YouVersion လိုဂို
ရှာရန် အိုင်ကွန်

ရှင်မာကုခရစ်ဝင် 13

13
ဗိမာန်တော်ပျက်စီးမည့်အကြောင်း ကြိုတင်မိန့်တော်မူခြင်း
1ယေရှု​သည် ဗိမာန်​တော်​မှ​ထွက်ခွာ​သွား​တော်မူ​စဉ် တပည့်​တော်​တို့​ထဲမှ တစ်​ပါး​က “ဆရာ၊ ကြည့်​ပါ။ အလွန်​ကြီးမား​သော​ကျောက်တုံး​များ​နှင့် အလွန်​ထည်ဝါ​သော​အဆောက်အအုံ​များ​ပါ​တကား”​ဟု လျှောက်​လေ​၏။
2ယေရှု​က​လည်း“ဤ​ကြီးမား​သော​အဆောက်အအုံ​များ​ကို သင်​မြင်​သည်​မ​ဟုတ်​လော။ ဤ​နေရာ​၌ ကျောက်တုံး​တစ်တုံး​သည် ဖြိုချ​မ​ခံရ​ဘဲ အခြား​ကျောက်တုံး​တစ်တုံး​ပေါ်၌ ကျန်ရစ်​ခဲ့​သည်​ဟူ၍ လုံးဝ​ရှိ​လိမ့်မည်​မ​ဟုတ်”​ဟု ထို​သူ​အား မိန့်​တော်မူ​၏။
ကပ်ကမ္ဘာကုန်ဆုံးချိန်၏နိမိတ်လက္ခဏာများ
3ထို့နောက် ကိုယ်တော်​သည် သံလွင်​တောင်​ပေါ်၌ ဗိမာန်​တော်​ဘက်​သို့​မျက်နှာမူ​လျက် ထိုင်​နေ​တော်မူ​စဉ် ပေတရု၊ ယာကုပ်၊ ယောဟန်​နှင့် အန္ဒြေ​တို့​က 4“ထို​အရာ​များ​သည် မည်သည့်​အချိန်​၌ ဖြစ်ပျက်​မည်​ကို​လည်းကောင်း၊ ထို​အရာ​အားလုံး​ပြည့်စုံ​တော့မည့်​အချိန်​တွင် မည်သည့်​အတိတ်​နိမိတ်​ဖြစ်ပေါ်​မည်​ကို​လည်းကောင်း အကျွန်ုပ်​တို့​အား မိန့်​တော်မူ​ပါ”​ဟု ကိုယ်တော်​ကို တိတ်တဆိတ်​မေးလျှောက်​ကြ​၏။ 5ယေရှု​က​လည်း“မည်သူမျှ သင်​တို့​ကို​မ​လှည့်ဖြား​စေရန် သတိပြု​ကြ​လော့။ 6များစွာ​သော​သူ​တို့​သည် ငါ​၏​နာမ​ကို​ခံယူသုံးစွဲ​၍ ရောက်လာ​ကာ ‘ငါ​သည် ထို​သူ​ပင်​ဖြစ်​၏’​ဟု ဆို​ကြ​ပြီး လူ​အမြောက်အမြား​တို့​ကို လှည့်ဖြား​ကြ​လိမ့်မည်။ 7သင်​တို့​သည် စစ်ပွဲ​များ​အကြောင်း​နှင့် စစ်မက်​သတင်း​တို့​ကို ကြား​ရ​သောအခါ စိုးရိမ်​ထိတ်လန့်​ခြင်း​မ​ရှိ​ကြ​နှင့်။ ထို​အရာ​များ​သည် ဖြစ်ပျက်​ရ​မည်။ သို့သော် အဆုံး​သည်​မ​ရောက်​သေး။ 8လူမျိုး​တစ်မျိုး​နှင့်​တစ်မျိုး၊ နိုင်ငံ​တစ်​နိုင်ငံ​နှင့်​တစ်​နိုင်ငံ​တို့​သည် ရန်ဘက်ပြု​ကြ​၍ အရပ်ရပ်​တို့​၌ ငလျင်​လှုပ်​ခြင်း​နှင့် ငတ်မွတ်​ခေါင်းပါး​ခြင်း​များ​ဖြစ်​ကြ​လိမ့်မည်။ ဤ​အရာ​တို့​သည် သားဖွား​ခြင်း​ဝေဒနာ​၏​အစ​ဖြစ်​၏။
ညှဉ်းပန်းနှိပ်စက်ခြင်းခံရမည့်အကြောင်း ကြိုတင်မိန့်တော်မူခြင်း
9 သင်​တို့​ကိုယ်တိုင်​လည်း သတိပြု​ကြ​လော့။ လူ​တို့​သည် သင်​တို့​ကို တရားရုံး​သို့​အပ်နှံ​ကြ​လိမ့်မည်။ သင်​တို့​သည် ဝတ်ပြု​စည်းဝေး​ကျောင်း​များ​၌ ရိုက်နှက်​ခြင်း​ခံရ​ကြ​ပြီး ဘုရင်ခံ​များ​နှင့်​ရှင်ဘုရင်​များ​ရှေ့၌​ရပ်​လျက် သူ​တို့​ထံ ငါ့​အတွက်​သက်သေ​ဖြစ်​ကြ​လိမ့်မည်။ 10ကောင်းမြတ်​သော​သတင်း​ကို​လည်း လူမျိုး​တကာ​တို့​အား ဦးစွာ​ဟောပြော​ကြ​ရ​မည်။ 11လူ​တို့​သည် သင်​တို့​ကို​ခေါ်ဆောင်​သွား​၍ အပ်နှံ​ကြ​သောအခါ မည်သည့်​အရာ​ကို​ပြောဆို​ရ​မည်နည်း​ဟူ၍ ကြိုတင်​စိုးရိမ်​ခြင်း​မ​ရှိ​ဘဲ ထို​အချိန်​နာရီ​၌ သင်​တို့​အား ဖော်ပြ​တော်မူ​သော​အရာ​ကို​သာ ပြောဆို​ကြ​လော့။ အဘယ်ကြောင့်​ဆိုသော် ပြောဆို​သော​သူ​မှာ သင်​တို့​ကိုယ်တိုင်​မ​ဟုတ်​ဘဲ သန့်ရှင်း​သော​ဝိညာဉ်​တော်​ဖြစ်​၏။
12 ညီအစ်ကို​ချင်း တစ်ဦး​က တစ်ဦး​ကို​လည်းကောင်း၊ အဖ​သည် သားသမီး​ကို​လည်းကောင်း သေ​ခြင်း​သို့​အပ်နှံ​ကြ​လိမ့်မည်။ သားသမီး​တို့​သည်​လည်း မိဘ​များ​ကို ဆန့်ကျင်​ပုန်ကန်​၍ သူ​တို့​ကို​သေ​စေရန်​ပြု​ကြ​လိမ့်မည်။ 13လူ​အပေါင်း​တို့​သည်​လည်း ငါ့​နာမ​ကြောင့် သင်​တို့​ကို​မုန်းတီး​ကြ​လိမ့်မည်။ သို့သော် အဆုံး​တိုင်အောင် တည်ကြည်​သော​သူ​သည် ကယ်တင်​ခြင်း​ခံရ​လိမ့်မည်။
ဘေးဒုက္ခကြီး
14 ပျက်စီး​ဆိတ်သုဉ်း​ခြင်း​နှင့်ဆိုင်သော​ရွံရှာ​ဖွယ်​အရာ​သည် # ဒံ 9:27၊ 11:31၊ 12:11။ မ​ရပ်​သင့်​သော​နေရာ​၌​ရပ်​နေ​သည်​ကို သင်​တို့​မြင်​ကြ​သောအခါ (ဖတ်​သော​သူ​နားလည်​ပါစေ) ယုဒ​နယ်​၌​ရှိ​သော​သူ​တို့​သည် တောင်​များ​ပေါ်သို့​ထွက်ပြေး​ကြ​စေ။ 15လေသာဆောင်​ပေါ်၌​ရှိ​သော​သူ​သည် အောက်သို့​မ​ဆင်း​စေ​နှင့်။ မိမိ​အိမ်​ထဲမှ တစ်စုံတစ်ခု​ကို​ယူ​ရန် အိမ်​ထဲသို့​လည်း​မ​ဝင်​စေ​နှင့်။ 16လယ်​၌​ရှိ​သော​သူ​သည်​လည်း မိမိ​ဝတ်ရုံ​ကို​ယူ​ရန် နောက်​သို့​ပြန်​မ​လှည့်​စေ​နှင့်။ 17ထို​နေ့ရက်​တို့​၌ ကိုယ်ဝန်ဆောင်​အမျိုးသမီး​များ​နှင့် နို့စို့​ကလေး​ငယ်​ရှိ​သော​မိခင်​များ​သည် စိတ်​မချမ်းမြေ့​ဖွယ်​ဖြစ်​ကြ​လိမ့်မည်။ 18ထို​နေ့ရက်​တို့​သည် ဆောင်း​ရာသီ​၌ မ​ကျရောက်​စေရန် ဆုတောင်း​ကြ​လော့။ 19အကြောင်းမူကား ဘုရားသခင်​ဖန်ဆင်း​တော်မူ​သည့် ဖန်ဆင်း​ခံ​လောက​၏​အစအဦး​မှစ၍ ယခု​တိုင်အောင်​မ​ဖြစ်​စဖူး၊ နောင်တွင်​လည်း လုံးဝ​ဖြစ်​မည်​မ​ဟုတ်​သော ဆင်းရဲ​ဒုက္ခ​မျိုး​သည် ထို​ကာလ​၌​ကျရောက်​လိမ့်မည်။ 20ထာဝရ​ဘုရား​သည် ထို​နေ့ရက်​တို့​ကို တိုတောင်း​စေ​တော်​မ​မူ​လျှင် မည်သူမျှ​လွတ်​နိုင်​မည်​မ​ဟုတ်။ သို့သော် ကိုယ်တော်​ရွေးကောက်​ထား​သည့် ရွေးကောက်​ခံရ​သော​သူ​တို့​အတွက် ထို​နေ့ရက်​တို့​ကို တိုတောင်း​စေ​တော်မူ​၏။ 21ထိုအခါ တစ်စုံတစ်ယောက်​က သင်​တို့​အား ‘ကြည့်​လော့။ ခရစ်တော်​သည် ဤ​အရပ်​၌​ရှိ​၏’ သို့မဟုတ် ‘ကြည့်​လော့။ ထို​အရပ်​၌​ရှိ​၏’​ဟု ဆို​လျှင်​လည်း မ​ယုံ​ကြ​နှင့်။ 22အကြောင်းမူကား ခရစ်တော်​အတုအယောင်​များ​နှင့် ပရောဖက်​အတုအယောင်​များ​ပေါ်လာ​၍ ဖြစ်နိုင်​လျှင် ရွေးကောက်​ခံရ​သော​သူ​တို့​ကို​ပင်​လှည့်ဖြား​ရန် နိမိတ်​လက္ခဏာ​များ​နှင့် အံ့သြဖွယ်ရာ​များ​ကို ပြု​ကြ​လိမ့်မည်။ 23သို့ဖြစ်၍ သင်​တို့​သည် သတိပြု​ကြ​လော့။ အရာ​ခပ်သိမ်း​တို့​ကို သင်​တို့​အား ငါ​ကြိုတင်​ပြော​ထား​ပြီ။
လူ့သားပြန်ကြွလာခြင်း
24 သို့သော် ထို​နေ့ရက်​တို့​၌ ထို​ဆင်းရဲ​ဒုက္ခ​ကျရောက်​ပြီးနောက် နေ​သည် မှောင်မည်း​သွား​၍ လ​သည်​လည်း မိမိ​၏​အလင်းရောင်​ကို မ​ပေး​ဘဲ​နေ​လိမ့်မည်။ 25ကြယ်​တို့​သည်​လည်း ကောင်းကင်​မှ​ကြွေကျ​ကာ အာကာသ​ကောင်းကင်​၏​စွမ်းအား​တို့​သည် တုန်လှုပ်​ကြ​လိမ့်မည်။ 26ထိုအခါ လူ့သား​သည် ကြီးမား​သော​တန်ခိုး​နှင့် ဘုန်း​အသရေ​တို့​ဖြင့် မိုးတိမ်​များ​စီး​လျက်​ကြွလာ​သည်​ကို လူ​တို့​မြင်​ရ​ကြ​လိမ့်မည်။ 27ထို့နောက် လူ့သား​သည် ကောင်းကင်တမန်​တို့​ကို​စေလွှတ်​၍ မိမိ​ရွေးကောက်​ထား​သော​သူ​တို့​ကို ကမ္ဘာ​မြေကြီး​အစွန်း​မှ မိုး​ကောင်းကင်​အစွန်း​တိုင်အောင် အရပ်​လေး​မျက်နှာ​မှ စုစည်း​လိမ့်မည်။
သဖန်းပင်ပုံဥပမာ
28 သဖန်းပင်​မှ ပုံ​ဥပမာ​ကို သင်ယူ​ကြ​လော့။ ၎င်း​၏​အကိုင်းအခက်​သည် နု​လာ​ပြီး အရွက်​များ​ထွက်လာ​သောအခါ နွေ​ရာသီ​နီး​ပြီ​ဖြစ်​ကြောင်း သင်​တို့​သိ​ကြ​၏။ 29ထိုနည်းတူ သင်​တို့​သည်​လည်း ဤ​အရာ​များ​ဖြစ်ပျက်​နေ​ကြ​သည်​ကို မြင်​ရ​သောအခါ လူ့သား​သည် တံခါးဝ​အနီး​သို့​ရောက်ရှိ​နေ​ပြီ​ဖြစ်​ကြောင်း သိမှတ်​ကြ​လော့။ 30သင်​တို့​အား ငါ​အမှန်​ဆို​သည်​ကား ဤ​အရာ​များ​အားလုံး​မ​ဖြစ်ပျက်​မီ ဤ​မျိုးဆက်​သည် မည်သည့်အခါမျှ ကွယ်ပျောက်​လိမ့်မည်​မ​ဟုတ်။ 31ကောင်းကင်​နှင့်​မြေကြီး​သည် ကွယ်ပျောက်​သွားလိမ့်မည်။ ငါ့​စကား​မူကား မည်သည့်အခါမျှ​ကွယ်ပျောက်​လိမ့်မည်​မ​ဟုတ်။
ထိုနေ့၊ ထိုအချိန်ကို မည်သူမျှမသိ
32 သို့သော် ထို​နေ့ရက်​၊ သို့မဟုတ် ထို​အချိန်​နာရီ​နှင့်​ပတ်သက်၍​မူကား ခမည်းတော်​မှတစ်ပါး မည်သူမျှ​မ​သိ။ ကောင်းကင်​ရှိ ကောင်းကင်တမန်​များ​လည်း​မ​သိ။ သား​တော်​လည်း​မ​သိ။ 33သတိပြု​၍​နိုးနိုးကြားကြား​ရှိ​ကြ​လော့။ အကြောင်းမူကား ထို​အချိန်​သည် မည်သည့်​အခါ​၌​ကျရောက်​မည်​ကို သင်​တို့​မ​သိ​ကြ။ 34ဤသည်ကား ခရီးထွက်​မည့်​လူ​တစ်​ဦး​သည် မိမိ​အိမ်​မှ​ထွက်ခွာ​ရာ​တွင် မိမိ​အစေအပါး​အသီးသီး​တို့​အား သူ​တို့​လုပ်ဆောင်​ရ​မည့်​အမှု​နှင့်တကွ အခွင့်​အာဏာ​ကို​ပေး​၍ တံခါးမှူး​ကို​လည်း သတိ​နှင့်​စောင့်​နေ​ရန် မှာကြား​သည်​နှင့်​တူ​၏။ 35သို့ဖြစ်၍ အိမ်ရှင်​သည် မှောင်ရီပျိုးစချိန်၊ သို့မဟုတ် သန်းခေါင်​အချိန်၊ သို့မဟုတ် ကြက်ဦး​တွန်​ချိန်၊ သို့မဟုတ် နံနက်​စောစော​အချိန်​တို့​ထဲမှ မည်သည့်​အချိန်​၌​ရောက်လာ​မည်​ကို သင်​တို့​မ​သိ​သောကြောင့် သတိ​နှင့်​စောင့်​နေ​ကြ​လော့။ 36သို့မဟုတ်လျှင် သူ​သည်​ရုတ်တရက်​ပြန်လာ​၍ သင်​တို့​အိပ်ပျော်​နေ​ကြ​သည်​ကို တွေ့​လိမ့်မည်။ 37သတိ​နှင့်​စောင့်​နေ​ကြ​လော့​ဟု သင်​တို့​ကို ငါ​ဆို​သည့်​အတိုင်း လူ​ခပ်သိမ်း​တို့​အား ငါ​ဆို​၏”​ဟု မိန့်​တော်မူ​၏။

လက်ရှိရွေးချယ်ထားမှု

ရှင်မာကုခရစ်ဝင် 13: MSBU

အရောင်မှတ်ချက်

မျှဝေရန်

ကူးယူ

None

မိမိစက်ကိရိယာအားလုံးတွင် မိမိအရောင်ချယ်သောအရာများကို သိမ်းဆည်းထားလိုပါသလား။ စာရင်းသွင်းပါ (သို့) အကောင့်ဝင်လိုက်ပါ

YouVersion သည် မိမိအတွေ့အကြုံကို စိတ်ကြိုက်ပြင်ဆင်ရန် ကွတ်ကီးများကို အသုံးပြုသည်။ ကျွန်ုပ်တို့၏ဝဘ်ဆိုဒ်ကိုအသုံးပြုခြင်းဖြင့် ကျွန်ုပ်တို့၏ ကိုယ်ရေးကိုယ်တာမူဝါဒတွင်ဖော်ပြထားသည့်အတိုင်း ကျွန်ုပ်တို့၏ cookies အသုံးပြုမှုကို လက်ခံပါသည်။