ရှင်မာကု 12:13-27
ရှင်မာကု 12:13-27 Judson Bible (JBMLE)
တစ်ဖန် စကားတော်ကို ချောင်းမြောင်း၍ အပြစ်ပြုခွင့်ကိုရခြင်းငှာ ဖာရိရှဲတို့နှင့် ဟေရုဒ်တပည့်အချို့တို့ကို အထံတော်သို့ စေလွှတ်ကြ၏။- ထိုသူတို့သည် ချဥ်းကပ်၍၊ အရှင်ဘုရား၊ ကိုယ်တော်သည် သစ္စာရှိပါ၏။ အဘယ်သူကိုမျှ မကြောက်၊ လူမျက်နှာကိုမထောက်ဘဲ ဘုရားသခင်၏တရားလမ်းကို ဟုတ်မှန်စွာပြတော်မူသည်ကို အကျွန်ုပ်တို့ သိကြပါ၏။ ကဲသာဘုရင်အား အခွန်ဆက်အပ်သလော၊ မဆက်အပ်သလော။- အကျွန်ုပ်တို့သည် ဆက်ရမည်လော၊ မဆက်ရမည်လောဟု မေးလျှောက်ကြ၏။ ကိုယ်တော်သည် ထိုသူတို့၏လျှို့ဝှက်ခြင်းကို သိတော်မူလျှင်၊ သင်တို့သည် ငါ့ကိုအဘယ်ကြောင့် စုံစမ်းနှောင့်ယှက် ကြသနည်း။ ဒေနာရိတစ်ပြားကို ငါကြည့်ဖို့ ယူခဲ့ကြဟု မိန့်တော်မူ၍၊- သူတို့သည် ယူခဲ့ကြ၏။ ဤပုံ၊ ဤလိပ်စာကား အဘယ်သူ၏ပုံ၊ အဘယ်သူ၏လိပ်စာ ဖြစ်သနည်းဟု မေးတော်မူလျှင်၊ ကဲသာဘုရင်၏ပုံ၊ လိပ်စာဖြစ်ပါသည်ဟု လျှောက်ကြသော်၊- ယေရှုကလည်း၊ ကဲသာဘုရင်၏ဥစ္စာကို ကဲသာဘုရင်အား ဆက်ပေးကြလော့။ ဘုရားသခင်၏ဥစ္စာကိုကား၊ ဘုရားသခင်အား ဆက်ပေးကြလော့ဟု မိန့်တော်မူသည်ကို သူတို့သည် အံ့ဩခြင်းရှိကြ၏။ ထမြောက်ရှင်ပြန်ခြင်းမရှိဟူ၍ အယူရှိသော ဇဒ္ဒုကဲတို့သည်လည်း အထံတော်သို့ ချည်းကပ်၍၊- အရှင်ဘုရား၊ လူမည်သည်ကား သားမရှိဘဲ သေသွား၍ မယားကျန်ရစ်လျှင်၊ သူ့ညီသည် ထိုမိန်းမကို သိမ်းယူ၍ အစ်ကိုအမျိုးမပြတ် ဆက်နွယ်စေဟု အကျွန်ုပ်တို့အား မောရှေစီရင်ရေးထားပါပြီ။- ညီအစ်ကိုခုနစ်ယောက် ရှိပါ၏။ အစ်ကိုအကြီးသည် မိန်းမနှင့်စုံဖက်၍ သားမရှိဘဲသေလျှင်၊- သူ၏မယားကို သူ့ညီအကြီးသိမ်းယူ၍ သားမရှိဘဲ သေပြန်လေ၏။- ထိုအတူ တတိယသူမှစ၍ တစ်ယောက်နောက်တစ်ယောက် ခုနစ်ယောက်သော ညီအစ်ကိုတို့သည် ထိုမိန်းမကိုသိမ်းယူ၍ သားကို မကျန်ရစ်စေကြ။ နောက်ဆုံး၌ မိန်းမသည်လည်း သေလေ၏။- သို့ဖြစ်၍ ထမြောက်ရာကာလ၌ သူတို့သည် ထမြောက်ကြသောအခါ ထိုမိန်းမသည် အဘယ်သူ၏ မယားဖြစ်ပါမည်နည်း။ ထိုသူခုနစ်ယောက်တို့သည် ထိုမိန်းမနှင့် စုံဖက်ခြင်းကို ပြုကြပြီဟု မေးလျှောက်ကြ၏။- ယေရှုကလည်း၊ သင်တို့သည်ကျမ်းစာကို နားမလည်၊ ဘုရားသခင်၏တန်ခိုးတော်ကို မသိသောကြောင့် မှားသောအယူကို ယူကြ၏။- သေခြင်းမှ ထမြောက်ကြသောအခါ စုံဖက်ခြင်းကိုမပြု၊ ထိမ်းမြားပေးစားခြင်းကို မပြု၊ ကောင်းကင်တမန်ကဲ့သို့ ဖြစ်ကြ၏။- ထိုမှတစ်ပါး သေလွန်သောသူတို့သည် ထမြောက်ခြင်းအရာမှာ၊ ဘုရားသခင်က ငါသည် အာဗြဟံ၏ဘုရား၊ ဣဇာက်၏ဘုရား၊ ယာကုပ်၏ဘုရား ဖြစ်သည်ဟု မောရှေအား မိန့်တော်မူကြောင်းကို မောရှေ၏ကျမ်း၊ ချုံခဏ်း၌ သင်တို့သည် မဖတ်ဖူးသလော။- ဘုရားသခင်သည် သေနေသောသူတို့၏ဘုရား မဟုတ်၊ အသက်ရှင်သောသူတို့၏ဘုရား ဖြစ်တော်မူ၏။ ထိုကြောင့် သင်တို့သည် အလွန်မှားကြသည်ဟု မိန့်တော်မူ၏။
ရှင်မာကု 12:13-27 Common Language Bible (BCL)
ထိုနောက်သူတို့သည်ဖာရိရှဲအချို့နှင့် ဟေရုဒ် ပါတီဝင်အချို့တို့ကိုအထံတော်သို့စေလွှတ် ကြ၏။- ထိုသူတို့သည်အထံတော်သို့လာ၍ ``ဆရာတော်၊ အရှင်သည်မှန်သောစကားကိုသာပြောတတ် ပါ၏။ လူတို့အဘယ်သို့ထင်မှတ်ကြသည်ကို အရေးမစိုက်။ လူ့မျက်နှာကိုမထောက်ဘဲဘုရား သခင်၏တရားလမ်းကိုဟုတ်မှန်သည့်အတိုင်း သွန်သင်တော်မူကြောင်းအကျွန်ုပ်တို့သိပါ၏။ ရောမဧကရာဇ်မင်းအားအခွန်ဆက်အပ်ပါ သလော၊ မဆက်အပ်ပါသလော။ အကျွန်ုပ်တို့ သည်အခွန်ဆက်ရမည်လော၊ မဆက်ရမည် လော'' ဟုပရိယာယ်ဆင်၍မေးလျှောက်ကြ၏။ ကိုယ်တော်သည်ထိုသူတို့၏ပရိယာယ်ကိုသိတော် မူသဖြင့် ``သင်တို့သည်ငါ့အားအဘယ်ကြောင့် အပြစ်ရှာလိုကြသနည်း။ ဒင်္ဂါးတစ်ပြားကိုငါ ကြည့်ဖို့ယူခဲ့ကြလော့'' ဟုမိန့်တော်မူ၏။ သူတို့ယူခဲ့ကြလျှင်ကိုယ်တော်က ``ဤရုပ်ပုံ၊ ဤကမ္ပည်းလိပ်စာသည်မည်သူ့ရုပ်ပုံ၊ မည်သူ့ ကမ္ပည်းလိပ်စာဖြစ်သနည်း'' ဟုမေးတော်မူ၏။ သူတို့က ``ဧကရာဇ်မင်း၏ရုပ်ပုံ၊ ဧကရာဇ်မင်း၏ ကမ္ပည်းလိပ်စာဖြစ်ပါသည်'' ဟုပြန်၍လျှောက်ကြ၏။ သခင်ယေရှုက ``ဧကရာဇ်မင်းပိုင်သည့်အရာကို ဧကရာဇ်မင်းအားဆက်ကြလော့။ ဘုရားသခင်ပိုင် သည့်အရာကိုဘုရားသခင်အားဆက်ကြလော့'' ဟုထိုသူတို့အားမိန့်တော်မူလျှင်သူတို့သည် အံ့သြကြ၏။ သေခြင်းမှထမြောက်ရှင်ပြန်ခြင်းမရှိဟုအယူ ရှိသောဇဒ္ဒုကဲအချို့တို့သည် အထံတော်သို့ ချဉ်းကပ်၍၊- ``ဆရာတော်၊ `လူတစ်စုံတစ်ယောက်သည်သားသမီး မရဘဲသေဆုံးသွားလျှင် ကျန်ခဲ့သည့်ဇနီးကိုညီ ဖြစ်သူကဆက်ခံထိမ်းမြားရမည်။ အစ်ကို၏အမျိုး အနွယ်ကိုသူ၏ကိုယ်စားတိုးပွားစေရမည်' ဟု အကျွန်ုပ်တို့အားမောရှေမိန့်မှာခဲ့ပါသည်။- အခါတစ်ပါး၌ညီအစ်ကိုခုနစ်ယောက်ရှိပါ၏။ အစ်ကိုကြီးသည်အိမ်ထောင်ကျသော်လည်းသား သမီးမရဘဲ၊- သေသွားသောအခါသူ့ညီအကြီးဆုံးသည် မရီး ဖြစ်သူကိုဆက်ခံသိမ်းပိုက်၏။ ထိုညီသည်လည်း သားသမီးမရဘဲသေပြန်၏။ ထိုနည်းတူဒုတိယ ညီသည်လည်းသားသမီးမရဘဲသေပြန်၏။- ဤသို့လျှင်ညီအစ်ကိုခုနစ်ယောက်စလုံး သားသမီးမရဘဲသေကြ၏။ နောက်ဆုံး၌ အမျိုးသမီးလည်းသေ၏။- ညီအစ်ကိုခုနစ်ယောက်စလုံးပင်သူနှင့်စုံဖက် ခဲ့ကြသည်ဖြစ်၍ရှင်ပြန်ထမြောက်ရာနေ့၌ ထိုအမျိုးသမီးသည်မည်သူ၏ဇနီးဖြစ်ပါ မည်နည်း'' ဟုမေးလျှောက်ကြ၏။ သခင်ယေရှုက ``သင်တို့သည်ကျမ်းစာတော်ကို နားမလည်ကြ။ ဘုရားသခင်၏တန်ခိုးတော် အကြောင်းကိုလည်းမသိကြ။ သို့ဖြစ်၍အယူ လွဲလျက်နေကြ၏။- လူတို့သည်သေခြင်းမှထမြောက်ကြသောအခါ ထိမ်းမြားစုံဖက်ခြင်းကိုမပြုတော့ဘဲ ကောင်းကင် ဘုံရှိကောင်းကင်တမန်များကဲ့သို့ဖြစ်ကြလိမ့် မည်။- သေလွန်သူတို့ထမြောက်ရှင်ပြန်ရကြောင်းကို ဖော်ပြသော မောရှေကျမ်းကိုမဖတ်ဖူးကြပါ သလော။ အဆိုပါကျမ်းတွင်မီးလျှံထွက်သည့် ချုံအကြောင်းဆိုင်ရာစာပိုဒ်၌ ဘုရားသခင် က `ငါသည်အာဗြဟံ၏ဘုရား၊ ဣဇာက်၏ ဘုရား၊ ယာကုပ်၏ဘုရားပေတည်း' ဟု မောရှေအားမိန့်တော်မူကြောင်းပါရှိ၏။- ထိုအရှင်သည်သေလွန်သူတို့၏ဘုရားမဟုတ်။ အသက်ရှင်နေသူတို့၏ဘုရားဖြစ်တော်မူ၏။ သင်တို့သည်လွန်စွာမှအယူလွဲလျက်နေကြ လေပြီတကား'' ဟုမိန့်တော်မူ၏။
ရှင်မာကု 12:13-27 မြန်မာ့စံမီသမ္မာကျမ်း (MSBU)
ထို့နောက် သူတို့သည် နှုတ်တော်ထွက်စကားအားဖြင့် ကိုယ်တော်ကိုအပြစ်ရှာနိုင်ရန် ဖာရိရှဲနှင့်ဟေရုဒ်၏လူအချို့တို့ကို အထံတော်သို့စေလွှတ်ကြ၏။ သူတို့သည်လာ၍ ကိုယ်တော်အား “ဆရာ၊ ဆရာသည် ဖြောင့်မှန်သောသူဖြစ်ပြီး မည်သူ့ကိုမျှအားမနာကြောင်း အကျွန်ုပ်တို့သိကြပါ၏။ အဘယ်ကြောင့်ဆိုသော် ဆရာသည် လူ့မျက်နှာကိုမထောက်ဘဲ ဘုရားသခင်၏တရားလမ်းကို သမ္မာတရားနှင့်အညီသွန်သင်ပါ၏။ ဆီဇာဧကရာဇ်ကို အခွန်ဆက်သခြင်းသည် တရားတော်နှင့်ညီသလော၊ သို့မဟုတ် မညီသလော။ အကျွန်ုပ်တို့ဆက်သသင့်သလော၊ သို့မဟုတ် မဆက်သသင့်သလော”ဟု မေးလျှောက်ကြ၏။ သို့သော် ကိုယ်တော်သည် သူတို့၏သူတော်ကောင်းယောင်ဆောင်မှုကို သိတော်မူ၍“အဘယ်ကြောင့် ငါ့ကိုစမ်းသပ်ကြသနည်း။ ငါကြည့်ရန်အတွက် ဒေနာရိတစ်ပြားကို ငါ့ထံယူခဲ့ကြလော့”ဟု မိန့်တော်မူ၏။ သူတို့ယူလာကြသောအခါ ကိုယ်တော်က“ဤသည်ကား မည်သူ၏ပုံ၊ မည်သူ၏ကမ္ပည်းစာဖြစ်သနည်း”ဟု မေးတော်မူလျှင် သူတို့က “ဆီဇာဧကရာဇ်၏ပုံနှင့်ကမ္ပည်းစာဖြစ်ပါသည်”ဟု လျှောက်ကြ၏။ ယေရှုကလည်း“ဆီဇာဧကရာဇ်နှင့်ဆိုင်သောအရာများကို ဆီဇာဧကရာဇ်အားဆက်သ၍ ဘုရားသခင်နှင့်ဆိုင်သောအရာများကို ဘုရားသခင်အားဆက်သကြလော့”ဟု မိန့်တော်မူရာ သူတို့သည် ကိုယ်တော်ကိုအံ့သြကြ၏။ ထို့နောက် ရှင်ပြန်ထမြောက်ခြင်းမရှိဟုပြောကြသော ဇဒ္ဒုကဲတို့သည် အထံတော်သို့လာ၍ “ဆရာ၊ တစ်စုံတစ်ဦး၏အစ်ကိုသည် သားသမီးမထွန်းကားဘဲသေဆုံး၍ မယားကိုထားခဲ့လျှင် ညီဖြစ်သူသည် မိမိအစ်ကို၏မျိုးဆက်ကိုပေါက်ပွားစေရန် ထိုမိန်းမကိုယူရမည်ဟု မောရှေက အကျွန်ုပ်တို့အတွက် စီရင်ရေးထားခဲ့ပါသည်။ ညီအစ်ကိုခုနစ်ဦးရှိခဲ့ရာ အစ်ကိုအကြီးဆုံးသည် မိန်းမယူပြီး မျိုးဆက်မထားခဲ့ဘဲ သေဆုံးသွားပါသည်။ ထိုအခါ ဒုတိယညီသည် ထိုမိန်းမကိုယူ၍ မျိုးဆက်မထားခဲ့ဘဲ သေဆုံးသွားပြန်သည်။ တတိယညီသည်လည်း ထိုနည်းတူဖြစ်ပြီး ခုနစ်ဦးစလုံးသည်မျိုးဆက်မထားခဲ့ဘဲ သေဆုံးကြသည်။ နောက်ဆုံးတွင် ထိုမိန်းမသည်လည်း သေဆုံးသွားပါသည်။ ရှင်ပြန်ထမြောက်ရာကာလ၌ သူတို့ထမြောက်ကြသောအခါ ထိုမိန်းမသည် မည်သူ၏မယားဖြစ်ပါမည်နည်း။ အကြောင်းမူကား ခုနစ်ဦးစလုံး ထိုမိန်းမကို မယားအဖြစ် ပေါင်းဖက်ခဲ့ကြပါသည်”ဟု မေးလျှောက်ကြ၏။ ယေရှုကလည်း“သင်တို့သည် ကျမ်းစာကိုလည်းကောင်း၊ ဘုရားသခင်၏တန်ခိုးတော်ကိုလည်းကောင်း မသိသောကြောင့် ဤသို့အယူလွဲနေကြသည်မဟုတ်လော။ အကြောင်းမူကား လူတို့သည် သေသောသူတို့ထဲမှ ထမြောက်ကြသောအခါ ထိမ်းမြားစုံဖက်ခြင်းကိုမပြု၊ ပေးစားဆောင်နှင်းခြင်းလည်းမရှိဘဲ ကောင်းကင်ဘုံ၌ရှိသော ကောင်းကင်တမန်များကဲ့သို့ဖြစ်ကြ၏။ သေသောသူတို့၏ထမြောက်ခြင်းနှင့်ပတ်သက်၍ မောရှေ၏ကျမ်း၌ ချုံပုတ်အကြောင်းရေးထားသောအခန်းတွင် ဘုရားသခင်က ‘ငါသည် အာဗြဟံ၏ဘုရား၊ ဣဇက်၏ဘုရား၊ ယာကုပ်၏ဘုရားဖြစ်၏’ဟု မောရှေအား မိန့်တော်မူခဲ့သည်ကို သင်တို့မဖတ်ဖူးကြသလော။ ဘုရားသခင်သည် သေသောသူတို့၏ဘုရားမဟုတ်ဘဲ အသက်ရှင်သောသူတို့၏ဘုရားဖြစ်၏။ သင်တို့သည် လွန်စွာအယူလွဲကြပြီ”ဟု မိန့်တော်မူ၏။