ရှင်မာကု 3:20-35
ရှင်မာကု 3:20-35 Judson Bible (JBMLE)
ထိုသူတို့သည် အိမ်သို့ဝင်ကြလျှင်၊ အစာကို မစားနိုင်သည်တိုင်အောင် လူများတို့သည် တစ်ဖန် စုဝေးကြပြန်၏။- ကိုယ်တော်၏ အဆွေအမျိုးတို့သည်ကြားလျှင်၊ သူသည် အရူးဖြစ်၏ဟုဆို၍ ကိုယ်တော်ကို ဖမ်းဆီးခြင်းငှာ ထွက်သွားကြ၏။- ယေရုရှလင်မြို့မှလာသော ကျမ်းပြုဆရာတို့ကလည်း၊ သူသည် ဗေလဇေဗုလ စွဲသောသူဖြစ်၏။ နတ်ဆိုးမင်းကို အမှီပြု၍ နတ်ဆိုးတို့ကို နှင်ထုတ်သည်ဟု ဆိုကြ၏။- ကိုယ်တော်သည် သူတို့ကိုခေါ်၍ ဥပမာကို ဆောင်တော်မူလျက်၊ စာတန်သည် စာတန်ကို အဘယ်သို့ နှင်ထုတ်နိုင်သနည်း။- တိုင်းနိုင်ငံသည် မိမိနှင့် မသင့်မတင့် ကွဲပြားလျှင် မတည်နိုင်ရာ။- အိမ်သည်လည်း မိမိနှင့် မသင့်မတင့် ကွဲပြားလျှင် မတည်နိုင်ရာ။- စာတန်သည် မိမိတစ်ဖက်၌ ထ၍ မိမိနှင့် မသင့်မတင့်ကွဲပြားလျှင် မတည်နိုင်ဘဲ ဆုံးခြင်းသို့ ရောက်လိမ့်မည်။- သူရဲကို ရှေ့ဦးစွာ မချည်မနှောင်လျှင်၊ သူ၏အိမ်သို့ဝင်၍ သူ၏ဥစ္စာကို အဘယ်သူမျှ မလုမယူနိုင်။ သူရဲကို ချည်နှောင်ပြီးမှ သူ၏အိမ်ကို လုယူနိုင်၏။- ငါအမှန်ဆိုသည်ကား၊ ပြစ်မှားသောအပြစ် အမျိုးမျိုး၊ ဘုရားကို ကဲ့ရဲ့သောအပြစ်အမျိုးမျိုး ရှိသမျှတို့နှင့် လွတ်စေခြင်းအခွင့်ကို လူသားတို့သည် ရနိုင်ကြ၏။- သန့်ရှင်းသောဝိညာဉ်တော်ကို ကဲ့ရဲ့သောသူသည် အပြစ်လွတ်စေခြင်းအခွင့်ကို အဘယ်ကာလ၌မျှ မရနိုင်ကြ။ ထာဝရအပြစ်ဒဏ်ကို ခံရသောသူဖြစ်ပေ၏ဟု မိန့်တော်မူ၏။- အဘယ်ကြောင့် ဤသို့ မိန့်တော်မူသနည်းဟူမူကား၊ ကိုယ်တော်သည် ညစ်ညူးသောနတ်စွဲသောသူ ဖြစ်သည်ဟု ဆိုကြသတည်း။ ထိုအခါ မယ်တော်နှင့် ညီတော်တို့သည် လာ၍ ပြင်မှာရပ်နေလျက်၊ တစ်စုံတစ်ယောက်သောသူကို ကိုယ်တော်ထံသို့ စေလွှတ်၍ ခေါ်ကြ၏။- ခြံရံလျက် ထိုင်သောသူများတို့က၊ မယ်တော်နှင့် ညီတော်တို့သည် ကိုယ်တော်ကိုရှာလျက် ပြင်မှာရှိကြပါ၏ဟု လျှောက်လျှင်၊- ကိုယ်တော်က၊ ငါ့အမိ၊ ငါ့ညီကား အဘယ်သူနည်းဟု မေးတော်မူ၍၊- ခြံရံလျက်ထိုင်သောသူတို့ကို ပတ်လည်ကြည့်ရှု၍၊ ဤသူတို့သည် ငါ့အမိ၊ ငါ့ညီပေတည်း။- ဘုရားသခင်၏အလိုတော်ကို ဆောင်သောသူသည် ငါ့ညီ၊ ငါ့နှမ၊ ငါ့အမိဖြစ်သတည်းဟု မိန့်တော်မူ၏။
ရှင်မာကု 3:20-35 Common Language Bible (BCL)
ထိုနောက်ကိုယ်တော်သည်အိမ်သို့ပြန်တော်မူ၏။ လူ တို့သည်စုရုံးလာကြပြန်သည်။ ထို့ကြောင့်ကိုယ်တော် နှင့်တပည့်တော်တို့မှာအစားအစာသုံးဆောင်ရန် ပင်အခွင့်မရကြ။- လူအချို့တို့က ``ကိုယ်တော်သည်စိတ်ဖောက်ပြန် သွားပြီ'' ဟုပြောဆိုနေကြ၏။ ဤအကြောင်းကို ကိုယ်တော်၏မိသားစုတို့ကြားကြလျှင် ကိုယ်တော် ကိုစောင့်ရှောက်ရန်အထံတော်သို့လိုက်လာကြ၏။ ယေရုရှလင်မြို့မှရောက်လာကြသောကျမ်းတတ် ဆရာများက ``ကိုယ်တော်သည်ဗေလဇေဗုလ နတ်မိစ္ဆာစွဲကပ်သူဖြစ်သည်။ ထိုနတ်မိစ္ဆာဘုရင် ကိုအမှီပြု၍ နတ်မိစ္ဆာများကိုနှင်ထုတ်သည်'' ဟု ဆိုကြ၏။ ကိုယ်တော်သည်သူတို့ကိုခေါ်တော်မူပြီးလျှင် ပုံဥပမာဆောင်၍ ``စာတန်သည်အဘယ်သို့ လျှင် မိမိကိုယ်ကိုမိမိနှင်ထုတ်နိုင်မည်နည်း။- လူတို့စိတ်ဝမ်းကွဲပြားလျက်နေသောနိုင်ငံ သည်မရပ်မတည်နိုင်ရာ။- အိမ်သူအိမ်သားတို့စိတ်ဝမ်းကွဲပြားလျက်နေ သောအိမ်ထောင်သည်ရပ်တည်နိုင်မည်မဟုတ်။- ထိုနည်းတူစွာစာတန်သည်မိမိကိုယ်ကို ရန်ဖက်ပြု၍ကွဲပြားလျှင် သူသည်လည်း မရပ်မတည်နိုင်ရာ၊ ပျက်စီးရမည်သာဖြစ်၏။ ခွန်အားကြီးသူကိုဦးစွာမချည်မနှောင်ဘဲသူ ၏အိမ်သို့ဝင်၍ ဥစ္စာပစ္စည်းများကိုမည်သူမျှမလု မယူနိုင်။ ချည်နှောင်ပြီးမှသာလုယူနိုင်ပေမည်။ ``အမှန်အကန်သင်တို့အားငါဆိုသည်ကားလူ တို့သည် မိမိတို့လွန်ကူးသောအပြစ်ရှိသမျှ အတွက်လည်းကောင်း၊ ဘုရားသခင်ကိုပြစ်မှား သောစကားဟူသမျှအတွက်လည်းကောင်း အပြစ် လွတ်ငြိမ်းနိုင်ခွင့်ရှိသည်။- သို့ရာတွင်သန့်ရှင်းသောဝိညာဉ်တော်ကိုပြစ်မှား သောသူမူကား အပြစ်လွတ်ငြိမ်းခွင့်ရနိုင်လိမ့်မည် မဟုတ်။ သူသည်ထာဝရအပြစ်ကိုကူးသူဖြစ်၏'' ဟုမိန့်တော်မူ၏။- (ဤသို့ကိုယ်တော်မိန့်တော်မူရခြင်းအကြောင်း မှာလူအချို့တို့က ကိုယ်တော်အားညစ်ညမ်း သောနတ်စွဲကပ်သူဟုစွပ်စွဲကြသောကြောင့် ဖြစ်၏။) ကိုယ်တော်၏မယ်တော်နှင့်ညီတော်တို့သည်ရောက် လာကြ၏။ အိမ်ပြင်တွင်ရပ်၍ကိုယ်တော်ကို အခေါ်ခိုင်းကြ၏။- လူပရိသတ်တို့သည်ကိုယ်တော်ကိုခြံရံလျက် ထိုင်နေကြ၏။ သူတို့က ``ကိုယ်တော်ရှင်၏မယ်တော်၊ ညီတော်များနှင့်ညီမများအိမ်အပြင်တွင်ရောက် ရှိနေကြပါသည်။ ကိုယ်တော်ရှင်ကိုရှာလျက်နေ ကြပါသည်'' ဟုလျှောက်ကြ၏။ ကိုယ်တော်က ``ငါ့အမိ၊ ငါ့ညီများကားအဘယ် သူများနည်း'' ဟုပြန်၍မိန့်တော်မူ၏။- ထိုနောက်မိမိပတ်လည်တွင်ထိုင်နေသူများကို ကြည့်တော်မူလျက် ``ငါ့အမိ၊ ငါ့ညီများကား ဤသူတို့တည်း။- ဘုရားသခင်၏အလိုတော်အတိုင်းဆောင်ရွက် သူမှန်သမျှသည် ငါ့ညီ၊ ငါ့နှမ၊ ငါ့အမိတို့ ပေတည်း'' ဟုမိန့်တော်မူ၏။
ရှင်မာကု 3:20-35 မြန်မာ့စံမီသမ္မာကျမ်း (MSBU)
ထို့နောက် ကိုယ်တော်သည် အိမ်ထဲသို့ကြွတော်မူရာ လူထုပရိသတ်သည် တစ်ဖန်စုဝေးလာကြသဖြင့် သူတို့သည် အစာကိုပင်မသုံးဆောင်နိုင်ကြပေ။ ကိုယ်တော်၏ဆွေမျိုးသားချင်းတို့သည်ကြားလျှင် ကိုယ်တော်ကိုထိန်းချုပ်ရန် ထွက်လာကြ၏။ အကြောင်းမှာ “သူသည် စိတ်ဖောက်ပြန်နေပြီ”ဟု လူတို့ပြောဆိုနေကြသောကြောင့်ဖြစ်၏။ ဂျေရုဆလင်မြို့မှဆင်းလာသော ကျမ်းပြုဆရာတို့ကလည်း “သူ့ကို ဗေလဇေဗုလနတ်ပူးနေသည်”ဟူ၍လည်းကောင်း၊ “သူသည် နတ်ဆိုးတို့၏အကြီးအကဲကိုအမှီပြုလျက် နတ်ဆိုးတို့ကိုနှင်ထုတ်သည်”ဟူ၍လည်းကောင်း ပြောဆိုကြ၏။ ထိုအခါ ကိုယ်တော်သည် သူတို့ကိုခေါ်၍ ပုံဥပမာများဖြင့် မြွက်ဆိုတော်မူသည်မှာ“စာတန်သည် စာတန်ကို မည်ကဲ့သို့နှင်ထုတ်နိုင်မည်နည်း။ နိုင်ငံတစ်နိုင်ငံသည်လည်း မိမိအတွင်း၌ ဆန့်ကျင်ကွဲပြားနေလျှင် ထိုနိုင်ငံသည် မတည်မြဲနိုင်ရာ။ အိမ်ထောင်စုတစ်စုသည်လည်း မိမိအတွင်း၌ ဆန့်ကျင်ကွဲပြားနေလျှင် ထိုအိမ်ထောင်စုသည် မတည်မြဲနိုင်ရာ။ ထိုနည်းတူ စာတန်သည်လည်း မိမိအတွင်း၌ ဆန့်ကျင်ပုန်ကန်လျက် ကွဲပြားနေလျှင် သူသည်မတည်မြဲနိုင်ဘဲ ဆုံးခန်းသို့ရောက်လိမ့်မည်။ ခွန်အားကြီးသောသူကို ဦးစွာမချည်နှောင်လျှင် မည်သူမျှ သူ့အိမ်သို့ဝင်၍ သူ၏ဥစ္စာပစ္စည်းများကို မလုယူနိုင်။ ချည်နှောင်ပြီးမှသာ သူ၏အိမ်ကို ဖောက်ထွင်းလုယူနိုင်လိမ့်မည်။ သင်တို့အား ငါအမှန်ဆိုသည်ကား လူသားတို့သည် သူတို့၏အပြစ်များနှင့် ဘုရားသခင်ကိုစော်ကားပြောဆိုသမျှသော စကားအားလုံးအတွက် ခွင့်လွှတ်ခြင်းခံရလိမ့်မည်။ သို့သော် မည်သူမဆို သန့်ရှင်းသောဝိညာဉ်တော်ကို စော်ကားပြောဆိုလျှင် ထိုသူသည် ကာလအစဉ်အဆက် အပြစ်ခွင့်လွှတ်ခြင်းကျေးဇူးကိုမရရှိဘဲ ထာဝရအပြစ်သင့်သောသူဖြစ်၏”ဟု မိန့်တော်မူ၏။ ဤသို့မိန့်တော်မူခြင်းမှာ သူတို့က “ကိုယ်တော်ကို ညစ်ညူးသောနတ်ပူးနေသည်”ဟု ပြောဆိုကြသောကြောင့်ဖြစ်၏။ ထိုအခါ ကိုယ်တော်၏မယ်တော်နှင့်ညီတော်တို့သည် ရောက်လာပြီး အပြင်၌ရပ်လျက် လူလွှတ်၍ ကိုယ်တော်ကိုခေါ်ကြ၏။ လူထုပရိသတ်တို့သည် ကိုယ်တော်၏ပတ်လည်၌ ထိုင်နေကြ၍ ကိုယ်တော်အား “ကိုယ်တော်၏မယ်တော်၊ ညီတော်နှင့် နှမတော်တို့သည် ကိုယ်တော်ကိုရှာလျက် အပြင်၌ရှိကြပါသည်”ဟု လျှောက်ကြ၏။ ကိုယ်တော်ကလည်း“မည်သူသည် ငါ့အမိနှင့်ငါ့ညီများဖြစ်သနည်း”ဟု သူတို့အား ပြန်၍မိန့်တော်မူ၏။ ထို့နောက် မိမိပတ်လည်၌ ဝိုင်းရံလျက်ထိုင်နေသောသူများကို ပတ်ပတ်လည်ကြည့်ရှုတော်မူ၍“ကြည့်ရှုလော့။ ဤသူတို့သည် ငါ့အမိနှင့်ငါ့ညီများပေတည်း။ အကြောင်းမူကား ဘုရားသခင်၏အလိုတော်ကိုဆောင်ရွက်သောသူသည် ငါ့ညီ၊ ငါ့နှမ၊ ငါ့အမိ ဖြစ်၏”ဟု မိန့်တော်မူ၏။