​သူ​ရဲ​တို့​ကို ငါ​နှင့်​အ​တူ စေ​လွှတ်​တော်​မူ​သ​တည်း။ ဣ​သ​ရေ​လ​အ​မျိုး​သား​တို့၏ အ​ကျိုး​ကို ပြု​စု​ခြင်း​ငှာ၊ လူ​တစ်​ယောက်​လာ​ကြောင်း​ကို၊ ဟော​ရ​နိ​လူ သ​မ္ဘာ​လတ်​နှင့် ကျွန်​ခံ​သူ အ​မ္မုန်​အ​မျိုး​သား တော​ဘိ​တို့​သည် ကြား​သော်၊ အ​လွန်​နှ​လုံး​မ​သာ ရှိ​ကြ၏။ ငါ​သည်​လည်း၊ ယေ​ရု​ရှ​လင်​မြို့​သို့​ရောက်၍ သုံး​ရက်​နေ​ပြီး​မှ၊ ကိုယ်၌​ပါ​သော သူ​အ​ချို့​တို့​နှင့် တ​ကွ၊ ည​အ​ခါ​ထ၍ ယေ​ရု​ရှ​လင်​မြို့​အ​ဖို့ ပြု​ခြင်း​ငှာ၊ ငါ၏​ဘု​ရား​သ​ခင်​သည် ငါ့​အား အ​ဘယ်​သို့​သော အ​ကြံ​ပေး​တော်​မူ​သည်​ကို၊ အ​ခြား​သော သူ​တစ်​ယောက်​အား​မျှ မ​ပြော၊ ကိုယ်​စီး​သော မြင်း​မှ​တစ်​ပါး အ​ဘယ်​အ​ရာ​မျှ​မ​ပါ​ဘဲ၊ ည​အ​ခါ ချိုင့်​တံ​ခါး​ဖြင့်​ထွက်၍၊ န​ဂါး​ရေ​တွင်း​တစ်​ဖက်​တစ်​ချက်၊ နောက်​ချေး​တံ​ခါး​တိုင်​အောင် သွား​သ​ဖြင့်၊ ယေ​ရု​ရှ​လင်​မြို့​ရိုး​သည် ပြို​ပျက်​လျက်၊ မြို့​တံ​ခါး​လည်း မီး​လောင်၍ မ​ရှိ​သည်​ကို ကြည့်​ရှု​ပြီး​မှ၊ စမ်း​ရေ​တွင်း​တံ​ခါး​နှင့် ရှင်​ဘု​ရင်​ရေ​ကန်​တိုင်​အောင် လွန်​ပြန်၍၊ မြင်း​လမ်း​မ​ရှိ​သော​ကြောင့်၊ တစ်​ဖန် ထို​ည၌ ချောင်း​နား​တွင်​လျှောက်​သွား၍၊ မြို့​ရိုး​ကို ကြည့်​ရှု​ပြီး​မှ၊ ချိုင့်​တံ​ခါး​ဖြင့်​လှည့်၍ ဝင်​ပြန်​လေ၏။ အ​ဘယ်​အ​ရပ်​သို့​သွား​သည်၊ အ​ဘယ်​သို့​ပြု​သည်​ကို မင်း​တို့​သည် မ​သိ​ကြ။ ယု​ဒ​လူ၊ ယဇ်​ပု​ရော​ဟိတ်၊ မှူး​မတ်၊ မင်း​အ​ရာ​ရှိ၊ လုပ်​ဆောင်​သော​သူ တစ်​စုံ​တစ်​ယောက်​အား​မျှ ငါ​သည် ကိုယ်​အ​မှု​ကို​မ​ပြော​သေး။ နောက်​တစ်​ဖန်၊ ငါ​တို့​ခံ​ရ​သော​ဆင်း​ရဲ​ခြင်း၊ ယေ​ရု​ရှ​လင်​မြို့​ပျက်​စီး​ခြင်း၊ မြို့​တံ​ခါး​လည်း မီး​လောင်၍​ကုန်​ခြင်း​ကို သင်​တို့​သိ​မြင်​ကြ၏။ လာ​ကြ။ ကဲ့​ရဲ့​ခြင်း​နှင့် လွတ်​မည်​အ​ကြောင်း၊ ယေ​ရု​ရှ​လင်​မြို့​ရိုး​ကို တည်​ကြ​ကုန်​အံ့​ဟု သူ​တို့​အား​ဆို​လျက်၊

နေဟမိ 2:1-17 Common Language Bible (BCL)

လေး​လ​မျှ​ကုန်​လွန်​ပြီး​နောက်၊ တစ်​နေ့​သော အ​ခါ​၌​ဧ​က​ရာဇ်​မင်း​အာ​တ​ဇေ​ရဇ်​သည် ပွဲ​တော်​တည်​လျက်​နေ​စဉ် ငါ​သည်​သူ​၏​ထံ သို့​သွား​၍​စ​ပျစ်​ရည်​ကို​ဆက်​လေ​၏။ မင်း ကြီး​သည်​ယ​ခင်​အ​ဘယ်​အ​ခါ​၌​မျှ​ငါ ၏​မျက်​နှာ​ညှိုး​ငယ်​သည်​ကို​မ​တွေ့​မ​မြင် ဘူး​သ​ဖြင့်၊- ငါ့​အား``သင်​သည်​အ​ဘယ်​ကြောင့်​ဤ​မျှ မျက်​နှာ​ညှိုး​ငယ်​ပါ​သ​နည်း။ သင့်​မှာ​ဖျား နာ​မှု​လည်း​မ​ရှိ​သ​ဖြင့် သင်​သည်​စိတ် မ​ချမ်း​မ​သာ​ဖြစ်​၍​မျက်​နှာ​ညှိုး​ငယ် ခြင်း​ဖြစ်​ရ​မည်'' ဟု​ဆို​၏။ ဤ​သို့​မင်း​ကြီး​ဆို​သော​အ​ခါ​ငါ​သည် ထိတ်​လန့်​ပြီး​လျှင်၊- ``အ​ရှင်​မင်း​ကြီး​သည်​ထာ​ဝ​စဉ်​သက် တော်​ရှည်​ပါ​စေ​သော။ ကျွန်​တော်​မျိုး​၏ ဘိုး​ဘေး​များ​အား​သင်္ဂြိုဟ်​ရာ​မြို့​သည် ပျက်​စီး​ယို​ယွင်း​လျက်​မြို့​တံ​ခါး​များ သည်​လည်း​မီး​လောင်​ကျွမ်း​ကုန်​ပြီ​ဖြစ် သ​ဖြင့် ကျွန်​တော်​မျိုး​သည်​အ​ဘယ်​သို့ လျှင်​မျက်​နှာ​မ​ညှိုး​ငယ်​ဘဲ​နေ​နိုင်​ပါ မည်​နည်း'' ဟု​ပြန်​လည်​လျှောက်​ထား​၏။ ဧ​က​ရာဇ်​မင်း​က``အ​ဘယ်​အ​ရာ​ကို​တောင်း လို​ပါ​သ​နည်း'' ဟု​မေး​တော်​မူ​၏။ ငါ​သည်​ကောင်း​ကင်​ဘုံ​ရှင်​ဘု​ရား​သ​ခင် ထံ​တော်​သို့​ဆု​တောင်း​ပတ္ထ​နာ​ပြု​ပြီး​မှ၊- မင်း​ကြီး​အား``အ​ရှင်​မင်း​ကြီး၊ အ​ရှင်​သည် ကျွန်​တော်​မျိုး​အား​စိတ်​တော်​နှင့်​တွေ့​တော်​မူ ၍ ကျွန်​တော်​မျိုး​၏​ပန်​ကြား​ချက်​ကို​ခွင့်​ပြု ရန်​အ​လို​ရှိ​တော်​မူ​ပါ​လျှင်​ကျွန်​တော်​မျိုး အား​ယု​ဒ​ပြည်​သို့​သွား​ခွင့်​ပြု​တော်​မူ​ပါ။ ကျွန်​တော်​မျိုး​၏​ဘိုး​ဘေး​များ​အား​သင်္ဂြိုဟ် ရာ​မြို့​ကို​ပြန်​လည်​တည်​ဆောက်​ခွင့်​ပြု တော်​မူ​ပါ'' ဟု​လျှောက်​၏။ မိ​ဖု​ရား​နှင့်​ယှဉ်​တွဲ​၍​ထိုင်​လျက်​နေ​သော ဧ​က​ရာဇ်​မင်း​သည် ငါ​၏​လျှောက်​ထား ချက်​ကို​ခွင့်​ပြု​တော်​မူ​ပြီး​လျှင် ငါ့​အား``သင် သည်​အ​ဘယ်​မျှ​ကြာ​အောင်​သွား​လို​ပါ သ​နည်း။ အ​ဘယ်​အ​ခါ​၌​ပြန်​လာ​ပါ​မည် နည်း'' ဟု​မေး​တော်​မူ​၏။ ငါ​သည်​ပြန်​လာ မည့်​အ​ချိန်​ကို​လျှောက်​ထား​၏။ ထို​နောက်​ငါ​သည်​ယု​ဒ​ပြည်​သို့​ခ​ရီး​ပြု ရာ​တွင် လို​အပ်​သည့်​အ​ကူ​အ​ညီ​ပေး​ရန် အ​တွက်​ဥ​ဖ​ရတ်​မြစ်​ကြီး​အ​နောက်​ဘက် ပြည်​နယ်​ဘု​ရင်​ခံ​များ​ထံ​သို့​အ​မှာ​တော် စာ​ကို​လည်း​ကောင်း၊- ဗိ​မာန်​တော်​ရဲ​တိုက်​ဝင်း​တံ​ခါး​များ၊ မြို့​ရိုး များ​နှင့်​ငါ​၏​အိမ်​အ​တွက်​သစ်​ပေး​ရန်​ဘု​ရင့် သစ်​တော​ဝန်​အာ​သပ်​ထံ​သို့ အ​မှာ​တော်​စာ ကို​လည်း​ကောင်း​သ​နား​တော်​မူ​ရန်​ပန်​ကြား ၏။ ဘု​ရား​သ​ခင်​သည်​ငါ​နှင့်​အ​တူ​ရှိ​တော် မူ​သည်​ဖြစ်​၍ ဧ​က​ရာဇ်​မင်း​သည်​ငါ​တောင်း သ​မျှ​သော​အ​ရာ​တို့​ကို​ပေး​သ​နား​တော် မူ​ပေ​သည်။ မင်း​ကြီး​သည်​စစ်​အ​ရာ​ရှိ​အ​ချို့​နှင့်​မြင်း တပ်​ကို​ငါ​နှင့်​အ​တူ​စေ​လွှတ်​ပေး​တော်​မူ သ​ဖြင့် ငါ​သည်​ဥ​ဖ​ရတ်​မြစ်​ကြီး​အ​နောက် ဘက်​ပြည်​နယ်​သို့​ခ​ရီး​ပြု​ပြီး​လျှင် ထို အ​ရပ်​ရှိ​ဘု​ရင်​ခံ​တို့​အား​မင်း​ကြီး​၏ အ​မှာ​တော်​စာ​များ​ကို​ပေး​၏။- သို့​ရာ​တွင်​ဗေ​သ​ဟော​ရ​နိ​မြို့​သား​သမ္ဘာ လတ်​နှင့်​အမ္မုန်​ပြည်​နယ်​မှ​အ​ရာ​ရှိ​တော​ဘိ တို့​သည် ဣ​သ​ရေ​လ​အ​မျိုး​သား​တို့​အား အ​ကျိုး​ပြု​စု​ရန်​လူ​တစ်​ယောက်​ရောက်​ရှိ လာ​ကြောင်း​ကြား​သိ​ကြ​သော​အ​ခါ​လွန် စွာ​အ​မျက်​ထွက်​ကြ​၏။ ငါ​သည်​ယေ​ရု​ရှ​လင်​မြို့​သို့​ဆက်​လက် သွား​ရောက်​ကာ ထို​မြို့​တွင်​သုံး​ရက်​မျှ​နေ​၏။- သို့​ရာ​တွင်​ယေ​ရု​ရှ​လင်​မြို့​အ​တွက်​မည်​သို့ ဆောင်​ရွက်​ရ​မည်​ကို ငါ့​အား​ထာ​ဝ​ရ​ဘု​ရား နှိုး​ဆော်​တော်​မူ​ကြောင်း​ကို​မူ အ​ဘယ်​သူ​ကို မျှ​ငါ​မ​ပြော​ဘဲ​သန်း​ခေါင်း​ယံ​အ​ချိန်​၌ ထ​၍​အ​ဖော်​အ​ချို့​ကို​ခေါ်​ပြီး​လျှင်​မြို့ ထဲ​မှ​ထွက်​လာ​ခဲ့​၏။ ငါ​တို့​သည်​ငါ​စီး သည့်​မြည်း​မှ​တစ်​ပါး​အ​ခြား​တိ​ရစ္ဆာန် မ​ပါ။- ငါ​တို့​သည်​အ​နောက်​ဘက်​ရှိ​ချိုင့်​တံ​ခါး မှ​ထွက်​၍ တောင်​ဘက်​န​ဂါး​စမ်း​တွင်း​ကို​ဖြတ် ကာ​အ​မှိုက်​ပုံ​တံ​ခါး​တိုင်​အောင်​လျှောက်​သွား ကြ​၏။ ထို​အ​ခါ​၌​မိုး​မ​လင်း​သေး​ပေ။ ငါ သည်​ဤ​သို့​သွား​ရောက်​လျက်​ပြို​ကျ​နေ​သော မြို့​ရိုး​များ​နှင့်​မီး​လောင်​ပျက်​စီး​သွား​သည့် မြို့​တံ​ခါး​များ​ကို​စစ်​ဆေး​ကြည့်​ရှု​၏။- ထို​နောက်​မြို့​၏​အ​ရှေ့​ဘက်​မှ​နေ​၍​စမ်း​ရေ တွင်း​တံ​ခါး​နှင့် ဘု​ရင့်​ရေ​ကန်​ရှိ​ရာ​မြောက် ဘက်​သို့​သွား​၏။ ငါ​စီး​သည့်​မြည်း​သည် ကျောက်​အုတ်​ကျိုး​များ​အ​ကြား​တွင်​လမ်း ရှာ​၍​မ​ရ​သ​ဖြင့်၊- ငါ​သည်​ကေ​ဒြုန်​ချိုင့်​ဝှမ်း​ထဲ​သို့​ဆင်း​၍ မြည်း​စီး​ပြီး​လျှင်​မြို့​ရိုး​ကို​စစ်​ဆေး ကြည့်​ရှု​၏။ ထို​နောက်​လာ​လမ်း​အ​တိုင်း ပြန်​ပြီး​လျှင်​ချိုင့်​ဝှမ်း​တံ​ခါး​မှ​နေ​၍ မြို့​ထဲ​သို့​ဝင်​၏။ အ​ဘယ်​အ​ရပ်​သို့​ငါ​သွား​ရောက်​ခဲ့​သည်၊ အ​ဘယ်​အ​မှု​ကို​ပြု​ခဲ့​သည်​တို့​ကို​မြို့​ထဲ မှာ​အ​ဘယ်​အ​ရာ​ရှိ​မျှ​မ​သိ​ချေ။ ယ​နေ့ တိုင်​အောင်​ငါ​သည်​ဤ​အမှု​ကိစ္စ​အ​ကြောင်း ကို​မျှ​ယု​ဒ​အ​မျိုး​သား​များ​ဖြစ်​ကြ သော​ယဇ်​ပု​ရော​ဟိတ်​များ၊ ခေါင်း​ဆောင်​များ၊ အ​ရာ​ရှိ​များ၊ ငါ​၏​အ​လုပ်​တွင်​ပါ​ဝင် ဆောင်​ရွက်​ကြ​မည့်​အ​ခြား​သူ​များ​အား ပြော​မ​ပြ​ရ​သေး။- သို့​ရာ​တွင်​ယ​ခု​ငါ​သည်​သူ​တို့​အား``ယေ​ရု ရှ​လင်​မြို့​သည်​ယို​ယွင်း​ပျက်​စီး​လျက်​မြို့​ရိုး များ​သည်​လည်း​ပြို​ကျ​လျက်​နေ​သ​ဖြင့် ငါ တို့​အ​ဘယ်​သို့​ဒုက္ခ​ရောက်​နေ​သည်​ကို​သင် တို့​သိ​ကြ​၏။ ငါ​တို့​ဆက်​လက်​၍​အ​ရှက်​ကွဲ ခြင်း​မ​ခံ​ရ​စေ​ရန်​မြို့​ရိုး​တို့​ကို​ပြန်​လည် ပြု​ပြင်​ကြ​ကုန်​အံ့'' ဟု​ပြော​ဆို​ပြီး​လျှင်၊

နေဟမိ 2:1-17 မြန်​​​မာ့​​​စံ​​​မီ​​​သမ္မာ​​​ကျမ်း​​ (MSBU)

အာတဇေရဇ်​မင်းကြီး နန်းစံ​အနှစ်​နှစ်ဆယ်​မြောက်​၊ နိသန်​လ​တွင် ရှေ့​တော်​၌ ရှိ​သော စပျစ်ဝိုင်​ကို ငါ​သည် ယူ​၍ ရှင်ဘုရင်​ထံ ဆက်သ​၏​။ ထိုစဉ် ငါ​သည် ယခင်​က မဖြစ်စဖူး မျက်နှာ​ညှိုးငယ်​လျက်​ရှိ​၏​။ ထိုအခါ ရှင်ဘုရင်​က “​သင်​ကျန်းမာ​ပါ​လျက်​နှင့် အဘယ်ကြောင့် မျက်နှာ​ညှိုးငယ်​နေ​ရ​သနည်း​။ ဝမ်းနည်းစရာ​အကြောင်း ရှိ​နေ​သည်​မ​ဟုတ်​လော​”​ဟု ငါ့​အား မေး​တော်မူ​လျှင် ငါ​သည် အလွန်​ကြောက်ရွံ့​လျက် မင်းကြီး​အား “​အရှင်မင်းကြီး သက်တော်ရှည်​ပါစေ​။ အကျွန်ုပ်​ဘိုးဘေး​တို့​၏​သင်္ချိုင်းမြေ​ရှိ​ရာ​မြို့​သည် ပျက်စီး​၍ မြို့​တံခါး​များ မီး​လောင်ကျွမ်း​သွား​သောကြောင့် အကျွန်ုပ် မျက်နှာ​မ​ညှိုး​ဘဲ နေ​နိုင်​ပါ​မည်လော​”​ဟု ပြန်လျှောက်​၏​။ ထိုအခါ ရှင်ဘုရင်​က “​သင်​မည်သို့​ပြု​လို​သနည်း​”​ဟု ငါ့​အား မေး​တော်မူ​လျှင် ငါ​သည် ကောင်းကင်ဘုံရှင်​ဘုရားသခင်​ထံ ဆုတောင်း​၏​။ ထို့နောက် ရှင်ဘုရင်​အား “​အရှင်မင်းကြီး အလို​တော်​ရှိ​၍ အရှင့်​အစေအပါး​အား မျက်နှာသာ​ပေး​မည်​ဆိုလျှင် အကျွန်ုပ်​တို့​ဘိုးဘေး​၏​သင်္ချိုင်းမြေ​ရှိ​ရာ​မြို့​ကို ပြန်လည်​တည်ဆောက်​ရန် ယုဒ​ပြည်​သို့ ပြန်ခွင့်​ပေး​တော်မူ​ပါ​”​ဟု လျှောက်ဆို​၏​။ ထိုအခါ မိဖုရား​နှင့်အတူ​ထိုင်​နေ​သော​ရှင်ဘုရင်​က “​သင့်​ခရီးစဉ် မည်မျှ​ကြာ​မည်နည်း​။ မည်သည့်​အချိန်​၌ ပြန်လာ​မည်နည်း​”​ဟု ငါ့​အား မေးမြန်း​လျှင် ငါ​သည် ကြာ​မည့်​အချိန်​ကို ပြောပြ​ရာ မင်းကြီး​က သဘောတူ​သဖြင့် ငါ့​ကို ပြန်ခွင့်​ပြု​၏​။ ထို့ပြင် ရှင်ဘုရင်​အား “​အရှင်မင်းကြီး အလို​တော်​ရှိ​လျှင် ယုဒ​ပြည်​သို့​ပြန်သွား​ရာ​တွင် ယူဖရေးတီး​မြစ်​အနောက်ဘက်ကမ်း​ကို​ဖြတ်သန်း​ခွင့်​ပြု​ရန် ထို​ဒေသ​၏​ဘုရင်ခံ​တို့​ထံ အမိန့်စာ​ကို ပါးလိုက်​တော်မူ​ပါ​။ ထို့ပြင် အိမ်​တော်​နား​ရှိ ရဲတိုက်​တံခါး​များ​၊ မြို့​တံတိုင်း​နှင့် အကျွန်ုပ်​နေ​ဖို့​အိမ်​တို့​ကို ဆောက်လုပ်​ရန် သစ်​များ​ကို​ပေး​မည့်​အကြောင်း အရှင်မင်းကြီး​၏​သစ်တောဝန်​အာသပ်​ထံ အမိန့်စာ​ကို ပါးလိုက်​တော်မူ​ပါ​”​ဟု တောင်းလျှောက်​ရာ ဘုရားသခင်​သည် ငါ​နှင့်အတူ​ရှိ​၍ ကျေးဇူး​ပြု​တော်မူ​သောကြောင့် ရှင်ဘုရင်​သည် ငါ​တောင်းဆို​သည့်​အတိုင်း ပြု​ပေး​၏​။ ငါ​သည် ယူဖရေးတီး​မြစ်​အနောက်ဘက်ကမ်း​ရှိ ဘုရင်ခံ​တို့​ထံသို့​ရောက်​သောအခါ ရှင်ဘုရင်​၏​အမိန့်စာ​ကို သူ​တို့​အား ပေး​၏​။ ရှင်ဘုရင်​သည် ငါ​နှင့်အတူ စစ်သူကြီး​များ​၊ မြင်းစီးသူရဲ​များ​ကို​လည်း စေလွှတ်​ပေး​ခဲ့​၏​။ အစ္စရေး​အမျိုးသား​တို့​၏​ကောင်းကျိုး​ကို ပြုစု​ပေး​မည့်​သူ​တစ်ဦး ရောက်လာ​ကြောင်း ဟောရနိ​လူမျိုး သမ္ဘာလတ်​နှင့် အမ္မုန်​လူမျိုး အမှုထမ်း​တောဘိ​တို့ ကြားသိ​လျှင် အကြီးအကျယ်​စိတ်အနှောင့်အယှက်​ဖြစ်​လေ​၏​။ ငါ​သည် ဂျေရုဆလင်​မြို့​သို့​ရောက်​၍ ထို​မြို့​၌ သုံး​ရက်​နေ​ပြီးမှ ငါ​၏​ဘုရားသခင် ငါ့​အား​ဖွင့်ပြ​ပေး​သော ဂျေရုဆလင်​မြို့​နှင့်​ဆိုင်​သည့် လုပ်ဆောင်​ရ​မည့်​အရာ​ကို မည်သူ့​ကို​မျှ​မ​ပြော​၊ ငါ​နှင့်​ပါလာ​သော​လူ​အချို့​တို့​နှင့် ညအချိန်​တွင်​ထ​၍ ငါ​စီးလာ​သော​မြင်း​မှတစ်ပါး အခြား​တိရစ္ဆာန်​တစ်​ကောင်​မျှ​မ​ပါ​ဘဲ ထို​ညအချိန်​တွင်​ပင် ချိုင့်ဝှမ်းလွင်ပြင်​တံခါး​မှ​ထွက်​၍ မြွေနဂါး​ရေတွင်း​နှင့်​မျက်နှာချင်းဆိုင် နောက်ချေးပုံ​တံခါး​သို့​သွား​ပြီး ပြိုပျက်​သွား​သော​ဂျေရုဆလင်​မြို့ရိုး​နှင့် မီး​လောင်ကျွမ်း​သွား​သော​တံခါး​များ​ကို ကြည့်ရှု​စစ်ဆေး​၏​။ ထို့နောက် စမ်းရေတွင်း​တံခါး​နှင့် ဘုရင့်​ရေကန်​ဘက်​သို့ သွား​ရာ ငါ​စီးလာ​သော​မြင်း​သွား​ဖို့​ရာ လမ်း​မ​ရှိ​။ ထို့ကြောင့် ထို​ည​၌​ပင် ချောင်း​နား​သို့​သွား​၍ မြို့ရိုး​ကို ကြည့်ရှု​စစ်ဆေး​ပြီးလျှင် ပြန်လှည့်​လာ​ပြီး ချိုင့်ဝှမ်းလွင်ပြင်​တံခါး​မှ ပြန်​ဝင်လာ​ခဲ့​၏​။ ဂျူး​လူမျိုး​များ​၊ ယဇ်ပုရောဟိတ်​များ​၊ မှူးမတ်​များ​၊ မင်းအရာရှိ​များ​နှင့် အခြား​အလုပ်သမား​များ​ကို ဘာမျှ ငါ​မ​ပြောပြ​သေး​သဖြင့် မည်သည့်​နေရာ​သို့ ငါ​သွား​၍ မည်သည့်​အရာ​ပြု​သည်​ကို မင်းအရာရှိ​တို့​သည် မ​သိ​ကြ​ပေ​။ ထို့နောက်မှ ငါ​က “​ငါ​တို့​ခံရ​သော​ဒုက္ခ​ကို သင်​တို့​တွေ့​ပြီ​လော​။ ဂျေရုဆလင်​မြို့​လည်း ပျက်စီး​ပြီ​။ မြို့​တံခါး​များ​လည်း မီး​လောင်ကျွမ်း​ပြီ​။ လာ​ကြ​။ နောက်ထပ် ကဲ့ရဲ့ရှုတ်ချ​မ​ခံရ​အောင် ဂျေရုဆလင်​မြို့ရိုး​ကို ပြန်လည်​တည်ဆောက်​ကြ​စို့​”​ဟု သူ​တို့​အား ဆို​၏​။