YouVersion လိုဂို
ရှာရန် အိုင်ကွန်

ရှင်မာကုခရစ်ဝင် 3

3
လက်တစ်ဖက်သေသောသူကို အကောင်းပကတိဖြစ်စေခြင်း
1ကိုယ်တော်​သည် ဝတ်ပြု​စည်းဝေး​ကျောင်း​ထဲသို့ တစ်ဖန်​ဝင်​တော်မူ​ရာ ထို​နေရာ​၌ လက်​တစ်ဖက်​သေ​သော​သူ​တစ်​ဦး​ရှိ​၏။ 2လူ​တို့​သည် ကိုယ်တော်​ကို​စွပ်စွဲ​နိုင်​ရန်​အတွက် ဥပုသ်နေ့​၌ ထို​သူ​အား အကောင်းပကတိ​ဖြစ်​စေ​မည်​၊ မ​ဖြစ်​စေ​မည်​ကို စောင့်ကြည့်​နေ​ကြ​၏။ 3ကိုယ်တော်​က​လည်း လက်​တစ်​ဖက်​သေ​သော​သူ​အား“အားလုံး​ရှေ့၌​မတ်တတ်ရပ်​လော့”​ဟု မိန့်​တော်မူ​၏။ 4ထို့နောက် လူ​တို့​အား“တရား​တော်​အရ ဥပုသ်နေ့​၌ ကောင်း​သော​အမှု​ကို​ပြု​အပ်​သလော​၊ သို့မဟုတ် ဆိုး​သော​အမှု​ကို​ပြု​အပ်​သလော။ အသက်​ကို​ကယ်​အပ်​သလော​၊ သို့မဟုတ် သတ်​အပ်​သလော”​ဟု မေး​တော်မူ​၏။ သို့သော် သူ​တို့​သည် တိတ်ဆိတ်​စွာ​နေ​ကြ​၏။
5ထိုအခါ ကိုယ်တော်​သည် အမျက်​တော်​ဖြင့် ပတ်ပတ်လည်​သို့​ကြည့်ရှု​တော်မူ​ပြီး သူ​တို့​၏​စိတ်နှလုံး​မာကျော​မှု​အတွက် အလွန်​ဝမ်းနည်း​၍ လက်​တစ်ဖက်​သေ​သော​သူ​အား“သင်​၏​လက်​ကို​ဆန့်​လော့”​ဟု မိန့်​တော်မူ​၏။ သူ​သည်​လည်း လက်​ကို​ဆန့်​လိုက်​ရာ သူ​၏​လက်​သည် အကောင်း​ပကတိ​ဖြစ်​လေ​၏။ 6ထိုအခါ ဖာရိရှဲ​တို့​သည်​ထွက်သွား​၍ ကိုယ်တော်​ကို​လုပ်ကြံ​နိုင်​မည့်​အကြောင်း ဟေရုဒ်​၏​လူ​များ​နှင့် ချက်ချင်း​တိုင်ပင်​ဆွေးနွေး​ကြ​၏။
လူအုပ်ကြီးထံအမှုတော်ဆောင်ခြင်း
7ထို့နောက် ယေရှု​သည် တပည့်​တော်​တို့​နှင့်အတူ ပင်လယ်​ဘက်​သို့​ထွက်ခွာ​သွား​တော်မူ​ရာ ဂါလိလဲ​နယ်​မှ လူ​အမြောက်အမြား​တို့​သည် လိုက်​လာ​ကြ​၏။ ထို့ပြင် ယုဒ​နယ်၊ 8ဂျေရုဆလင်​မြို့၊ ဣဒုမဲ​နယ်၊ ဂျော်ဒန်​မြစ်​တစ်ဖက်ကမ်း​မှစ၍ တိုင်ရာ​မြို့​နှင့်​ဆီဒုန်​မြို့​ပတ်ဝန်းကျင်​မှ လူ​အမြောက်အမြား​တို့​သည် ကိုယ်တော်​ပြု​တော်မူ​သမျှ​တို့​ကို​ကြား​သဖြင့် အထံ​တော်​သို့​လာ​ကြ​၏။ 9လူထု​ပရိသတ်​များ​ရှိ​နေ​သောကြောင့် ကိုယ်တော်​သည် မိမိ​ကို လူ​တို့​မ​တိုးကြိတ်​မိ​စေရန် လှေ​တစ်​စီး​ကို သူ့​အတွက်​အဆင်သင့်​ထားရှိ​မည့်​အကြောင်း တပည့်​တော်​တို့​အား မိန့်​တော်မူ​၏။ 10အကြောင်းမူကား ကိုယ်တော်​သည် လူ​များစွာ​တို့​ကို​ကျန်းမာ​စေ​ခဲ့​သည်​ဖြစ်၍ ရောဂါ​ဝေဒနာ​ရှိ​သူ​အားလုံး​တို့​သည် ကိုယ်တော်​ကို​တို့ထိ​နိုင်​ရန် တိုးဝှေ့​ကြ​၏။ 11ညစ်ညူး​သော​နတ်​တို့​သည်​လည်း ကိုယ်တော်​ကို​မြင်​ကြ​သောအခါ ရှေ့​တော်​၌​ပျပ်ဝပ်​လျက် “ကိုယ်တော်​သည် ဘုရားသခင်​၏​သား​တော်​ဖြစ်​တော်မူ​၏”​ဟု အော်ဟစ်​ကြ​၏။ 12ကိုယ်တော်​က​လည်း မိမိ​အကြောင်း​ကို သိသာထင်ရှား​အောင်​မ​ပြု​ရန် ထို​နတ်ဆိုး​တို့​ကို တင်းကျပ်​စွာ​သတိပေး​တော်မူ​၏။
တမန်တော်တစ်ဆယ့်နှစ်ပါး
13ထို့နောက် ကိုယ်တော်​သည် တောင်​ပေါ်သို့​တက်​သွား​၍ အလို​တော်​ရှိ​သော​သူ​တို့​ကို​ခေါ်​တော်မူ​လျှင် သူ​တို့​သည် အထံ​တော်​သို့​လာ​ကြ​၏။ 14ထိုအခါ ကိုယ်တော်​သည် တစ်ဆယ့်နှစ်​ပါး​တို့​ကို ခန့်ထား​ပြီးလျှင် သူ​တို့​ကို တမန်တော်​ဟူ၍​ခေါ်ဝေါ်​သမုတ်​တော်မူ​၏။ ဤသည်ကား သူ​တို့​ကို ကိုယ်တော်​နှင့်အတူ​ရှိ​စေရန်​နှင့် သူ​တို့​ကို​စေလွှတ်​၍ တရားဟော​စေ​ကာ 15နတ်ဆိုး​တို့​ကို​နှင်ထုတ်​နိုင်​သည့်​အခွင့်​အာဏာ​ရှိ​စေရန်​အတွက်​ဖြစ်​၏။ 16ခန့်ထား​တော်မူ​သော​တစ်ဆယ့်နှစ်​ပါး​မှာ ပေတရု​ဟု​ကိုယ်တော်​အမည်​ပေး​ထား​သော ရှိမုန်၊ 17မိုးကြိုး​၏​သား​များ​ဟူ၍​အဓိပ္ပာယ်​ရ​သည့် ဗောနေရဂက်​ဟု​ကိုယ်တော်​အမည်​ပေး​ထား​သော ဇေဗေဒဲ​၏​သား​ယာကုပ်​နှင့် ယာကုပ်​၏​ညီ​ယောဟန်၊ 18အန္ဒြေ၊ ဖိလိပ္ပု၊ ဗာသောလမဲ၊ မဿဲ၊ သောမ၊ အာလဖဲ​၏​သား​ယာကုပ်၊ သဒ္ဒဲ၊ မျိုးချစ်​ပုဂ္ဂိုလ်​ရှိမုန်​နှင့် 19ကိုယ်တော်​ကို​အပ်နှံ​သည့် ယုဒ​ဣရှကာရုတ်​တို့​ဖြစ်​ကြ​၏။
ယေရှုနှင့်ဗေလဇေဗုလ
20ထို့နောက် ကိုယ်တော်​သည် အိမ်​ထဲသို့​ကြွ​တော်မူ​ရာ လူထု​ပရိသတ်​သည် တစ်ဖန်​စုဝေး​လာ​ကြ​သဖြင့် သူ​တို့​သည် အစာ​ကို​ပင်​မ​သုံးဆောင်​နိုင်​ကြ​ပေ။ 21ကိုယ်တော်​၏​ဆွေမျိုးသားချင်း​တို့​သည်​ကြား​လျှင် ကိုယ်တော်​ကို​ထိန်းချုပ်​ရန် ထွက်လာ​ကြ​၏။ အကြောင်းမှာ “သူ​သည် စိတ်​ဖောက်ပြန်​နေ​ပြီ”​ဟု လူ​တို့​ပြောဆို​နေ​ကြ​သောကြောင့်​ဖြစ်​၏။
22ဂျေရုဆလင်​မြို့​မှ​ဆင်း​လာ​သော ကျမ်းပြု​ဆရာ​တို့​က​လည်း “သူ့​ကို ဗေလဇေဗုလ​နတ်​ပူး​နေ​သည်”​ဟူ၍​လည်းကောင်း၊ “သူ​သည် နတ်ဆိုး​တို့​၏​အကြီးအကဲ​ကို​အမှီပြု​လျက် နတ်ဆိုး​တို့​ကို​နှင်ထုတ်​သည်”​ဟူ၍​လည်းကောင်း ပြောဆို​ကြ​၏။ 23ထိုအခါ ကိုယ်တော်​သည် သူ​တို့​ကို​ခေါ်​၍ ပုံ​ဥပမာ​များ​ဖြင့် မြွက်ဆို​တော်မူ​သည်​မှာ“စာတန်​သည် စာတန်​ကို မည်ကဲ့သို့​နှင်ထုတ်​နိုင်​မည်နည်း။ 24နိုင်ငံ​တစ်​နိုင်ငံ​သည်​လည်း မိမိ​အတွင်း​၌ ဆန့်ကျင်​ကွဲပြား​နေ​လျှင် ထို​နိုင်ငံ​သည် မ​တည်မြဲ​နိုင်​ရာ။ 25အိမ်ထောင်စု​တစ်စု​သည်​လည်း မိမိ​အတွင်း​၌ ဆန့်ကျင်​ကွဲပြား​နေ​လျှင် ထို​အိမ်ထောင်စု​သည် မ​တည်မြဲ​နိုင်​ရာ။ 26ထိုနည်းတူ စာတန်​သည်​လည်း မိမိ​အတွင်း​၌ ဆန့်ကျင်​ပုန်ကန်​လျက် ကွဲပြား​နေ​လျှင် သူ​သည်​မ​တည်မြဲ​နိုင်​ဘဲ ဆုံးခန်း​သို့​ရောက်​လိမ့်မည်။ 27ခွန်အား​ကြီး​သော​သူ​ကို ဦးစွာ​မ​ချည်နှောင်​လျှင် မည်သူမျှ သူ့​အိမ်​သို့​ဝင်​၍ သူ​၏​ဥစ္စာ​ပစ္စည်း​များ​ကို မ​လုယူ​နိုင်။ ချည်နှောင်​ပြီးမှသာ သူ​၏​အိမ်​ကို ဖောက်ထွင်း​လုယူ​နိုင်​လိမ့်မည်။
သန့်ရှင်းသောဝိညာဉ်တော်ကိုစော်ကားခြင်း
28 သင်​တို့​အား ငါ​အမှန်​ဆို​သည်​ကား လူသား​တို့​သည် သူ​တို့​၏​အပြစ်​များ​နှင့် ဘုရားသခင်​ကို​စော်ကား​ပြောဆို​သမျှ​သော စကား​အားလုံး​အတွက် ခွင့်လွှတ်​ခြင်း​ခံရ​လိမ့်မည်။ 29သို့သော် မည်သူမဆို သန့်ရှင်း​သော​ဝိညာဉ်​တော်​ကို စော်ကား​ပြောဆို​လျှင် ထို​သူ​သည် ကာလ​အစဉ်အဆက် အပြစ်​ခွင့်လွှတ်​ခြင်း​ကျေးဇူး​ကို​မ​ရရှိ​ဘဲ ထာဝရ​အပြစ်​သင့်​သော​သူ​ဖြစ်​၏”​ဟု မိန့်​တော်မူ​၏။ 30ဤသို့​မိန့်​တော်မူ​ခြင်းမှာ သူ​တို့​က “ကိုယ်တော်​ကို ညစ်ညူး​သော​နတ်​ပူး​နေ​သည်”​ဟု ပြောဆို​ကြ​သောကြောင့်​ဖြစ်​၏။
တော်စပ်မှုအစစ်အမှန်
31ထိုအခါ ကိုယ်တော်​၏​မယ်တော်​နှင့်​ညီ​တော်​တို့​သည် ရောက်လာ​ပြီး အပြင်​၌​ရပ်​လျက် လူ​လွှတ်​၍ ကိုယ်တော်​ကို​ခေါ်​ကြ​၏။ 32လူထု​ပရိသတ်​တို့​သည် ကိုယ်တော်​၏​ပတ်လည်​၌ ထိုင်​နေ​ကြ​၍ ကိုယ်တော်​အား “ကိုယ်တော်​၏​မယ်တော်၊ ညီ​တော်​နှင့် နှမ​တော်​တို့​သည် ကိုယ်တော်​ကို​ရှာ​လျက် အပြင်​၌​ရှိ​ကြ​ပါ​သည်”​ဟု လျှောက်​ကြ​၏။ 33ကိုယ်တော်​က​လည်း“မည်သူ​သည် ငါ့​အမိ​နှင့်​ငါ့​ညီ​များ​ဖြစ်​သနည်း”​ဟု သူ​တို့​အား ပြန်​၍​မိန့်​တော်မူ​၏။
34ထို့နောက် မိမိ​ပတ်လည်​၌ ဝိုင်းရံ​လျက်​ထိုင်​နေ​သော​သူ​များ​ကို ပတ်ပတ်လည်​ကြည့်ရှု​တော်မူ​၍“ကြည့်ရှု​လော့။ ဤ​သူ​တို့​သည် ငါ့​အမိ​နှင့်​ငါ့​ညီ​များ​ပေတည်း။ 35အကြောင်းမူကား ဘုရားသခင်​၏​အလို​တော်​ကို​ဆောင်ရွက်​သော​သူ​သည် ငါ့​ညီ၊ ငါ့​နှမ၊ ငါ့​အမိ ဖြစ်​၏”​ဟု မိန့်​တော်မူ​၏။

လက်ရှိရွေးချယ်ထားမှု

ရှင်မာကုခရစ်ဝင် 3: MSBU

အရောင်မှတ်ချက်

မျှဝေရန်

ကူးယူ

None

မိမိစက်ကိရိယာအားလုံးတွင် မိမိအရောင်ချယ်သောအရာများကို သိမ်းဆည်းထားလိုပါသလား။ စာရင်းသွင်းပါ (သို့) အကောင့်ဝင်လိုက်ပါ

YouVersion သည် မိမိအတွေ့အကြုံကို စိတ်ကြိုက်ပြင်ဆင်ရန် ကွတ်ကီးများကို အသုံးပြုသည်။ ကျွန်ုပ်တို့၏ဝဘ်ဆိုဒ်ကိုအသုံးပြုခြင်းဖြင့် ကျွန်ုပ်တို့၏ ကိုယ်ရေးကိုယ်တာမူဝါဒတွင်ဖော်ပြထားသည့်အတိုင်း ကျွန်ုပ်တို့၏ cookies အသုံးပြုမှုကို လက်ခံပါသည်။