YouVersion လိုဂို
ရှာရန် အိုင်ကွန်

ရှင်မာကုခရစ်ဝင် 12

12
စပျစ်ခြံပိုင်ရှင်ပုံဥပမာ
1ထို့နောက် ယေရှု​သည် ပုံ​ဥပမာ​များ​ဖြင့် သူ​တို့​အား မြွက်ဆို​တော်မူ​သည်​မှာ“လူ​တစ်​ဦး​သည် စပျစ်ခြံ​ကို​စိုက်ပျိုး​၍ ခြံစည်းရိုး​ခတ်​လျက် စပျစ်သီး​နယ်​ရာ​ကျင်း​ကို​တူး​ကာ မျှော်စင်​ကို​ဆောက်​လေ​၏။ ထို့နောက် ထို​ခြံ​ကို ခြံသမား​တို့​အား​ငှားရမ်း​၍ ခရီးထွက်​လေ​၏။ 2အသီး​ပေါ်​ချိန်​ရောက်​သောအခါ ခြံသမား​တို့​ထံမှ စပျစ်ခြံ​ထွက်​အသီး​များ​ကို​ရယူ​ရန် အစေအပါး​တစ်​ဦး​ကို ခြံသမား​တို့​ထံသို့​စေလွှတ်​လေ​၏။ 3ထိုအခါ သူ​တို့​သည် ထို​အစေအပါး​ကို ဖမ်းဆီး​၍​ရိုက်နှက်​ကာ လက်ချည်း​သက်သက်​ပြန်လွှတ်​ကြ​၏။ 4နောက်တစ်ဖန် အခြား​အစေအပါး​တစ်​ဦး​ကို သူ​တို့​ထံသို့​စေလွှတ်​လိုက်​ရာ ဦးခေါင်း​ကို​ရိုက်​၍ သူ့​ကို​အရှက်ခွဲ​ကြ​၏။ 5တစ်ဖန် အခြား​တစ်​ဦး​ကို စေလွှတ်​ပြန်​လျှင် သူ့​ကို​သတ်​ပစ်​ကြ​၏။ အခြား​သော​သူ​များစွာ​တို့​ကို​စေလွှတ်​သော်လည်း အချို့​တို့​ကို​ရိုက်နှက်​၍ အချို့​တို့​ကို​သတ်ပစ်​ကြ​၏။
6 သူ​၌​ချစ်​သော​သား​တစ်ဦးတည်း​ရှိ​တော့​၏။ ခြံ​ပိုင်ရှင်​က ‘သူ​တို့​သည် ငါ့​သား​ကို​ရိုသေ​ကြ​လိမ့်မည်’​ဟု ဆို​လျက် နောက်ဆုံး​တွင် ထို​သား​ကို သူ​တို့​ထံသို့​စေလွှတ်​လေ​၏။ 7သို့သော် ခြံသမား​တို့​က ‘ဤ​သူ​သည်​အမွေခံ​ဖြစ်​၏။ လာ​ကြ။ သူ့​ကို​သတ်​ကြ​စို့။ သို့ပြုလျှင် အမွေ​သည် ငါ​တို့​ဥစ္စာ​ဖြစ်လာ​လိမ့်မည်’​ဟု အချင်းချင်း​ပြောဆို​ကြ​လျက် 8သူ့​ကို​ဖမ်းဆီး​၍ သတ်​ပြီးလျှင် စပျစ်ခြံ​အပြင်​သို့ ထုတ်​ပစ်​ကြ​၏။
9 သို့ဖြစ်လျှင် စပျစ်ခြံ​ပိုင်ရှင်​သည် မည်သို့​ပြု​မည်နည်း။ သူ​သည်​လာ​၍ ခြံသမား​တို့​ကို​အဆုံးစီရင်​ကာ စပျစ်ခြံ​ကို အခြား​သော​သူ​တို့​အား​ပေး​လိမ့်မည်။ 10‘တိုက်​ဆောက်​သူ​များ​ပယ်​ထား​သော​ကျောက်​သည် ထိပ်ဆုံး​ထောင့်ချုပ်​ကျောက်​ဖြစ်လာ​၏။ 11ဤ​အမှု​သည် ထာဝရ​ဘုရား​အားဖြင့်​ဖြစ်လာ​၍ ငါ​တို့​၏​မျက်မှောက်​၌ အံ့သြဖွယ်​ဖြစ်​၏’​ဟူသော​ကျမ်းချက်​ကို မ​ဖတ်​ဖူး​ကြ​သလော”​ဟု မိန့်​တော်မူ​၏။
12ထိုအခါ သူ​တို့​သည် ထို​ပုံ​ဥပမာ​ကို မိမိ​တို့​အား​ရည်ညွှန်း​၍ မိန့်​တော်မူ​ကြောင်း​သိ​ကြ​သဖြင့် ကိုယ်တော်​ကို​ဖမ်းဆီး​ရန် ရှာကြံ​ကြ​၏။ သို့သော် လူထု​ပရိသတ်​ကို​ကြောက်​သောကြောင့် ကိုယ်တော်​ကို​ထားခဲ့​၍ ထွက်သွား​ကြ​၏။
ဘုရားသခင်နှင့်ဆီဇာဧကရာဇ်
13ထို့နောက် သူ​တို့​သည် နှုတ်​တော်​ထွက်​စကား​အားဖြင့် ကိုယ်တော်​ကို​အပြစ်ရှာ​နိုင်​ရန် ဖာရိရှဲ​နှင့်​ဟေရုဒ်​၏​လူ​အချို့​တို့​ကို အထံ​တော်​သို့​စေလွှတ်​ကြ​၏။ 14သူ​တို့​သည်​လာ​၍ ကိုယ်တော်​အား “ဆရာ၊ ဆရာ​သည် ဖြောင့်မှန်​သော​သူ​ဖြစ်​ပြီး မည်သူ့​ကို​မျှ​အား​မ​နာ​ကြောင်း အကျွန်ုပ်​တို့​သိ​ကြ​ပါ​၏။ အဘယ်ကြောင့်​ဆိုသော် ဆရာ​သည် လူ့​မျက်နှာ​ကို​မ​ထောက်​ဘဲ ဘုရားသခင်​၏​တရား​လမ်း​ကို သမ္မာတရား​နှင့်အညီ​သွန်သင်​ပါ​၏။ ဆီဇာ​ဧကရာဇ်​ကို အခွန်​ဆက်သ​ခြင်း​သည် တရား​တော်​နှင့်​ညီ​သလော​၊ သို့မဟုတ် မ​ညီ​သလော။ အကျွန်ုပ်​တို့​ဆက်သ​သင့်​သလော​၊ သို့မဟုတ် မ​ဆက်သ​သင့်​သလော”​ဟု မေးလျှောက်​ကြ​၏။
15သို့သော် ကိုယ်တော်​သည် သူ​တို့​၏​သူတော်ကောင်း​ယောင်ဆောင်​မှု​ကို သိ​တော်မူ​၍“အဘယ်ကြောင့် ငါ့​ကို​စမ်းသပ်​ကြ​သနည်း။ ငါ​ကြည့်​ရန်​အတွက် ဒေနာရိ​တစ်​ပြား​ကို ငါ့​ထံ​ယူ​ခဲ့​ကြ​လော့”​ဟု မိန့်​တော်မူ​၏။ 16သူ​တို့​ယူလာ​ကြ​သောအခါ ကိုယ်တော်​က“ဤသည်ကား မည်သူ​၏​ပုံ၊ မည်သူ​၏​ကမ္ပည်းစာ​ဖြစ်​သနည်း”​ဟု မေး​တော်မူ​လျှင် သူ​တို့​က “ဆီဇာ​ဧကရာဇ်​၏​ပုံ​နှင့်​ကမ္ပည်းစာ​ဖြစ်​ပါ​သည်”​ဟု လျှောက်​ကြ​၏။ 17ယေရှု​က​လည်း“ဆီဇာ​ဧကရာဇ်​နှင့်ဆိုင်သော​အရာ​များ​ကို ဆီဇာ​ဧကရာဇ်​အား​ဆက်သ​၍ ဘုရားသခင်​နှင့်ဆိုင်သော​အရာ​များ​ကို ဘုရားသခင်​အား​ဆက်သ​ကြ​လော့”​ဟု မိန့်​တော်မူ​ရာ သူ​တို့​သည် ကိုယ်တော်​ကို​အံ့သြ​ကြ​၏။
ဇဒ္ဒုကဲများနှင့်ရှင်ပြန်ထမြောက်ခြင်း
18ထို့နောက် ရှင်ပြန်​ထမြောက်​ခြင်း​မ​ရှိ​ဟု​ပြော​ကြ​သော ဇဒ္ဒုကဲ​တို့​သည် အထံ​တော်​သို့​လာ​၍ 19“ဆရာ၊ တစ်စုံတစ်ဦး​၏​အစ်ကို​သည် သားသမီး​မ​ထွန်းကား​ဘဲ​သေဆုံး​၍ မယား​ကို​ထား​ခဲ့​လျှင် ညီ​ဖြစ်​သူ​သည် မိမိ​အစ်ကို​၏​မျိုးဆက်​ကို​ပေါက်ပွား​စေရန် ထို​မိန်းမ​ကို​ယူ​ရ​မည်#တရား 25:5။​ဟု မောရှေ​က အကျွန်ုပ်​တို့​အတွက် စီရင်​ရေး​ထား​ခဲ့​ပါ​သည်။ 20ညီအစ်ကို​ခုနစ်​ဦး​ရှိ​ခဲ့​ရာ အစ်ကို​အကြီးဆုံး​သည် မိန်းမ​ယူ​ပြီး မျိုးဆက်​မ​ထားခဲ့​ဘဲ သေဆုံး​သွား​ပါ​သည်။ 21ထိုအခါ ဒုတိယ​ညီ​သည် ထို​မိန်းမ​ကို​ယူ​၍ မျိုးဆက်​မ​ထား​ခဲ့​ဘဲ သေဆုံး​သွား​ပြန်​သည်။ တတိယ​ညီ​သည်​လည်း ထိုနည်းတူ​ဖြစ်​ပြီး 22ခုနစ်​ဦး​စလုံး​သည်​မျိုးဆက်​မ​ထားခဲ့​ဘဲ သေဆုံး​ကြ​သည်။ နောက်ဆုံး​တွင် ထို​မိန်းမ​သည်​လည်း သေဆုံး​သွား​ပါ​သည်။ 23ရှင်ပြန်​ထမြောက်​ရာ​ကာလ​၌ သူ​တို့​ထမြောက်​ကြ​သောအခါ ထို​မိန်းမ​သည် မည်သူ​၏​မယား​ဖြစ်​ပါ​မည်နည်း။ အကြောင်းမူကား ခုနစ်​ဦး​စလုံး ထို​မိန်းမ​ကို မယား​အဖြစ် ပေါင်းဖက်​ခဲ့​ကြ​ပါ​သည်”​ဟု မေးလျှောက်​ကြ​၏။ 24ယေရှု​က​လည်း“သင်​တို့​သည် ကျမ်းစာ​ကို​လည်းကောင်း၊ ဘုရားသခင်​၏​တန်ခိုး​တော်​ကို​လည်းကောင်း မ​သိ​သောကြောင့် ဤသို့​အယူလွဲ​နေ​ကြ​သည်​မ​ဟုတ်​လော။ 25အကြောင်းမူကား လူ​တို့​သည် သေ​သော​သူ​တို့​ထဲမှ ထမြောက်​ကြ​သောအခါ ထိမ်းမြား​စုံဖက်​ခြင်း​ကို​မ​ပြု၊ ပေးစား​ဆောင်နှင်း​ခြင်း​လည်း​မ​ရှိ​ဘဲ ကောင်းကင်​ဘုံ​၌​ရှိ​သော ကောင်းကင်တမန်​များ​ကဲ့သို့​ဖြစ်​ကြ​၏။ 26သေ​သော​သူ​တို့​၏​ထမြောက်​ခြင်း​နှင့်​ပတ်သက်၍ မောရှေ​၏​ကျမ်း​၌ ချုံပုတ်​အကြောင်း​ရေး​ထား​သော​အခန်း​တွင် ဘုရားသခင်​က ‘ငါ​သည် အာဗြဟံ​၏​ဘုရား၊ ဣဇက်​၏​ဘုရား၊ ယာကုပ်​၏​ဘုရား​ဖြစ်​၏’​ဟု မောရှေ​အား မိန့်​တော်မူ​ခဲ့​သည်​ကို သင်​တို့​မ​ဖတ်​ဖူး​ကြ​သလော။ 27ဘုရားသခင်​သည် သေ​သော​သူ​တို့​၏​ဘုရား​မ​ဟုတ်​ဘဲ အသက်ရှင်​သော​သူ​တို့​၏​ဘုရား​ဖြစ်​၏။ သင်​တို့​သည် လွန်စွာ​အယူလွဲ​ကြ​ပြီ”​ဟု မိန့်​တော်မူ​၏။
ကြီးမြတ်သည့်ပညတ်ချက်နှစ်ပါး
28ထိုအခါ ကျမ်းပြု​ဆရာ​တစ်​ဦး​သည် ချဉ်းကပ်​လာ​၍ သူ​တို့​ငြင်းခုံ​ပြောဆို​နေ​ကြ​သည်​ကို​ကြား​ပြီး ကိုယ်တော်​သည် သူ​တို့​အား လျောက်ပတ်​စွာ​ဖြေကြား​တော်မူ​သည်​ကို​မြင်​လျှင် “ပညတ်ချက်​အားလုံး​တွင် မည်သည့်​ပညတ်​ချက်​သည် ပထမ​ဖြစ်​သနည်း”​ဟု မေးလျှောက်​လေ​၏။
29ယေရှု​က“ပထမ​ပညတ်ချက်​မှာ ‘အို အစ္စရေး​အမျိုး၊ နားထောင်​လော့။ ငါ​တို့​၏​ဘုရားသခင်​ထာဝရ​ဘုရား​သည် တစ်ဆူတည်း​သော​ထာဝရ​ဘုရား​ဖြစ်​တော်မူ​၏။#မာ 12:32၊ ၁ကော 8:4၊ 6၊ ဂလ 3:20၊ ၁တိ 2:5၊ တရား 4:35၊ 6:4၊ ဟေရှာ 43:10-11၊ 45:18,22၊ 46:9။ 30သင်​၏​ဘုရားသခင် ထာဝရ​ဘုရား​ကို သင်​၏​စိတ်နှလုံး​အကြွင်းမဲ့၊ သင်​၏​စိတ်​ဝိညာဉ်​တစ်ခုလုံး၊ သင်​၏​အသိဉာဏ်​ရှိသမျှ​နှင့် သင်​၏​အစွမ်းသတ္တိ​ရှိသမျှ​တို့​ဖြင့် ချစ်​ရ​မည်’​ဟူ၍ ဖြစ်​၏။ 31ဒုတိယ​ပညတ်ချက်​မှာ ‘ကိုယ့်​ဝန်းကျင်​၌​ရှိ​သော​သူ​ကို ကိုယ်​နှင့်အမျှ​ချစ်​ရ​မည်’#မ 22:39၊ မာ 12:33၊ လု 10:27၊ ယာ 2:8၊ ဝတ် 19:18။ဟူ၍ ဖြစ်​၏။ ဤ​ပညတ်ချက်​နှစ်ပါး​ထက်​ကြီးမြတ်​သော အခြား​ပညတ်​မ​ရှိ”​ဟု ဖြေကြား​တော်မူ​၏။
32ထို​ကျမ်းပြု​ဆရာ​က​လည်း “မှန်​ပါ​၏​ဆရာ။ ဘုရားသခင်​သည် တစ်ဆူတည်း​ရှိ​၍ ထို​ဘုရားသခင်​မှတစ်ပါး အခြား​ဘုရား​မ​ရှိ​ဟု ဆရာ​ပြော​သည်​မှာ ဟုတ်မှန်​ပါ​၏။ 33ဘုရားသခင်​ကို စိတ်နှလုံး​အကြွင်းမဲ့၊ ဉာဏ်စွမ်း​ရှိသမျှ၊ အစွမ်းသတ္တိ​ရှိသမျှ​တို့​ဖြင့်​ချစ်​၍ ဝန်းကျင်​၌​ရှိ​သော​သူ​ကို ကိုယ်​နှင့်အမျှ​ချစ်​ခြင်း​သည်​လည်း မီးရှို့​ရာ​ယဇ်​နှင့် ယဇ်​ပူဇော်​ခြင်း​အပေါင်း​တို့​ထက် သာ၍​မြတ်​ပါ​၏”​ဟု လျှောက်​လေ​၏။
34ထို​သူ​သည် ပညာ​ရှိ​စွာ​ဖြေကြား​သည်​ကို ယေရှု​မြင်​တော်မူ​လျှင်“သင်​သည် ဘုရားသခင်​၏​နိုင်ငံ​တော်​နှင့်​မ​ဝေး”​ဟု သူ့​အား မိန့်​တော်မူ​၏။ ထို​အချိန်​မှစ၍ မည်သူမျှ ကိုယ်တော်​အား မေးခွန်း​များ​မ​မေး​ဝံ့​တော့ချေ။
ခရစ်တော်နှင့်ပတ်သက်သည့်မေးခွန်း
35တစ်ဖန် ယေရှု​သည် ဗိမာန်​တော်​၌ သွန်သင်​တော်မူ​စဉ်“ခရစ်တော်​သည် ဒါဝိဒ်​၏​သား​ဖြစ်​သည်​ဟု ကျမ်းပြု​ဆရာ​တို့​က မည်သို့​ပြောဆို​နိုင်​ကြ​သနည်း။ 36ဒါဝိဒ်​ကိုယ်တိုင် သန့်ရှင်း​သော​ဝိညာဉ်​တော်​အားဖြင့် ‘ထာဝရ​ဘုရား​သည် ငါ​၏​သခင်​အား သင်​၏​ရန်သူ​တို့​ကို သင်​၏​ခြေဖဝါး​အောက်၌ ငါ​ချ​ထား​သည့်​တိုင်အောင် ငါ​၏​လက်ယာ​ဘက်​၌ ထိုင်​နေ​လော့​ဟု မိန့်​တော်မူ​၏’#မ 22:44၊ လု 20:43၊ တ 2:35၊ ဟေဗြဲ 1:13၊ 10:12-13၊ ဆာ 110:1။ဟူ၍ ဆိုထား​၏။ 37ဒါဝိဒ်​ကိုယ်တိုင် ခရစ်တော်​ကို ‘သခင်’​ဟု ခေါ်​လျှင် ခရစ်တော်​သည် မည်ကဲ့သို့ သူ​၏​သား​ဖြစ်နိုင်​မည်နည်း”​ဟု မိန့်​တော်မူ​၏။ များစွာ​သော​လူထု​ပရိသတ်​သည် ကိုယ်တော်​၏​စကား​တော်​ကို ဝမ်းမြောက်​စွာ​နားထောင်​နေ​ကြ​၏။
ကျမ်းပြုဆရာများကိုသတိထားရန် မိန့်တော်မူခြင်း
38ကိုယ်တော်​သည် ဆက်၍​ဟောပြော​သွန်သင်​တော်မူ​ရာ​၌“ကျမ်းပြု​ဆရာ​တို့​ကို သတိထား​ကြ​လော့။ သူ​တို့​သည် ဝတ်လုံ​ကို​ဝတ်​၍ သွားလာ​ခြင်း​ကို​လည်းကောင်း၊ ဈေး​အရပ်​၌ နှုတ်ဆက်​ခံရ​ခြင်း​ကို​လည်းကောင်း၊ 39ဝတ်ပြု​စည်းဝေး​ကျောင်း​များ​၌ အထူး​ထိုင်ခုံ​များ​ကို​လည်းကောင်း၊ စားသောက်ပွဲ​များ​၌ အထူး​နေရာ​များ​ကို​လည်းကောင်း နှစ်သက်​ကြ​၏။ 40သူ​တို့​သည် မုဆိုးမ​တို့​၏​အိမ်​ကို​မတရား​သိမ်းယူ​ပြီး ဟန်ပြ​၍ ရှည်လျား​စွာ​ဆုတောင်း​တတ်​ကြ​၏။ သူ​တို့​သည် ပို၍​ကြီးလေး​သော​ပြစ်ဒဏ်​စီရင်​ခြင်း​ကို ခံ​ရ​ကြ​လိမ့်မည်”​ဟု မိန့်​တော်မူ​၏။
မုဆိုးမ၏အလှူ
41ထို့နောက် ကိုယ်တော်​သည် အလှူခံ​သေတ္တာ​ဘက်​သို့​မျက်နှာမူ​လျက် ထိုင်​တော်မူ​၍ လူ​တို့​သည် ကြေး​ဒင်္ဂါး​ကို အလှူခံ​သေတ္တာ​ထဲသို့ ထည့်​နေ​ကြ​ပုံ​ကို ကြည့်ရှု​တော်မူ​၏။ ချမ်းသာ​သော​သူ​များစွာ​တို့​သည် အမြောက်အမြား​ထည့်​ကြ​၏။ 42ထိုစဉ် ဆင်းရဲ​သော​မုဆိုးမ​တစ်​ဦး​သည် လာ​၍ ကွတ်ရန်တေး​တစ်​ပြား​နှင့်ညီသော လတ္တာ​နှစ်​ပြား​ကို​ထည့်​လေ​၏။
43ထိုအခါ ကိုယ်တော်​သည် တပည့်​တော်​တို့​ကို​ခေါ်​၍“သင်​တို့​အား ငါ​အမှန်​ဆို​သည်​ကား ဤ​ဆင်းရဲ​သော​မုဆိုးမ​သည် အလှူခံ​သေတ္တာ​ထဲသို့ ထည့်​သော​သူ​အားလုံး​ထက် ပို၍​ထည့်​လေ​ပြီ။ 44အကြောင်းမူကား သူ​တို့​အားလုံး​သည် မိမိ​တို့​၏​ကြွယ်ဝ​ပြည့်စုံ​မှု​ထဲမှ ထည့်​ကြ​၏။ ဤ​မုဆိုးမ​မူကား မိမိ​၏​ဆင်းရဲ​ချို့တဲ့​မှု​ထဲမှ သူ​၌​ရှိ​သမျှ​သော​အရာ​အားလုံး၊ သူ​၏​အသက်မွေး​စရာ​အားလုံး​ကို ထည့်​လေ​ပြီ”​ဟု မိန့်​တော်မူ​၏။

လက်ရှိရွေးချယ်ထားမှု

ရှင်မာကုခရစ်ဝင် 12: MSBU

အရောင်မှတ်ချက်

မျှဝေရန်

ကူးယူ

None

မိမိစက်ကိရိယာအားလုံးတွင် မိမိအရောင်ချယ်သောအရာများကို သိမ်းဆည်းထားလိုပါသလား။ စာရင်းသွင်းပါ (သို့) အကောင့်ဝင်လိုက်ပါ

YouVersion သည် မိမိအတွေ့အကြုံကို စိတ်ကြိုက်ပြင်ဆင်ရန် ကွတ်ကီးများကို အသုံးပြုသည်။ ကျွန်ုပ်တို့၏ဝဘ်ဆိုဒ်ကိုအသုံးပြုခြင်းဖြင့် ကျွန်ုပ်တို့၏ ကိုယ်ရေးကိုယ်တာမူဝါဒတွင်ဖော်ပြထားသည့်အတိုင်း ကျွန်ုပ်တို့၏ cookies အသုံးပြုမှုကို လက်ခံပါသည်။