YouVersion လိုဂို
ရှာရန် အိုင်ကွန်

ရှင်မာကုခရစ်ဝင် 11

11
ဩဘာပေးခြင်းခံရလျက် ဂျေရုဆလင်မြို့သို့ကြွဝင်တော်မူခြင်း
1သူ​တို့​သည် ဂျေရုဆလင်​မြို့​နှင့်​နီးကပ်​လာ​၍ သံလွင်​တောင်​ခြေ​ရှိ ဗက်ဖာဂေ​ရွာ​နှင့်​ဗေသနိ​ရွာ​သို့ ရောက်လာ​ကြ​သောအခါ ယေရှု​သည် တပည့်​တော်​နှစ်​ပါး​ကို​စေလွှတ်​၍ 2“သင်​တို့​ရှေ့​က​ရွာ​ထဲသို့ သွား​ကြ​လော့။ ရွာ​ထဲသို့​ဝင်လျှင်ဝင်ချင်း​မည်သူ​မျှ​မ​စီး​ဖူး​သော မြည်း​ကလေး​တစ်​ကောင်​ချည်​ထား​သည်​ကို သင်​တို့​တွေ့​ကြ​လိမ့်မည်။ ၎င်း​ကို​ကြိုး​ဖြေ​၍ ခေါ်ဆောင်​လာ​ကြ​လော့။ 3တစ်စုံတစ်ယောက်​က ‘အဘယ်ကြောင့် ဤသို့​ပြု​ကြ​သနည်း’​ဟု သင်​တို့​ကို​မေး​လျှင် ‘သခင်​ဘုရား​အလို​ရှိ​သည်။ ဤ​နေရာ​သို့ ချက်ချင်း​ပြန်​ပို့ပေး​ပါ​လိမ့်မည်’​ဟု ပြော​ကြ​လော့”​ဟူ၍ မိန့်​တော်မူ​၏။
4ထို့ကြောင့် သူ​တို့​သည်​ထွက်သွား​၍ လမ်း​ဘေး​အိမ်​တံခါး​တွင်​ချည်​ထား​သော မြည်း​ကလေး​တစ်​ကောင်​ကို​တွေ့​သဖြင့် ၎င်း​ကို​ကြိုး​ဖြေ​ကြ​၏။ 5ထိုအခါ ထို​နေရာ​၌​ရပ်​နေ​သော​သူ​အချို့​တို့​က “မြည်း​ကလေး​ကို​ကြိုး​ဖြေ​၍ ဘာ​လုပ်​နေ​ကြ​သနည်း”​ဟု မေး​ကြ​၏။ 6သူ​တို့​က​လည်း ယေရှု​မိန့်မှာ​တော်မူ​သည့်​အတိုင်း ပြန်ပြော​ကြ​ရာ ထို​သူ​တို့​သည်​ခွင့်ပြု​ကြ​၏။ 7ထို့နောက် မြည်း​ကလေး​ကို ယေရှု​ထံသို့​ခေါ်ဆောင်​လာ​ပြီးလျှင် ၎င်း​အပေါ်၌ သူ​တို့​၏​အဝတ်​များ​ကို​ခင်း​ကြ​ရာ ကိုယ်တော်​သည် ထို​မြည်း​ကို​စီး​တော်မူ​၏။ 8များစွာ​သော​လူ​တို့​သည်​လည်း မိမိ​တို့​၏​ဝတ်ရုံ​များ​ကို လမ်း​ပေါ်၌​ခင်း​ကြ​၏။ အချို့​တို့​မူကား ကွင်းပြင်​မှ​သစ်ခက်​သစ်ရွက်​များ​ကို​ခုတ်​လာ​၍ ခင်း​ကြ​၏။ 9ရှေ့​မှ​သွား​သော​သူ​တို့​နှင့် နောက်​မှ​လိုက်​သော​သူ​တို့​က “ဟောရှဏ္ဏ၊ ထာဝရ​ဘုရား​၏​နာမ​တော်​၌ ကြွလာ​တော်မူ​သော​အရှင်​သည် မင်္ဂလာရှိ​စေ​သတည်း။ 10ပေါ်ထွန်း​တော့​မည့် ငါ​တို့​အဖ​ဒါဝိဒ်​၏​နိုင်ငံ​တော်​သည် မင်္ဂလာရှိ​စေ​သတည်း။ အမြင့်ဆုံး​သော​အရပ်​၌ ဟောရှဏ္ဏ​ဖြစ်​စေ​သတည်း”​ဟု ကြွေးကြော်​ကြ​၏။
11ဤသို့ဖြင့် ကိုယ်တော်​သည် ဂျေရုဆလင်​မြို့​ထဲသို့​ဝင်​၍ ဗိမာန်​တော်​သို့​ကြွ​တော်မူ​၏။ အရာရာ​တို့​ကို လှည့်လည်​ကြည့်ရှု​တော်မူ​ပြီးလျှင် ညနေချမ်း​အချိန်​ရောက်​ပြီ​ဖြစ်​၍ တစ်ဆယ့်နှစ်​ပါး​သော​တပည့်​တော်​တို့​နှင့်အတူ ဗေသနိ​ရွာ​သို့​ကြွ​တော်မူ​၏။
အသီးမသီးသောသဖန်းပင်
12နောက်တစ်နေ့​၌ ဗေသနိ​ရွာ​မှ သူ​တို့​ထွက်ခွာ​ကြ​သောအခါ ကိုယ်တော်​သည် ဆာလောင်​တော်မူ​၏။ 13ထိုစဉ် အရွက်​များ​ဝေဆာ​နေ​သော သဖန်းပင်​တစ်​ပင်​ကို အဝေး​မှ​မြင်​၍ ထို​အပင်​၌ တစ်စုံတစ်ခု​တွေ့​လို​တွေ့​ငြား အပင်​ရှိ​ရာ​သို့​ကြွ​တော်မူ​၏။ သို့သော် ရောက်​တော်မူ​သောအခါ သဖန်းသီး​ပေါ်​ချိန်​မ​ဟုတ်​သောကြောင့် ၎င်း​တွင် အရွက်​များ​မှလွဲ၍ မည်သည့်​အရာ​ကို​မျှ​တွေ့​တော်​မ​မူ​ချေ။ 14ထိုအခါ ထို​အပင်​အား“သင့်​ထံမှ​အသီး​ကို ယခု​မှစ၍ ကာလ​အစဉ်အဆက် မည်သူမျှ မ​စား​ရ​ပါစေ​နှင့်”​ဟု မိန့်​တော်မူ​၏။ တပည့်​တော်​တို့​သည်​လည်း​ကြား​ကြ​၏။
ဗိမာန်တော်ကိုသန့်ရှင်းစေတော်မူခြင်း
15သူ​တို့​သည် ဂျေရုဆလင်​မြို့​သို့​ရောက်​ကြ​သောအခါ ကိုယ်တော်​သည် ဗိမာန်​တော်​ထဲသို့​ဝင်​၍ ဗိမာန်​တော်​၌ ရောင်း​ဝယ်​နေ​သော​သူ​တို့​ကို​နှင်ထုတ်​ကာ ငွေကြေး​လဲလှယ်​သူ​တို့​၏​စားပွဲ​များ​နှင့် ချိုးငှက်​ရောင်း​သူ​တို့​၏​ထိုင်ခုံ​များ​ကို မှောက်လှန်​တော်မူ​၏။ 16ထို့ပြင် ဗိမာန်​တော်​ကို​ဖြတ်​၍ ကုန်​ပစ္စည်း​များ​သယ်ဆောင်​ရန် မည်သူ့​ကို​မျှ ခွင့်ပြု​တော်​မ​မူ။ 17ကိုယ်တော်​သည် သူ​တို့​အား​သွန်သင်​လျက်“ ‘ငါ့​အိမ်​သည် လူမျိုး​တကာ​တို့​၏​ဆုတောင်း​ရာ​အိမ်​ဟူ၍ ခေါ်ဝေါ်​ခြင်း​ကို​ခံရ​လိမ့်မည်’​ဟု ကျမ်းစာ​၌​ရေး​ထား​သည်​မ​ဟုတ်​လော။ သို့သော် သင်​တို့​သည် ၎င်း​ကို ဓားပြ​တို့​ခိုအောင်း​ရာ​ဖြစ်​စေ​ကြ​ပြီ​တကား”#မ 21:13၊ လု 19:46၊ ဟေရှာ 56:7၊ ယေ 7:11။​ဟု မိန့်​တော်မူ​၏။
18ယဇ်ပုရောဟိတ်​အကြီးအကဲ​များ​နှင့် ကျမ်းပြု​ဆရာ​များ​သည် ထို​အကြောင်း​ကို​ကြားသိ​သောအခါ ကိုယ်တော်​ကို သတ်​နိုင်​မည့်​နည်းလမ်း​ကို ရှာကြံ​ကြ​၏။ အကြောင်းမူကား လူထု​ပရိသတ်​အပေါင်း​တို့​သည် ကိုယ်တော်​၏​သွန်သင်​ချက်​ကို အံ့ဩ​ချီးမွမ်း​ကြ​သောကြောင့် သူ​တို့​သည် ကိုယ်တော်​ကို​ကြောက်ရွံ့​ကြ​၏။
19မှောင်ရီပျိုးစချိန်​ရောက်လာ​သောအခါ ယေရှု​နှင့်​တပည့်​တော်​တို့​သည် မြို့​ပြင်​သို့​ထွက်​သွား​ကြ​၏။
သဖန်းပင်ခြောက်သွေ့သွားခြင်း
20နံနက်​စောစော လမ်း​၌​ဖြတ်​သွား​ကြ​စဉ် အမြစ်​မှစ၍ ညှိုးနွမ်း​ခြောက်သွေ့​နေ​သော​သဖန်းပင်​ကို သူ​တို့​မြင်​ကြ​၏။ 21ထိုအခါ ပေတရု​သည် သတိရ​၍ “ရဗ္ဗိ၊ ကြည့်​ပါ။ ကိုယ်တော်​ကျိန်​တော်မူ​သော​သဖန်းပင်​သည် ညှိုးနွမ်း​ခြောက်သွေ့​ပါ​ပြီ”​ဟု လျှောက်​လေ​၏။
22ယေရှု​က​လည်း“ဘုရားသခင်​ကို ယုံကြည်​ကြ​လော့။ 23သင်​တို့​အား ငါ​အမှန်​ဆို​သည်​ကား မည်သူမဆို ဤ​တောင်​အား ‘ရွေ့​သွား​၍ ပင်လယ်​ထဲသို့​ကျ​လော့’​ဟု ဆို​လျက် မိမိ​စိတ်နှလုံး​ထဲ၌ သံသယ​ကင်းမဲ့​ကာ မိမိ​ဆို​သည့်​အတိုင်း​ဖြစ်​မည်​ဟု​ယုံကြည်​လျှင် ထို​သူ​ဆို​သည့်​အတိုင်း ဖြစ်​လိမ့်မည်။ 24ထို့ကြောင့် သင်​တို့​အား ငါ​ဆို​မည်။ သင်​တို့​ဆုတောင်း​သောအခါ တောင်းလျှောက်​သမျှ​သော​အရာ​တို့​ကို ရရှိ​ပြီ​ဟု​ယုံကြည်​ကြ​လော့။ ထိုအခါ သင်​တို့​အတွက် ထို​အတိုင်း​ဖြစ်​လိမ့်မည်။ 25သင်​တို့​သည် မတ်တတ်ရပ်​လျက် ဆုတောင်း​ကြ​သောအခါ တစ်ဦးတစ်ယောက်​အပေါ် အပြစ်တင်​စရာ​တစ်စုံတစ်ခု​ရှိ​လျှင် ခွင့်လွှတ်​ကြ​လော့။ သို့ပြုလျှင် ကောင်းကင်​ဘုံ​၌​ရှိ​တော်မူ​သော သင်​တို့​အဖ​သည်​လည်း သင်​တို့​ကျူးလွန်​သော​အပြစ်​များ​ကို ခွင့်လွှတ်​တော်မူ​မည်။ 26[သို့သော် သင်​တို့​ခွင့်​မ​လွှတ်​လျှင် ကောင်းကင်​ဘုံ​၌​ရှိ​တော်မူ​သော သင်​တို့​အဖ​သည်​လည်း သင်​တို့​ကျူးလွန်​သော​အပြစ်​များ​ကို ခွင့်လွှတ်​တော်မူ​မည်​မ​ဟုတ်]”​ဟု မိန့်​တော်မူ​၏။
ယေရှု၏အခွင့်အာဏာကိုမေးမြန်းခြင်း
27ထို့နောက် သူ​တို့​သည် ဂျေရုဆလင်​မြို့​သို့ တစ်ဖန်​ရောက်​ကြ​၏။ ကိုယ်တော်​သည် ဗိမာန်​တော်​ထဲ၌ ကြွ​တော်မူ​စဉ် ယဇ်ပုရောဟိတ်​အကြီးအကဲ​များ၊ ကျမ်းပြု​ဆရာ​များ​နှင့်​သက်ကြီးဝါကြီး​များ​သည် အထံ​တော်​သို့​လာ​၍ 28“သင်​သည် ဤ​အမှုအရာ​များ​ကို မည်သည့်​အခွင့်​အာဏာ​နှင့်​ပြု​သနည်း၊ သို့မဟုတ် ဤ​သို့​ပြု​နိုင်​သော​အခွင့်​အာဏာ​ကို မည်သူ​က သင့်​အား​ပေး​သနည်း”​ဟု မေးမြန်း​ကြ​၏။ 29ယေရှု​က​လည်း“ငါ​သည် သင်​တို့​ကို မေးခွန်း​တစ်​ခု​မေး​ဦး​မည်။ ငါ့​ကို​ဖြေ​ကြ​လော့။ သို့ပြုလျှင် ဤ​အရာ​များ​ကို မည်သည့်​အခွင့်​အာဏာ​နှင့်​ငါ​ပြု​ကြောင်း သင်​တို့​အား ငါ​ပြော​မည်။ 30ယောဟန်​၏​ဗတ္တိဇံ​သည် ကောင်းကင်​မှ​ဖြစ်​သလော​၊ သို့မဟုတ် လူ​တို့​ထံမှ​ဖြစ်​သလော။ ငါ့​ကို​ဖြေ​ကြ​လော့”​ဟု မိန့်​တော်မူ​၏။
31ထိုအခါ သူ​တို့​သည် အချင်းချင်း​ဆွေးနွေး​ပြောဆို​ကြ​ကာ “‘ကောင်းကင်​မှ​ဖြစ်​သည်’​ဟု ငါ​တို့​ပြော​လျှင် သူ​က ‘သို့ဖြစ်လျှင် အဘယ်ကြောင့် ယောဟန်​ကို​မ​ယုံ​ကြ​သနည်း’​ဟု ပြော​လိမ့်မည်။ 32‘လူ​တို့​ထံမှ​ဖြစ်​သည်’​ဟု ငါ​တို့​ပြော​လျှင်​လည်း​မ​ဖြစ်”​ဟု ဆို​ကြ​၏။ လူ​အပေါင်း​တို့​သည် ယောဟန်​ကို ပရောဖက်​ဖြစ်​သည်​ဟု အမှန်ပင် မှတ်ယူ​ကြ​သောကြောင့် သူ​တို့​သည် လူထု​ပရိသတ်​ကို​ကြောက်​ကြ​၏။ 33ထို့ကြောင့် သူ​တို့​က “အကျွန်ုပ်​တို့​မ​သိ​ပါ”​ဟု ယေရှု​အား ပြန်ဖြေ​ကြ​၏။ ထိုအခါ ယေရှု​က“ငါ​သည်​လည်း ဤ​အမှုအရာ​များ​ကို မည်သည့်​အခွင့်​အာဏာ​နှင့်​ပြု​ကြောင်း သင်​တို့​ကို​မ​ပြော”​ဟု သူ​တို့​အား မိန့်​တော်မူ​၏။

လက်ရှိရွေးချယ်ထားမှု

ရှင်မာကုခရစ်ဝင် 11: MSBU

အရောင်မှတ်ချက်

မျှဝေရန်

ကူးယူ

None

မိမိစက်ကိရိယာအားလုံးတွင် မိမိအရောင်ချယ်သောအရာများကို သိမ်းဆည်းထားလိုပါသလား။ စာရင်းသွင်းပါ (သို့) အကောင့်ဝင်လိုက်ပါ

YouVersion သည် မိမိအတွေ့အကြုံကို စိတ်ကြိုက်ပြင်ဆင်ရန် ကွတ်ကီးများကို အသုံးပြုသည်။ ကျွန်ုပ်တို့၏ဝဘ်ဆိုဒ်ကိုအသုံးပြုခြင်းဖြင့် ကျွန်ုပ်တို့၏ ကိုယ်ရေးကိုယ်တာမူဝါဒတွင်ဖော်ပြထားသည့်အတိုင်း ကျွန်ုပ်တို့၏ cookies အသုံးပြုမှုကို လက်ခံပါသည်။