အာတဇေရဇ်မင်းကြီး နန်းစံနှစ်ဆယ်၊ နိသန်လတွင် ရှေ့တော်၌ တင်သောစပျစ်ရည်ကို ငါကိုင်၍ ဆက်လေ၏။ အထက်က တစ်ခါမျှ ရှေ့တော်၌ ညှိုးငယ်သောမျက်နှာကို မပြဖူးသည်ဖြစ်၍၊ ရှင်ဘုရင်က၊ ကျန်းမာလျက်နှင့် အဘယ်ကြောင့် မျက်နှာညှိုးငယ်သနည်း။ ဝမ်းနည်းဟန် ရှိပါသည်တကားဟု မိန့်တော်မူလျှင်၊ ငါသည် အလွန်ကြောက်၍၊ ရှင်ဘုရင် အသက်တော် အစဉ်အမြဲရှင်ပါစေ။ ကျွန်တော်ဘိုးဘေး သင်္ချိုင်းရှိရာမြို့သည် ပျက်စီးလျက်၊ မြို့တံခါးလည်း မီးလောင်၍ ကုန်ပြီဖြစ်သောကြောင့်၊ ကျွန်တော်သည် မျက်နှာမညှိုးငယ်ဘဲ အဘယ်သို့ နေနိုင်ပါမည်နည်းဟု လျှောက်သော်၊ ရှင်ဘုရင်က၊ အဘယ်သို့ တောင်းလျှောက်ချင်သနည်းဟု မေးတော်မူ၏။ ငါကလည်း အရှင်မင်းကြီး အလိုတော်ရှိ၍ ကျွန်တော်ကို စိတ်နှင့်တွေ့တော်မူလျှင်၊ ကျွန်တော်ဘိုးဘေး သင်္ချိုင်းရှိရာမြို့ကို ကျွန်တော်ပြုစုရမည်အကြောင်း၊ ယုဒပြည်သို့ စေလွှတ်တော်မူပါဟု ကောင်းကင်ဘုံ၏အရှင် ဘုရားသခင်အား ဆုတောင်းပြီးမှ လျှောက်လေ၏။ ထိုအခါ မြောက်သားတော်နှင့် ယှဉ်ပြိုင်၍ ထိုင်နေစဉ်၊ ရှင်ဘုရင်က၊ သင်သွားလျှင် အဘယ်မျှကာလ ကြာလိမ့်မည်နည်း။ အဘယ်ကာလမှ ပြန်လာမည်နည်းဟု မေးတော်မူသော်၊ ကာလအချိန်ကို ငါလျှောက်ထားပြီးမှ၊ ရှင်ဘုရင်သည် အလိုတော်ရှိ၍ ငါ့ကို လွှတ်လိုက်တော်မူ၏။ တစ်ဖန်တုံ၊ ရှင်ဘုရင် အလိုတော်ရှိလျှင်၊ မြစ်အနောက်ဘက်၌ရှိသော မြို့ဝန်တို့သည် ကျွန်တော်ကိုမဆီးမတား၊ ယေရုရှလင်မြို့သို့ ပို့ရမည်အကြောင်း၊ အမိန့်တော်စာကို သနားတော်မူပါ။ ဥယျာဉ်တော်မှူး အာသပ်သည် ဗိမာန်တော်ရဲတိုက်တံခါးတိုင်နှင့် တံခါးထုပ်ဖို့လည်းကောင်း၊ မြို့ရိုးနှင့် ကျွန်တော်နေရာ အိမ်ဖို့လည်းကောင်း၊ သစ်ကိုပေးရမည်အကြောင်း၊ အမိန့်တော်စာကိုလည်း သနားတော်မူပါဟု တောင်းလျှောက်သည်အတိုင်း၊ ငါ၏ဘုရားသခင့် တန်ခိုးကျေးဇူးတော်ကြောင့် ရှင်ဘုရင်သည် ပေးသနားတော်မူ၏။ ထိုအခါ မြစ်အနောက်ဘက် မြို့ဝန်တို့ထံသို့ ငါရောက်၍ ရှင်ဘုရင်၏ အမိန့်တော်စာကို ပြ၏။ ရှင်ဘုရင်သည်လည်း တပ်မှူးနှင့် မြင်းစီးသူရဲတို့ကို ငါနှင့်အတူ စေလွှတ်တော်မူသတည်း။ ဣသရေလအမျိုးသားတို့၏ အကျိုးကို ပြုစုခြင်းငှာ၊ လူတစ်ယောက်လာကြောင်းကို၊ ဟောရနိလူ သမ္ဘာလတ်နှင့် ကျွန်ခံသူ အမ္မုန်အမျိုးသား တောဘိတို့သည် ကြားသော်၊ အလွန်နှလုံးမသာ ရှိကြ၏။ ငါသည်လည်း၊ ယေရုရှလင်မြို့သို့ရောက်၍ သုံးရက်နေပြီးမှ၊ ကိုယ်၌ပါသော သူအချို့တို့နှင့် တကွ၊ ညအခါထ၍ ယေရုရှလင်မြို့အဖို့ ပြုခြင်းငှာ၊ ငါ၏ဘုရားသခင်သည် ငါ့အား အဘယ်သို့သော အကြံပေးတော်မူသည်ကို၊ အခြားသော သူတစ်ယောက်အားမျှ မပြော၊ ကိုယ်စီးသော မြင်းမှတစ်ပါး အဘယ်အရာမျှမပါဘဲ၊ ညအခါ ချိုင့်တံခါးဖြင့်ထွက်၍၊ နဂါးရေတွင်းတစ်ဖက်တစ်ချက်၊ နောက်ချေးတံခါးတိုင်အောင် သွားသဖြင့်၊ ယေရုရှလင်မြို့ရိုးသည် ပြိုပျက်လျက်၊ မြို့တံခါးလည်း မီးလောင်၍ မရှိသည်ကို ကြည့်ရှုပြီးမှ၊ စမ်းရေတွင်းတံခါးနှင့် ရှင်ဘုရင်ရေကန်တိုင်အောင် လွန်ပြန်၍၊ မြင်းလမ်းမရှိသောကြောင့်၊ တစ်ဖန် ထိုည၌ ချောင်းနားတွင်လျှောက်သွား၍၊ မြို့ရိုးကို ကြည့်ရှုပြီးမှ၊ ချိုင့်တံခါးဖြင့်လှည့်၍ ဝင်ပြန်လေ၏။ အဘယ်အရပ်သို့သွားသည်၊ အဘယ်သို့ပြုသည်ကို မင်းတို့သည် မသိကြ။ ယုဒလူ၊ ယဇ်ပုရောဟိတ်၊ မှူးမတ်၊ မင်းအရာရှိ၊ လုပ်ဆောင်သောသူ တစ်စုံတစ်ယောက်အားမျှ ငါသည် ကိုယ်အမှုကိုမပြောသေး။ နောက်တစ်ဖန်၊ ငါတို့ခံရသောဆင်းရဲခြင်း၊ ယေရုရှလင်မြို့ပျက်စီးခြင်း၊ မြို့တံခါးလည်း မီးလောင်၍ကုန်ခြင်းကို သင်တို့သိမြင်ကြ၏။ လာကြ။ ကဲ့ရဲ့ခြင်းနှင့် လွတ်မည်အကြောင်း၊ ယေရုရှလင်မြို့ရိုးကို တည်ကြကုန်အံ့ဟု သူတို့အားဆိုလျက်၊
နေဟမိ 2 ကိုဖတ်ပါ။
မျှဝေရန်
ဗားရှင်းအားလုံးနှိုင်းယှဉ်ပါ: နေဟမိ 2:1-17
အခန်းငယ်များကို သိမ်းဆည်းပါ၊ လိုင်းမဲ့ဖတ်ပါ၊ သင်ကြားမှုအပိုင်းများကို ကြည့်ရှုခြင်းနှင့် အခြားအရာများ။
ပင်မစာမျက်နှာ
သမ္မာကျမ်းစာ
အစီအစဉ်များ
ဗီဒီယိုများ