YouVersion လိုဂို
ရှာရန် အိုင်ကွန်

ရှင်မာကုခရစ်ဝင် 10

10
ကွာရှင်းခြင်းနှင့်ဆိုင်သည့်သွန်သင်ချက်
1ထို့နောက် ကိုယ်တော်​သည် ထို​အရပ်​မှ​ထ​၍ ယုဒ​နယ်​ဆိုင်ရာ​အရပ်​ဒေသ​နှင့် ဂျော်ဒန်​မြစ်​တစ်ဖက်ကမ်း​သို့​ကြွ​တော်မူ​ရာ လူထု​ပရိသတ်​တို့​သည် အထံ​တော်​သို့ တစ်ဖန်​စုဝေး​လာ​ကြ​၏။ ကိုယ်တော်​သည်​လည်း ပြုလေ့​ရှိ​သည့်​အတိုင်း သူ​တို့​ကို​သွန်သင်​တော်မူ​၏။
2ထိုအခါ ဖာရိရှဲ​အချို့​တို့​သည် ကိုယ်တော်​ကို​စမ်းသပ်​လို​သဖြင့် ချဉ်းကပ်​လာ​၍ “လင်​ယောက်ျား​သည် မိမိ​မယား​ကို​ကွာရှင်း​ခြင်း​မှာ တရား​တော်​နှင့်​ညီ​သလော”​ဟု မေးလျှောက်​ကြ​၏။ 3ကိုယ်တော်​က​လည်း“မောရှေ​သည် သင်​တို့​ကို မည်ကဲ့သို့​ပညတ်​ထား​သနည်း”​ဟု ပြန်​၍​မိန့်​တော်မူ​လျှင် 4သူ​တို့​က “ဖြတ်စာ​ကို​ရေး​၍ ကွာရှင်း​ရန်#မ 5:31၊ 19:7၊ တရား 24:1။ မောရှေ​က ခွင့်ပြု​ထား​ပါ​သည်”​ဟု ပြန်​လျှောက်​ကြ​၏။
5ယေရှု​က​လည်း“သင်​တို့​၏​စိတ်နှလုံး​မာကျော​သောကြောင့် သူ​သည် ဤ​ပညတ်​ချက်​ကို သင်​တို့​အတွက်​ရေး​ခဲ့​ခြင်း​ဖြစ်​၏။ 6သို့သော် ဖန်ဆင်း​ခြင်း​၏​အစအဦး​က​ပင် ဘုရားသခင်​သည် သူ​တို့​ကို ယောက်ျား​နှင့်​မိန်းမ​အဖြစ် ဖန်ဆင်း​တော်မူ​၏။#မ 19:4၊ က 1:27၊ 5:2။ 7ထို​အကြောင်း​ကြောင့် ယောက်ျား​သည် မိမိ​၏​မိခင်​နှင့်​ဖခင်​တို့​ကို​စွန့်ခွာ​၍ မိမိ​မယား​နှင့်​ပေါင်းဖက်​သဖြင့် 8ထို​သူ​နှစ်​ဦး​တို့​သည် တစ်သားတစ်ကိုယ်တည်း​ဖြစ်​ကြ​လိမ့်မည်။#မ 19:6၊ ၁ကော 6:16၊ ဧ 5:31၊ က 2:24။သို့ဖြစ်၍ သူ​တို့​သည် နှစ်​ဦး​မ​ဟုတ်​တော့​ဘဲ တစ်သားတစ်ကိုယ်တည်း​ဖြစ်​ကြ​၏။ 9ထို့ကြောင့် ဘုရားသခင်​တွဲဖက်​၍ ထမ်းပိုး​တင်​တော်မူ​သော​အရာ​ကို လူ​က မ​ကွဲကွာ​စေ​နှင့်”​ဟု မိန့်​တော်မူ​၏။
10တပည့်​တော်​တို့​သည် အိမ်​ထဲ၌​ရှိ​စဉ် ဤ​အကြောင်းအရာ​ကို ကိုယ်တော်​အား ထပ်မံ​မေးလျှောက်​ကြ​၏။ 11ကိုယ်တော်​က​လည်း“မိမိ​မယား​ကို​ကွာရှင်း​၍ အခြား​မိန်းမ​နှင့်​ထိမ်းမြား​စုံဖက်​သော​သူ​သည် ထို​မိန်းမ​နှင့်​အိမ်ထောင်ရေး​ဖောက်ပြန်​မှု​ကို​ကျူးလွန်​၏။ 12မယား​သည်​လည်း မိမိ​၏​ခင်ပွန်း​နှင့်​ကွာရှင်း​၍ အခြား​ယောက်ျား​နှင့်​ထိမ်းမြား​စုံဖက်​လျှင် အိမ်ထောင်ရေး​ဖောက်ပြန်​မှု​ကို​ကျူးလွန်​၏”​ဟု မိန့်​တော်မူ​၏။
ကလေးသူငယ်များကိုကောင်းချီးပေးခြင်း
13ထိုအခါ ကိုယ်တော်​တို့ထိ​ပေး​တော်မူ​ရန် လူ​တို့​သည် ကလေး​သူငယ်​များ​ကို အထံတော်​သို့​ခေါ်ဆောင်​လာ​ကြ​၏။ သို့သော် တပည့်​တော်​တို့​သည် သူ​တို့​ကို​ဆူငေါက်​ကြ​၏။ 14ယေရှု​သည် ထို​အခြင်းအရာ​ကို​မြင်​လျှင် အမျက်​တော်​ထွက်​၍“ကလေး​သူငယ်​တို့​ငါ့​ထံသို့​လာ​ကြ​ပါလေစေ။ သူ​တို့​ကို​မ​တားဆီး​ကြ​နှင့်။ အကြောင်းမူကား ဘုရားသခင်​၏​နိုင်ငံ​တော်​သည် ထိုသို့​သော​သူ​တို့​၏​နိုင်ငံ​ဖြစ်​၏။ 15သင်​တို့​အား ငါ​အမှန်​ဆို​မည်။ ဘုရားသခင်​၏​နိုင်ငံ​တော်​ကို သူငယ်​တစ်ဦး​ကဲ့သို့​လက်​မ​ခံ​သော​သူ​သည် ထို​နိုင်ငံ​တော်​သို့ မည်သည့်​အခါ​မျှ ဝင်​ရ​လိမ့်မည်​မ​ဟုတ်”​ဟု မိန့်​တော်မူ​၏။ 16ထို့နောက် ကိုယ်တော်​သည် ကလေး​သူငယ်​တို့​ကို​ပွေ့ချီ​၍ သူ​တို့​အပေါ်၌ လက်​တော်​တင်​လျက် ကောင်းချီး​ပေး​တော်မူ​၏။
ချမ်းသာသောလူငယ်
17ကိုယ်တော်​သည် လမ်း​၌​ကြွ​တော်မူ​စဉ် လူ​တစ်​ဦး​သည် ပြေး​လာ​၍ ရှေ့​တော်​၌​ဒူးထောက်​ကာ “ကောင်းမြတ်​သော​ဆရာ၊ ထာဝရ​အသက်​ကို​အမွေ​ဆက်ခံ​ရန် အကျွန်ုပ်​သည် မည်သည့်​အရာ​ကို​ပြု​ရ​ပါ​မည်နည်း”​ဟု မေးလျှောက်​လေ​၏။ 18ယေရှု​က​လည်း“ငါ့​ကို​ကောင်းမြတ်​သော​သူ​ဟု အဘယ်ကြောင့်​ခေါ်​သနည်း။ ဘုရားသခင်​တစ်ပါးတည်း​မှလွဲ၍ ကောင်းမြတ်​သော​သူ​တစ်စုံတစ်ဦး​မျှ​မ​ရှိ။ 19‘လူ​မ​သတ်​ရ၊ အိမ်ထောင်ရေး​ဖောက်ပြန်​မှု​ကို​မ​ကျူးလွန်​ရ၊ မ​ခိုးယူ​ရ၊ မမှန်​သော​သက်သေ​ထွက်ဆို​ခြင်း​မ​ပြု​ရ၊ လိမ်ညာ​လုယူ​ခြင်း​မ​ပြု​ရ၊ သင်​၏​မိခင်​နှင့်​ဖခင်​တို့​ကို​ရိုသေ​လော့’#ထွ 20:12-16၊ တရား 5:16-20။ဟူသော​ပညတ်​တော်​တို့​ကို သင်​သိ​၏”​ဟု မိန့်​တော်မူ​၏။ 20ထို​သူ​က​လည်း “ဆရာ၊ အကျွန်ုပ်​သည် ဤ​အရာ​အားလုံး​ကို ငယ်​စဉ်​ကတည်းက စောင့်ထိန်း​ပါ​ပြီ”​ဟု လျှောက်​လေ​၏။
21ယေရှု​သည် ထို​သူ​ကို​စူးစိုက်​ကြည့်​လျက် သူ့​အပေါ်​မေတ္တာ​ထား​၍“သင်​၌​တစ်​ခု​လို​သေး​၏။ သင်​၌​ရှိ​သမျှ​သော​အရာ​တို့​ကို သွား​၍​ရောင်း​ပြီးလျှင် ဆင်းရဲသား​တို့​အား​ပေးကမ်း​လော့။ ထိုသို့ပြုလျှင် သင်​သည်​ကောင်းကင်​ဘုံ​၌ ဥစ္စာ​ဘဏ္ဍာ​ကို​ရ​လိမ့်မည်။ ထို့နောက် လာ​၍ ငါ့​နောက်​သို့​လိုက်​လော့”​ဟု မိန့်​တော်မူ​၏။
22ထို​သူ​သည် ဥစ္စာ​ပစ္စည်း​ကြွယ်ဝ​သူ​ဖြစ်​သောကြောင့် ထို​စကား​ကို​ကြား​လျှင် မျက်နှာ​ညှိုးငယ်​၍ ဝမ်းနည်း​လျက်​ထွက်သွား​လေ​၏။
ချမ်းသာသောသူနှင့်ဘုရားသခင်၏နိုင်ငံတော်
23ထိုအခါ ယေရှု​သည် ပတ်ပတ်လည်​သို့​ကြည့်ရှု​လျက်“ငွေကြေး​ချမ်းသာ​သော​သူ​တို့​သည် ဘုရားသခင်​၏​နိုင်ငံ​တော်​သို့​ဝင်​ရန် ခဲယဉ်း​လှ​သည်​တကား”​ဟု တပည့်​တော်​တို့​အား မိန့်​တော်မူ​၏။
24တပည့်​တော်​တို့​သည် ကိုယ်တော်​၏​စကား​ကို​အံ့အားသင့်​ကြ​၏။ သို့သော် ယေရှု​က“ချစ်​သား​တို့၊ ဘုရားသခင်​၏​နိုင်ငံ​တော်​သို့​ဝင်​ရန် ခဲယဉ်း​လှ​သည်​တကား။ 25ချမ်းသာ​သော​သူ​သည် ဘုရားသခင်​၏​နိုင်ငံ​တော်​သို့​ဝင်​ရန်​ထက် ကုလားအုတ်​သည် အပ်​နဖားပေါက်​မှ​လျှိုဝင်​ရန် ပို၍​လွယ်ကူ​၏”​ဟု ထပ်မံ​၍​မိန့်​တော်မူ​၏။
26ထိုအခါ တပည့်​တော်​တို့​သည် ပို၍​ပင်​အံ့အားသင့်​လျက် “သို့ဖြစ်လျှင် မည်သူ​သည် ကယ်တင်​ခြင်း​ခံရ​နိုင်​ပါ​မည်နည်း”​ဟု အချင်းချင်း​ပြောဆို​ကြ​၏။ 27ယေရှု​သည် သူ​တို့​ကို​စူးစိုက်​ကြည့်​လျက်“ဤ​အရာ​သည် လူ​တို့​အတွက်​မ​ဖြစ်နိုင်​သော်လည်း ဘုရားသခင်​အတွက်​မူကား ထိုသို့​မ​ဟုတ်။ အကြောင်းမှာ ဘုရားသခင်​အတွက် အရာ​ခပ်သိမ်း​သည်​ဖြစ်နိုင်​၏”#က 18:14၊ ယောဘ 42:2၊ ယေ 32:17။​ဟု မိန့်​တော်မူ​၏။ 28ထိုအခါ ပေတရု​က “အကျွန်ုပ်​တို့​သည် ရှိသမျှ​ကို​စွန့်​၍ ကိုယ်တော်​၏​နောက်​သို့​လိုက်​ခဲ့​ကြ​ပါ​ပြီ”​ဟု လျှောက်​လေ​၏။ 29ယေရှု​က“သင်​တို့​အား ငါ​အမှန်​ဆို​မည်။ မည်သူမဆို ငါ့​အတွက်​နှင့် ကောင်းမြတ်​သော​သတင်း​အတွက် အိမ်​ကို​ဖြစ်စေ၊ ညီအစ်ကို​မောင်နှမ​များ​ကို​ဖြစ်စေ၊ အမိ​ကို​ဖြစ်စေ၊ အဖ​ကို​ဖြစ်စေ၊ သားသမီး​များ​ကို​ဖြစ်စေ၊ မြေယာ​များ​ကို​ဖြစ်စေ စွန့်​လျှင် 30ထို​သူ​သည် ယခု​ဘဝ​၌ ညှဉ်းဆဲ​ခြင်း​များ​ပါ​လျက် အဆ​တစ်ရာ​သော​အကျိုး​တည်းဟူသော အိမ်​များ၊ မြေယာ​များ၊ ညီအစ်ကို​မောင်နှမ​များ၊ အမိ​များ၊ သားသမီး​များ​ကို ခံစား​ရ​လျက် နောင်​ဘဝ​၌ ထာဝရ​အသက်​ကို​ရရှိ​လိမ့်မည်။ 31သို့သော် အဦးဆုံး​သော​သူ​များစွာ​တို့​သည် နောက်ဆုံး​ဖြစ်​ကြ​ပြီး နောက်ဆုံး​သော​သူ​များစွာ​တို့​သည် အဦးဆုံး​ဖြစ်​ကြ​လိမ့်မည်”​ဟု မိန့်​တော်မူ​၏။
မိမိအသေခံမည့်အကြောင်း တတိယအကြိမ် ကြိုတင်မိန့်တော်မူခြင်း
32သူ​တို့​သည် ဂျေရုဆလင်​မြို့​သို့​တက်​သွား​ကြ​စဉ် လမ်း​၌ ယေရှု​သည် သူ​တို့​ရှေ့​မှ​ကြွ​တော်မူ​သဖြင့် တပည့်​တော်​တို့​သည်​အံ့အားသင့်​ကြ​၏။ နောက်​တော်​သို့​လိုက်​သော​သူ​တို့​သည်​လည်း ကြောက်ရွံ့​ကြ​၏။ ထိုအခါ ကိုယ်တော်​သည် တစ်ဆယ့်နှစ်​ပါး​သော​တပည့်​တော်​တို့​ကို တစ်ဖန်​ခေါ်​လျက် မိမိ​၌​ဖြစ်ပျက်​လာ​တော့မည့်​အရာ​များ​ကို သူ​တို့​အား မြွက်ဆို​တော်မူ​၍ 33“နားထောင်​ကြ​လော့။ ငါ​တို့​သည် ဂျေရုဆလင်​မြို့​သို့​သွား​နေ​ကြ​၏။ လူ့သား​သည် ယဇ်ပုရောဟိတ်​အကြီးအကဲ​များ​နှင့် ကျမ်းပြု​ဆရာ​များ​ထံ အပ်နှံ​ခြင်း​ခံရ​လိမ့်မည်။ သူ​တို့​သည် သူ့​ကို​သေဒဏ်​စီရင်​၍ လူမျိုးခြား​တို့​ထံ အပ်နှံ​ကြ​လိမ့်မည်။ 34လူမျိုးခြား​တို့​သည် သူ့​ကို​ပြောင်လှောင်​၍ တံတွေး​နှင့်​ထွေး​ပြီး ဒဏ်ခတ်​ရိုက်နှက်​ကာ​အသေ​သတ်​ကြ​လိမ့်မည်။ သို့သော် သုံး​ရက်​ကြာ​သောအခါ သူ​သည်​ထမြောက်​လိမ့်မည်”​ဟု မိန့်​တော်မူ​၏။
ယာကုပ်နှင့်ယောဟန်တို့၏တောင်းဆိုမှု
35ထိုအခါ ဇေဗေဒဲ​၏​သား​များ​ဖြစ်​ကြ​သော ယာကုပ်​နှင့်​ယောဟန်​တို့​သည် အထံ​တော်​သို့​ချဉ်းကပ်​လာ​၍ “ဆရာ၊ အကျွန်ုပ်​တို့​တောင်း​သမျှ​တို့​ကို အကျွန်ုပ်​တို့​အတွက် ပြု​ပေး​စေ​လို​ပါ​၏”​ဟု ကိုယ်တော်​အား​လျှောက်​ထား​ကြ​၏။ 36ကိုယ်တော်​က​လည်း“သင်​တို့​အတွက် မည်သည့်​အရာ​ကို ပြု​စေ​လို​ကြ​သနည်း”​ဟု မေး​တော်မူ​လျှင် 37သူ​တို့​က “အကျွန်ုပ်​တို့​ကို ကိုယ်တော်​၏​ဘုန်း​အသရေ​၌ လက်ယာ​တော်​ဘက်​တွင်​တစ်​ယောက်၊ လက်ဝဲ​တော်​ဘက်​တွင်​တစ်​ယောက် ထိုင်​ခွင့်ပြု​တော်မူ​ပါ”​ဟု လျှောက်​ကြ​၏။ 38သို့သော် ယေရှု​က“သင်​တို့​သည် မည်သည့်​အရာ​တောင်း​နေ​သည်​ကို သင်​တို့​မ​သိ​ကြ။ ငါ​သောက်​မည့်​ခွက်​ကို​သောက်​ရန်​၊ သို့မဟုတ် ငါ​ခံ​မည့်​ဗတ္တိဇံ​ကို​ခံ​ရန် သင်​တို့​တတ်နိုင်​ကြ​သလော”​ဟု မေး​တော်မူ​လျှင် 39သူ​တို့​က “အကျွန်ုပ်​တို့​တတ်နိုင်​ပါ​သည်”​ဟု ပြန်​လျှောက်​ကြ​၏။ ယေရှု​က​လည်း“ငါ​သောက်​မည့်​ခွက်​ကို သင်​တို့​သောက်​ကြ​လိမ့်မည်။ ငါ​ခံ​မည့်​ဗတ္တိဇံ​ကို​လည်း သင်​တို့​ခံ​ကြ​လိမ့်မည်။ 40သို့သော် ငါ​၏​လက်ယာ​ဘက်​နှင့် လက်ဝဲ​ဘက်​တို့​၌ ထိုင်​ရ​သော​အခွင့်​ကို ငါ​ပေး​သည်​မ​ဟုတ်။ ထို​နေရာ​သည် ပြင်ဆင်​ပေး​ထား​သော​သူ​တို့​အတွက်​သာ​ဖြစ်​၏”​ဟု မိန့်​တော်မူ​၏။
41ကျန်​တပည့်​တော်​ဆယ်​ပါး​တို့​သည် ဤ​အကြောင်း​ကို​ကြားသိ​လျှင် ယာကုပ်​နှင့်​ယောဟန်​တို့​ကို စိတ်ဆိုး​ကြ​၏။ 42ထိုအခါ ယေရှု​သည် သူ​တို့​ကို​ခေါ်​လျက်“လူမျိုးခြား​တို့​တွင် သူ​တို့​ကို​အုပ်ချုပ်​ရန် သတ်မှတ်​ထား​ခြင်း​ခံရ​သော​သူ​တို့​သည် ပြည်သူ​တို့​အပေါ် စိုးမိုး​ခြယ်လှယ်​ကြ​၍ သူ​တို့​၏​အကြီးအကဲ​တို့​သည် သူ​တို့​အပေါ် အာဏာ​သုံး​တတ်​ကြ​သည်​ကို သင်​တို့​သိ​ကြ​၏။ 43သင်​တို့​အထဲ၌​မူကား ထိုသို့​မ​ဖြစ်​ရ။ သင်​တို့​တွင် အကြီးအကဲ​ဖြစ်​လို​သော​သူ​သည် သင်​တို့​၏​အစေခံ​ဖြစ်​ရ​မည်။ 44သင်​တို့​တွင် ခေါင်းဆောင်​ဖြစ်​လို​သော​သူ​သည် အားလုံး​၏​အစေအပါး​ဖြစ်​ရ​မည်။ 45အကြောင်းမူကား လူ့သား​သည်​လည်း လုပ်ကျွေး​ပြုစု​ခြင်း​ကို​ခံ​ရန်​မ​ဟုတ်​ဘဲ လုပ်ကျွေး​ပြုစု​ရန်​နှင့် များစွာ​သော​သူ​တို့​အတွက် ရွေးနုတ်​စရာ​အဖိုးအခ​အဖြစ် မိမိ​အသက်​ကို​စွန့်​ရန်​လာ​၏”​ဟု မိန့်​တော်မူ​၏။
မျက်မမြင်ကိုမျက်စိပြန်မြင်စေခြင်း
46ထို့နောက် သူ​တို့​သည် ဂျေရိခေါ​မြို့​သို့​ရောက်လာ​ကြ​၏။ ကိုယ်တော်​သည် တပည့်​တော်​တို့​နှင့်အတူ များစွာ​သော​လူထု​ပရိသတ်​ပါ​လျက် ဂျေရိခေါ​မြို့​မှ​ထွက်ခွာ​တော်မူ​စဉ် တိမဲ​၏​သား ဗာတိမဲ​အမည်ရှိ​သော မျက်မမြင် သူတောင်းစား​တစ်​ဦး​သည် လမ်း​ဘေး​တွင်​ထိုင်​လျက်​နေ​၏။ 47နာဇရက်​မြို့သား​ယေရှု​ဖြစ်​ကြောင်း သူ​ကြားသိ​လျှင် “ဒါဝိဒ်​၏​သား​တော်​ယေရှု၊ အကျွန်ုပ်​ကို​သနား​တော်မူ​ပါ”​ဟု အော်ဟစ်​လေ​၏။
48လူ​အများ​တို့​သည် သူ့​ကို တိတ်ဆိတ်​စွာ​နေ​ရန် ဆူငေါက်​ကြ​၏။ သို့သော် သူ​သည် “ဒါဝိဒ်​၏​သား​တော်၊ အကျွန်ုပ်​ကို​သနား​တော်မူ​ပါ”​ဟု ပို၍​အော်ဟစ်​လေ​၏။ 49ထိုအခါ ယေရှု​သည်​ရပ်တန့်​လျက်“သူ့​ကို​ခေါ်​ခဲ့​ကြ​လော့”​ဟု မိန့်​တော်မူ​၏။ လူ​တို့​သည်​လည်း ထို​မျက်မမြင်​ကို​ခေါ်​၍ “အားမငယ်​နှင့်။ ထ​လော့။ ကိုယ်တော်​သည် သင့်​ကို​ခေါ်​တော်မူ​၏”​ဟု ဆို​ကြ​၏။ 50သူ​သည်​လည်း မိမိ​ဝတ်ရုံ​ကို ဘေး​သို့​ပစ်ချ​ပြီး ထ​၍ ယေရှု​ထံသို့​လာ​လေ​၏။ 51ယေရှု​က“သင့်​အတွက် မည်သည့်​အမှု​ကို​ပြု​စေ​လို​သနည်း”​ဟု မေး​တော်မူ​လျှင် မျက်မမြင်​က “ရဗ္ဗုနိ၊ မျက်စိ​မြင်​အောင်​လုပ်ပေး​စေ​လို​ပါ​သည်”​ဟု လျှောက်​လေ​၏။ 52ယေရှု​က​လည်း“သွား​လော့။ သင်​၏​ယုံကြည်​ခြင်း​သည် သင့်​ကို​ကယ်တင်​ပြီ”​ဟု မိန့်​တော်မူ​၏။ ထို​ခဏချင်း​တွင် သူ​သည် မျက်စိ​မြင်​၍ လမ်း​ခရီး​တစ်လျှောက် နောက်​တော်​သို့​လိုက်​သွား​လေ​၏။

လက်ရှိရွေးချယ်ထားမှု

ရှင်မာကုခရစ်ဝင် 10: MSBU

အရောင်မှတ်ချက်

မျှဝေရန်

ကူးယူ

None

မိမိစက်ကိရိယာအားလုံးတွင် မိမိအရောင်ချယ်သောအရာများကို သိမ်းဆည်းထားလိုပါသလား။ စာရင်းသွင်းပါ (သို့) အကောင့်ဝင်လိုက်ပါ

YouVersion သည် မိမိအတွေ့အကြုံကို စိတ်ကြိုက်ပြင်ဆင်ရန် ကွတ်ကီးများကို အသုံးပြုသည်။ ကျွန်ုပ်တို့၏ဝဘ်ဆိုဒ်ကိုအသုံးပြုခြင်းဖြင့် ကျွန်ုပ်တို့၏ ကိုယ်ရေးကိုယ်တာမူဝါဒတွင်ဖော်ပြထားသည့်အတိုင်း ကျွန်ုပ်တို့၏ cookies အသုံးပြုမှုကို လက်ခံပါသည်။