YouVersion လိုဂို
ရှာရန် အိုင်ကွန်

နေဟမိမှတ်စာ 2:1-17

နေဟမိမှတ်စာ 2:1-17 MSBU

အာတဇေရဇ်​မင်းကြီး နန်းစံ​အနှစ်​နှစ်ဆယ်​မြောက်​၊ နိသန်​လ​တွင် ရှေ့​တော်​၌ ရှိ​သော စပျစ်ဝိုင်​ကို ငါ​သည် ယူ​၍ ရှင်ဘုရင်​ထံ ဆက်သ​၏​။ ထိုစဉ် ငါ​သည် ယခင်​က မဖြစ်စဖူး မျက်နှာ​ညှိုးငယ်​လျက်​ရှိ​၏​။ ထိုအခါ ရှင်ဘုရင်​က “​သင်​ကျန်းမာ​ပါ​လျက်​နှင့် အဘယ်ကြောင့် မျက်နှာ​ညှိုးငယ်​နေ​ရ​သနည်း​။ ဝမ်းနည်းစရာ​အကြောင်း ရှိ​နေ​သည်​မ​ဟုတ်​လော​”​ဟု ငါ့​အား မေး​တော်မူ​လျှင် ငါ​သည် အလွန်​ကြောက်ရွံ့​လျက် မင်းကြီး​အား “​အရှင်မင်းကြီး သက်တော်ရှည်​ပါစေ​။ အကျွန်ုပ်​ဘိုးဘေး​တို့​၏​သင်္ချိုင်းမြေ​ရှိ​ရာ​မြို့​သည် ပျက်စီး​၍ မြို့​တံခါး​များ မီး​လောင်ကျွမ်း​သွား​သောကြောင့် အကျွန်ုပ် မျက်နှာ​မ​ညှိုး​ဘဲ နေ​နိုင်​ပါ​မည်လော​”​ဟု ပြန်လျှောက်​၏​။ ထိုအခါ ရှင်ဘုရင်​က “​သင်​မည်သို့​ပြု​လို​သနည်း​”​ဟု ငါ့​အား မေး​တော်မူ​လျှင် ငါ​သည် ကောင်းကင်ဘုံရှင်​ဘုရားသခင်​ထံ ဆုတောင်း​၏​။ ထို့နောက် ရှင်ဘုရင်​အား “​အရှင်မင်းကြီး အလို​တော်​ရှိ​၍ အရှင့်​အစေအပါး​အား မျက်နှာသာ​ပေး​မည်​ဆိုလျှင် အကျွန်ုပ်​တို့​ဘိုးဘေး​၏​သင်္ချိုင်းမြေ​ရှိ​ရာ​မြို့​ကို ပြန်လည်​တည်ဆောက်​ရန် ယုဒ​ပြည်​သို့ ပြန်ခွင့်​ပေး​တော်မူ​ပါ​”​ဟု လျှောက်ဆို​၏​။ ထိုအခါ မိဖုရား​နှင့်အတူ​ထိုင်​နေ​သော​ရှင်ဘုရင်​က “​သင့်​ခရီးစဉ် မည်မျှ​ကြာ​မည်နည်း​။ မည်သည့်​အချိန်​၌ ပြန်လာ​မည်နည်း​”​ဟု ငါ့​အား မေးမြန်း​လျှင် ငါ​သည် ကြာ​မည့်​အချိန်​ကို ပြောပြ​ရာ မင်းကြီး​က သဘောတူ​သဖြင့် ငါ့​ကို ပြန်ခွင့်​ပြု​၏​။ ထို့ပြင် ရှင်ဘုရင်​အား “​အရှင်မင်းကြီး အလို​တော်​ရှိ​လျှင် ယုဒ​ပြည်​သို့​ပြန်သွား​ရာ​တွင် ယူဖရေးတီး​မြစ်​အနောက်ဘက်ကမ်း​ကို​ဖြတ်သန်း​ခွင့်​ပြု​ရန် ထို​ဒေသ​၏​ဘုရင်ခံ​တို့​ထံ အမိန့်စာ​ကို ပါးလိုက်​တော်မူ​ပါ​။ ထို့ပြင် အိမ်​တော်​နား​ရှိ ရဲတိုက်​တံခါး​များ​၊ မြို့​တံတိုင်း​နှင့် အကျွန်ုပ်​နေ​ဖို့​အိမ်​တို့​ကို ဆောက်လုပ်​ရန် သစ်​များ​ကို​ပေး​မည့်​အကြောင်း အရှင်မင်းကြီး​၏​သစ်တောဝန်​အာသပ်​ထံ အမိန့်စာ​ကို ပါးလိုက်​တော်မူ​ပါ​”​ဟု တောင်းလျှောက်​ရာ ဘုရားသခင်​သည် ငါ​နှင့်အတူ​ရှိ​၍ ကျေးဇူး​ပြု​တော်မူ​သောကြောင့် ရှင်ဘုရင်​သည် ငါ​တောင်းဆို​သည့်​အတိုင်း ပြု​ပေး​၏​။ ငါ​သည် ယူဖရေးတီး​မြစ်​အနောက်ဘက်ကမ်း​ရှိ ဘုရင်ခံ​တို့​ထံသို့​ရောက်​သောအခါ ရှင်ဘုရင်​၏​အမိန့်စာ​ကို သူ​တို့​အား ပေး​၏​။ ရှင်ဘုရင်​သည် ငါ​နှင့်အတူ စစ်သူကြီး​များ​၊ မြင်းစီးသူရဲ​များ​ကို​လည်း စေလွှတ်​ပေး​ခဲ့​၏​။ အစ္စရေး​အမျိုးသား​တို့​၏​ကောင်းကျိုး​ကို ပြုစု​ပေး​မည့်​သူ​တစ်ဦး ရောက်လာ​ကြောင်း ဟောရနိ​လူမျိုး သမ္ဘာလတ်​နှင့် အမ္မုန်​လူမျိုး အမှုထမ်း​တောဘိ​တို့ ကြားသိ​လျှင် အကြီးအကျယ်​စိတ်အနှောင့်အယှက်​ဖြစ်​လေ​၏​။ ငါ​သည် ဂျေရုဆလင်​မြို့​သို့​ရောက်​၍ ထို​မြို့​၌ သုံး​ရက်​နေ​ပြီးမှ ငါ​၏​ဘုရားသခင် ငါ့​အား​ဖွင့်ပြ​ပေး​သော ဂျေရုဆလင်​မြို့​နှင့်​ဆိုင်​သည့် လုပ်ဆောင်​ရ​မည့်​အရာ​ကို မည်သူ့​ကို​မျှ​မ​ပြော​၊ ငါ​နှင့်​ပါလာ​သော​လူ​အချို့​တို့​နှင့် ညအချိန်​တွင်​ထ​၍ ငါ​စီးလာ​သော​မြင်း​မှတစ်ပါး အခြား​တိရစ္ဆာန်​တစ်​ကောင်​မျှ​မ​ပါ​ဘဲ ထို​ညအချိန်​တွင်​ပင် ချိုင့်ဝှမ်းလွင်ပြင်​တံခါး​မှ​ထွက်​၍ မြွေနဂါး​ရေတွင်း​နှင့်​မျက်နှာချင်းဆိုင် နောက်ချေးပုံ​တံခါး​သို့​သွား​ပြီး ပြိုပျက်​သွား​သော​ဂျေရုဆလင်​မြို့ရိုး​နှင့် မီး​လောင်ကျွမ်း​သွား​သော​တံခါး​များ​ကို ကြည့်ရှု​စစ်ဆေး​၏​။ ထို့နောက် စမ်းရေတွင်း​တံခါး​နှင့် ဘုရင့်​ရေကန်​ဘက်​သို့ သွား​ရာ ငါ​စီးလာ​သော​မြင်း​သွား​ဖို့​ရာ လမ်း​မ​ရှိ​။ ထို့ကြောင့် ထို​ည​၌​ပင် ချောင်း​နား​သို့​သွား​၍ မြို့ရိုး​ကို ကြည့်ရှု​စစ်ဆေး​ပြီးလျှင် ပြန်လှည့်​လာ​ပြီး ချိုင့်ဝှမ်းလွင်ပြင်​တံခါး​မှ ပြန်​ဝင်လာ​ခဲ့​၏​။ ဂျူး​လူမျိုး​များ​၊ ယဇ်ပုရောဟိတ်​များ​၊ မှူးမတ်​များ​၊ မင်းအရာရှိ​များ​နှင့် အခြား​အလုပ်သမား​များ​ကို ဘာမျှ ငါ​မ​ပြောပြ​သေး​သဖြင့် မည်သည့်​နေရာ​သို့ ငါ​သွား​၍ မည်သည့်​အရာ​ပြု​သည်​ကို မင်းအရာရှိ​တို့​သည် မ​သိ​ကြ​ပေ​။ ထို့နောက်မှ ငါ​က “​ငါ​တို့​ခံရ​သော​ဒုက္ခ​ကို သင်​တို့​တွေ့​ပြီ​လော​။ ဂျေရုဆလင်​မြို့​လည်း ပျက်စီး​ပြီ​။ မြို့​တံခါး​များ​လည်း မီး​လောင်ကျွမ်း​ပြီ​။ လာ​ကြ​။ နောက်ထပ် ကဲ့ရဲ့ရှုတ်ချ​မ​ခံရ​အောင် ဂျေရုဆလင်​မြို့ရိုး​ကို ပြန်လည်​တည်ဆောက်​ကြ​စို့​”​ဟု သူ​တို့​အား ဆို​၏​။