YouVersion လိုဂို
ရှာရန် အိုင်ကွန်

ရှင်မာကုခရစ်ဝင် 3:20-35

ရှင်မာကုခရစ်ဝင် 3:20-35 MSBU

ထို့နောက် ကိုယ်တော်​သည် အိမ်​ထဲသို့​ကြွ​တော်မူ​ရာ လူထု​ပရိသတ်​သည် တစ်ဖန်​စုဝေး​လာ​ကြ​သဖြင့် သူ​တို့​သည် အစာ​ကို​ပင်​မ​သုံးဆောင်​နိုင်​ကြ​ပေ။ ကိုယ်တော်​၏​ဆွေမျိုးသားချင်း​တို့​သည်​ကြား​လျှင် ကိုယ်တော်​ကို​ထိန်းချုပ်​ရန် ထွက်လာ​ကြ​၏။ အကြောင်းမှာ “သူ​သည် စိတ်​ဖောက်ပြန်​နေ​ပြီ”​ဟု လူ​တို့​ပြောဆို​နေ​ကြ​သောကြောင့်​ဖြစ်​၏။ ဂျေရုဆလင်​မြို့​မှ​ဆင်း​လာ​သော ကျမ်းပြု​ဆရာ​တို့​က​လည်း “သူ့​ကို ဗေလဇေဗုလ​နတ်​ပူး​နေ​သည်”​ဟူ၍​လည်းကောင်း၊ “သူ​သည် နတ်ဆိုး​တို့​၏​အကြီးအကဲ​ကို​အမှီပြု​လျက် နတ်ဆိုး​တို့​ကို​နှင်ထုတ်​သည်”​ဟူ၍​လည်းကောင်း ပြောဆို​ကြ​၏။ ထိုအခါ ကိုယ်တော်​သည် သူ​တို့​ကို​ခေါ်​၍ ပုံ​ဥပမာ​များ​ဖြင့် မြွက်ဆို​တော်မူ​သည်​မှာ“စာတန်​သည် စာတန်​ကို မည်ကဲ့သို့​နှင်ထုတ်​နိုင်​မည်နည်း။ နိုင်ငံ​တစ်​နိုင်ငံ​သည်​လည်း မိမိ​အတွင်း​၌ ဆန့်ကျင်​ကွဲပြား​နေ​လျှင် ထို​နိုင်ငံ​သည် မ​တည်မြဲ​နိုင်​ရာ။ အိမ်ထောင်စု​တစ်စု​သည်​လည်း မိမိ​အတွင်း​၌ ဆန့်ကျင်​ကွဲပြား​နေ​လျှင် ထို​အိမ်ထောင်စု​သည် မ​တည်မြဲ​နိုင်​ရာ။ ထိုနည်းတူ စာတန်​သည်​လည်း မိမိ​အတွင်း​၌ ဆန့်ကျင်​ပုန်ကန်​လျက် ကွဲပြား​နေ​လျှင် သူ​သည်​မ​တည်မြဲ​နိုင်​ဘဲ ဆုံးခန်း​သို့​ရောက်​လိမ့်မည်။ ခွန်အား​ကြီး​သော​သူ​ကို ဦးစွာ​မ​ချည်နှောင်​လျှင် မည်သူမျှ သူ့​အိမ်​သို့​ဝင်​၍ သူ​၏​ဥစ္စာ​ပစ္စည်း​များ​ကို မ​လုယူ​နိုင်။ ချည်နှောင်​ပြီးမှသာ သူ​၏​အိမ်​ကို ဖောက်ထွင်း​လုယူ​နိုင်​လိမ့်မည်။ သင်​တို့​အား ငါ​အမှန်​ဆို​သည်​ကား လူသား​တို့​သည် သူ​တို့​၏​အပြစ်​များ​နှင့် ဘုရားသခင်​ကို​စော်ကား​ပြောဆို​သမျှ​သော စကား​အားလုံး​အတွက် ခွင့်လွှတ်​ခြင်း​ခံရ​လိမ့်မည်။ သို့သော် မည်သူမဆို သန့်ရှင်း​သော​ဝိညာဉ်​တော်​ကို စော်ကား​ပြောဆို​လျှင် ထို​သူ​သည် ကာလ​အစဉ်အဆက် အပြစ်​ခွင့်လွှတ်​ခြင်း​ကျေးဇူး​ကို​မ​ရရှိ​ဘဲ ထာဝရ​အပြစ်​သင့်​သော​သူ​ဖြစ်​၏”​ဟု မိန့်​တော်မူ​၏။ ဤသို့​မိန့်​တော်မူ​ခြင်းမှာ သူ​တို့​က “ကိုယ်တော်​ကို ညစ်ညူး​သော​နတ်​ပူး​နေ​သည်”​ဟု ပြောဆို​ကြ​သောကြောင့်​ဖြစ်​၏။ ထိုအခါ ကိုယ်တော်​၏​မယ်တော်​နှင့်​ညီ​တော်​တို့​သည် ရောက်လာ​ပြီး အပြင်​၌​ရပ်​လျက် လူ​လွှတ်​၍ ကိုယ်တော်​ကို​ခေါ်​ကြ​၏။ လူထု​ပရိသတ်​တို့​သည် ကိုယ်တော်​၏​ပတ်လည်​၌ ထိုင်​နေ​ကြ​၍ ကိုယ်တော်​အား “ကိုယ်တော်​၏​မယ်တော်၊ ညီ​တော်​နှင့် နှမ​တော်​တို့​သည် ကိုယ်တော်​ကို​ရှာ​လျက် အပြင်​၌​ရှိ​ကြ​ပါ​သည်”​ဟု လျှောက်​ကြ​၏။ ကိုယ်တော်​က​လည်း“မည်သူ​သည် ငါ့​အမိ​နှင့်​ငါ့​ညီ​များ​ဖြစ်​သနည်း”​ဟု သူ​တို့​အား ပြန်​၍​မိန့်​တော်မူ​၏။ ထို့နောက် မိမိ​ပတ်လည်​၌ ဝိုင်းရံ​လျက်​ထိုင်​နေ​သော​သူ​များ​ကို ပတ်ပတ်လည်​ကြည့်ရှု​တော်မူ​၍“ကြည့်ရှု​လော့။ ဤ​သူ​တို့​သည် ငါ့​အမိ​နှင့်​ငါ့​ညီ​များ​ပေတည်း။ အကြောင်းမူကား ဘုရားသခင်​၏​အလို​တော်​ကို​ဆောင်ရွက်​သော​သူ​သည် ငါ့​ညီ၊ ငါ့​နှမ၊ ငါ့​အမိ ဖြစ်​၏”​ဟု မိန့်​တော်မူ​၏။