YouVersion လိုဂို
ရှာရန် အိုင်ကွန်

ရှင်မာကုခရစ်ဝင် 4

4
မျိုးကြဲသောသူ၏ပုံဥပမာ
1တစ်ဖန် ကိုယ်တော်​သည် ပင်လယ်​ကမ်းနား​တွင် သွန်သင်​တော်မူ​ရာ အလွန်​များပြား​သော​လူထု​ပရိသတ်​သည် အထံ​တော်​သို့​စုဝေး​လာ​ကြ​သဖြင့် ကိုယ်တော်​သည် ပင်လယ်​ကမ်းစပ်​ရှိ​လှေ​ပေါ်သို့​တက်​၍ ထိုင်​တော်မူ​၏။ လူထု​ပရိသတ်​အပေါင်း​တို့​မူကား ပင်လယ်​ကမ်း​ပေါ်တွင်​ရှိ​နေ​ကြ​၏။ 2ထိုအခါ ကိုယ်တော်​သည် များစွာ​သော​အကြောင်းအရာ​တို့​ကို ပုံ​ဥပမာ​တို့​ဖြင့် သူ​တို့​အား သွန်သင်​တော်မူ​၏။ ထိုသို့​သွန်သင်​ရာ​တွင် ကိုယ်တော်​က 3“နားထောင်​ကြ​လော့။ မျိုးကြဲ​သော​သူ​သည် မျိုးကြဲ​ရန်​ထွက်သွား​လေ​၏။ 4ထို​သူ​မျိုးကြဲ​စဉ်​တွင် အချို့​သော​မျိုးစေ့​သည် လမ်း​ဘေး​တွင်​ကျ​သဖြင့် ငှက်​တို့​သည် လာ​၍ ၎င်း​ကို​ကောက်စား​ကြ​၏။ 5အချို့​မူကား မြေ​နည်း​၍ ကျောက်​ပေါများ​သော​နေရာ​တွင်​ကျ​သဖြင့် မြေသား​ပါး​သောကြောင့် ချက်ချင်း​အပင်​ပေါက်လာ​၏။ 6သို့သော် နေ​ထွက်လာ​၍ နေလောင်​ဒဏ်​ခံရ​သောအခါ အမြစ်​မ​စွဲ​သောကြောင့် ညှိုးနွမ်း​ခြောက်သွေ့​သွား​လေ​၏။ 7အချို့​မူကား ဆူးပင်​တို့​တွင်​ကျ​သဖြင့် ဆူးပင်​တို့​ကြီးထွား​လာ​၍ ၎င်း​ကို ကာဆီး​ပိတ်ဆို့​ကြ​သောကြောင့် အသီး​မ​သီး​ချေ။ 8အချို့​တို့​မူကား ကောင်း​သော​မြေ​၌​ကျ​သဖြင့် အပင်​ပေါက်​၍​ကြီးထွား​ကာ အဆ​သုံးဆယ်၊ အဆ​ခြောက်ဆယ်၊ အဆ​တစ်ရာ အသီး​သီး​လေ​၏”​ဟု မိန့်​တော်မူ​၏။ 9ထို့နောက်“ကြား​စရာ​နား​ရှိ​သော​သူ​သည် ကြား​ပါစေ”​ဟု မိန့်​တော်မူ​၏။
ပုံဥပမာသုံးရခြင်း၏အကြောင်းရင်း
10ကိုယ်တော်​တစ်ပါးတည်း​ရှိ​တော်မူ​သောအခါ ကိုယ်တော်​၏​နောက်လိုက်​နောက်ပါ​တို့​နှင့် တစ်ဆယ့်နှစ်​ပါး​သော​တပည့်​တော်​တို့​သည် ထို​ပုံ​ဥပမာ​များ​အကြောင်း​ကို မေးလျှောက်​ကြ​၏။ 11ကိုယ်တော်​က​လည်း“သင်​တို့​အား ဘုရားသခင်​၏​နိုင်ငံ​တော်​နှင့်​ဆိုင်​သည့် လျှို့ဝှက်​နက်နဲ​သော​အရာ​ကို သိ​ခွင့်​ပေး​ထား​၏။ အပြင်​လူ​တို့​အတွက်​မူကား အရာရာ​ကို ပုံ​ဥပမာ​များ​ဖြင့်​ဖော်ပြ​ရ​၏။ 12ဤသည်ကား သူ​တို့​သည် မြင်​လျက်​ပင် သတိ​မ​မူ​ဘဲ​မြင်​၍ ကြား​လျက်​ပင် နား​မ​လည်​ဘဲ​ကြား​ကြ​စေရန်​ဖြစ်​၏။ သို့မဟုတ်လျှင် သူ​တို့​သည် ပြောင်းလဲ​၍ ခွင့်လွှတ်​ခြင်း​ခံရ​ကြ​လိမ့်မည်”​ဟု မိန့်​တော်မူ​၏။
မျိုးကြဲသောသူ၏ပုံဥပမာကိုရှင်းပြခြင်း
13ထို့နောက် ကိုယ်တော်​က“ဤ​ပုံ​ဥပမာ​ကို​နား​မ​လည်​ကြ​သလော။ သို့ဖြစ်လျှင် သင်​တို့​သည် ပုံ​ဥပမာ​အားလုံး​ကို မည်ကဲ့သို့​နားလည်​ကြ​မည်နည်း။ 14မျိုးကြဲ​သော​သူ​သည် တရား​စကား​ကို​ကြဲ​၏။ 15တရား​စကား​ကို​ကြဲ​သောအခါ လမ်း​ဘေး​တွင် ကြဲ​ခြင်း​ခံရ​သည်​ဆိုသည်မှာ ဤသို့သော​သူ​တို့​ကို​ဆို​လို​၏။ တရား​စကား​ကို​သူ​တို့​ကြား​သောအခါ စာတန်​သည်​ချက်ချင်း​လာ​၍ သူ​တို့​၌​ကြဲ​ထား​သော​တရား​စကား​ကို နုတ်ယူ​လေ​၏။ 16ကျောက်​ပေါများ​သော​နေရာ​တွင် ကြဲ​ခြင်း​ခံရ​သည်​ဆိုသည်မှာ တရား​စကား​ကို​ကြား​သောအခါ ဝမ်းမြောက်​စွာ​ဖြင့် ချက်ချင်း​လက်ခံ​သော​သူ​တို့​ကို​ဆို​လို​၏။ 17သို့သော် သူ​တို့​၌​အမြစ်​မ​စွဲ​သဖြင့် ခဏ​သာ​ခံ​၏။ တရား​စကား​ကြောင့် ဆင်းရဲ​ဒုက္ခ​၊ သို့မဟုတ် ညှဉ်းဆဲ​ခြင်း​ရောက်လာ​သောအခါ ချက်ချင်း​စိတ်ပျက်​သွား​ကြ​၏။ 18အချို့​တို့​မူကား ဆူးပင်​တို့​တွင် ကြဲ​ခြင်း​ခံရ​ကြ​၏။ ဤ​သည်​ကား တရား​စကား​ကို​ကြား​သော်လည်း 19လောကီရေးရာ​၌ စိုးရိမ်​ပူပန်​ခြင်း၊ စည်းစိမ်​၏​လှည့်ဖြား​ခြင်း​နှင့် အခြား​သော​တပ်မက်​ခြင်း​များ​ဝင်လာ​၍ တရား​စကား​ကို ကာဆီး​ပိတ်ဆို့​သဖြင့် အသီး​မ​သီး​သော​သူ​တို့​ကို​ဆို​လို​၏။ 20ကောင်း​သော​မြေ​ပေါ်၌ ကြဲ​ခြင်း​ခံရ​သည်​ဆိုသည်မှာ တရား​စကား​ကို​ကြား​၍ လက်ခံ​သဖြင့် အဆ​သုံးဆယ်၊ အဆ​ခြောက်ဆယ်၊ အဆ​တစ်ရာ အသီး​သီး​သော​သူ​တို့​ကို​ဆို​လို​၏”​ဟု မိန့်​တော်မူ​၏။
မိမိအလင်းကိုအသုံးပြုခြင်း
21တစ်ဖန် ကိုယ်တော်​က“ဆီမီး​ကို တောင်း​အောက်​၊ သို့မဟုတ် ခုတင်​အောက်၌​ထား​ရန် ယူလာ​လေ့​ရှိ​သလော။ ဆီမီးခုံ​ပေါ်၌​ထား​ရန် ယူလာ​သည်​မ​ဟုတ်​လော။ 22အကြောင်းမူကား ကွယ်ဝှက်​ထား​သော​အရာ​များ​တွင် မ​ထင်ရှား​လာ​မည့်​အရာ​ဟူ၍​မ​ရှိ။ ဖုံးကွယ်​ထား​သော​အရာ​များ​တွင်​လည်း မ​ထင်ရှား​လာ​မည့်​အရာ​ဟူ၍​မ​ရှိ။ 23ကြား​စရာ​နား​ရှိ​သော​သူ​သည် ကြား​ပါစေ”​ဟု မိန့်​တော်မူ​၏။
24ထို့နောက် ကိုယ်တော်​က“သင်​တို့​ကြား​ရ​သည့်​အရာ​ကို သတိပြု​ကြ​လော့။ သင်​တို့​တိုင်းတာ​ခြင်တွယ်​သည့်​စံနှုန်း​အတိုင်း သင်​တို့​အတွက် တိုင်းတာ​ခြင်တွယ်​ပေး​ကြ​လိမ့်မည်။ ထို့ပြင် သင်​တို့​အတွက် ထပ်၍​ဖြည့်​ပေး​ကြ​လိမ့်မည်။ 25အကြောင်းမှာ ရှိ​သော​သူ​အား ထပ်၍​ပေး​ဦး​မည်။ မ​ရှိ​သော​သူ​ထံမှ​မူကား သူ​၌​ရှိ​သော​အရာ​ကို​ပင် သိမ်းယူ​လိမ့်မည်”​ဟု မိန့်​တော်မူ​၏။
ကြီးထွားလာသောမျိုးစေ့ပုံဥပမာ
26တစ်ဖန် ကိုယ်တော်​က“ဘုရားသခင်​၏​နိုင်ငံ​တော်​သည် မြေ​ပေါ်၌ လူ​တစ်​ဦး​မျိုးစေ့​ကြဲ​သည်​နှင့်တူ​၏။ 27သူ​သည် ည​အချိန်​နှင့်​နေ့​အချိန်​၌ အိပ်​လျက်​၊ ထ​လျက်​နေ​စဉ် မျိုးစေ့​သည် အညှောက်​ထွက်​၍ ကြီးထွား​လာ​၏။ ၎င်း​သည် မည်ကဲ့သို့​ကြီးထွား​လာ​သည်​ကို ထို​သူ​မ​သိ။ 28မြေကြီး​သည် အလိုအလျောက်​အသီး​သီး​စေ​လျက် ဦးစွာ အပင်၊ ထို့နောက် အနှံ၊ ထိုမှတစ်ဆင့် အနှံ​ထဲတွင် အောင်​သော​အဆန်​ကို​ဖြစ်​စေ​၏။ 29အသီး​မှည့်​သောအခါ ရိတ်သိမ်း​ချိန်​ရောက်လာ​သည်​ဖြစ်၍ သူ​သည် ချက်ချင်း​တံစဉ်​ဖြင့်​ရိတ်​လေ​၏”​ဟု မိန့်​တော်မူ​၏။
မုန်ညင်းနက်စေ့ပုံဥပမာ
30တစ်ဖန် ကိုယ်တော်​က“ဘုရားသခင်​၏​နိုင်ငံ​တော်​ကို မည်သည့်​အရာ​နှင့်​ခိုင်းနှိုင်း​ရ​မည်နည်း၊ သို့မဟုတ် မည်သည့်​ပုံ​ဥပမာ​ဖြင့် ဖော်ပြ​ရ​မည်နည်း။ 31၎င်း​သည် မုန်ညင်းနက်​စေ့​နှင့်​တူ​၏။ ထို​အစေ့​သည် မြေ​၌​စိုက်​သောအခါ မြေကြီး​ပေါ်​ရှိ အစေ့​တကာ​တို့​ထက် သေးငယ်​၏။ 32စိုက်​ပြီး ကြီးထွား​လာ​သောအခါ​တွင်​မူ ဟင်းသီးဟင်းရွက်​ပင်​အားလုံး​ထက်​ကြီး​၍ ၎င်း​၏​အရိပ်​အောက်​တွင် မိုး​ကောင်းကင်​ငှက်​တို့​သည် အသိုက်ဖွဲ့​နေ​နိုင်​လောက်​သော ကြီးမား​သည့်​အကိုင်း​များ​ထွက်လာ​၏”​ဟု မိန့်​တော်မူ​၏။
33ကိုယ်တော်​သည် ထိုသို့သော​ပုံ​ဥပမာ​များစွာ​တို့​ဖြင့် လူတို့​ကြားနာ​နိုင်​သည့်​အတိုင်း တရား​စကား​ကို သူ​တို့​အား ဟောပြော​တော်မူ​၏။ 34ပုံ​ဥပမာ​မ​ပါ​ဘဲ သူ​တို့​အား ဟောပြော​တော်​မ​မူ။ သို့သော် မိမိ​တပည့်​တော်​တို့​ကို​မူကား အကြောင်းအရာ​အားလုံး​ကို သီးသန့်​ရှင်းပြ​တော်မူ​၏။
လှိုင်းလေတို့ သခင်ဘုရားကိုနာခံခြင်း
35ထို​နေ့ ညနေချမ်း​အချိန်​ရောက်​သောအခါ ကိုယ်တော်​က“တစ်ဖက်ကမ်း​သို့​ကူး​ကြ​စို့”​ဟု တပည့်​တော်​တို့​အား မိန့်​တော်မူ​၏။ 36ထို့ကြောင့် သူ​တို့​သည် လူထု​ပရိသတ်​ကို​ချန်ထား​ခဲ့​၍ လှေ​ပေါ်၌​ရှိ​နေ​သော​ကိုယ်တော်​ကို ခေါ်ဆောင်​သွား​ကြ​၏။ အခြား​သော​လှေ​များ​သည်​လည်း ကိုယ်တော်​နှင့်အတူ​လိုက်ပါ​ကြ​၏။ 37ထိုအခါ ပြင်းထန်​သော​လေ​မုန်တိုင်း​ကျရောက်​လာ​၍ လှိုင်း​များ​သည် လှေ​ကို​ရိုက်ခတ်​သဖြင့် လှေ​သည် ရေ​နှင့်​ပြည့်​လုနီးပါး​ဖြစ်​လေ​၏။ 38သို့သော် ကိုယ်တော်​သည် လှေ​ပဲ့​ပိုင်း​တွင် ခေါင်းအုံး​အုံး​လျက် အိပ်စက်​နေ​တော်မူ​၏။ တပည့်​တော်​တို့​သည် ကိုယ်တော်​ကို​နှိုး​လျက် “ဆရာ၊ အကျွန်ုပ်​တို့​သေ​ရ​တော့မည်​ကို ကိုယ်တော်​ဂရုမစိုက်​ဘဲ​နေ​တော်မူ​သလော”​ဟု လျှောက်​ကြ​၏။
39ထိုအခါ ကိုယ်တော်​သည်​ထ​၍ လေ​ကို​ဆုံးမ​ကာ ပင်လယ်​အား“တိတ်ဆိတ်​ငြိမ်သက်​လော့”​ဟု မိန့်​တော်မူ​ရာ လေ​သည်​ငြိမ်​သဖြင့် အလွန်​ငြိမ်သက်​သာယာ​သွား​လေ​၏။ 40ထို့နောက် ကိုယ်တော်​က“အဘယ်ကြောင့် ကြောက်​တတ်​သနည်း။ ယခု​ထိ ယုံကြည်​ခြင်း​မ​ရှိ​ကြ​သေး​သလော”​ဟု သူ​တို့​အား မိန့်​တော်မူ​၏။
41သူ​တို့​သည် အလွန်​ကြောက်ရွံ့​တုန်လှုပ်​လျက် “ဤ​သူ​ကား မည်သူ​ဖြစ်​သနည်း။ လေ​နှင့်​ပင်လယ်​တို့​ပင်လျှင် သူ့​ကို​နာခံ​ကြ​ပါ​သည်​တကား”​ဟု အချင်းချင်း​ပြောဆို​ကြ​၏။

လက်ရှိရွေးချယ်ထားမှု

ရှင်မာကုခရစ်ဝင် 4: MSBU

အရောင်မှတ်ချက်

မျှဝေရန်

ကူးယူ

None

မိမိစက်ကိရိယာအားလုံးတွင် မိမိအရောင်ချယ်သောအရာများကို သိမ်းဆည်းထားလိုပါသလား။ စာရင်းသွင်းပါ (သို့) အကောင့်ဝင်လိုက်ပါ

YouVersion သည် မိမိအတွေ့အကြုံကို စိတ်ကြိုက်ပြင်ဆင်ရန် ကွတ်ကီးများကို အသုံးပြုသည်။ ကျွန်ုပ်တို့၏ဝဘ်ဆိုဒ်ကိုအသုံးပြုခြင်းဖြင့် ကျွန်ုပ်တို့၏ ကိုယ်ရေးကိုယ်တာမူဝါဒတွင်ဖော်ပြထားသည့်အတိုင်း ကျွန်ုပ်တို့၏ cookies အသုံးပြုမှုကို လက်ခံပါသည်။