တစ်ဖန် စကားတော်ကို ချောင်းမြောင်း၍ အပြစ်ပြုခွင့်ကိုရခြင်းငှာ ဖာရိရှဲတို့နှင့် ဟေရုဒ်တပည့်အချို့တို့ကို အထံတော်သို့ စေလွှတ်ကြ၏။- ထိုသူတို့သည် ချဥ်းကပ်၍၊ အရှင်ဘုရား၊ ကိုယ်တော်သည် သစ္စာရှိပါ၏။ အဘယ်သူကိုမျှ မကြောက်၊ လူမျက်နှာကိုမထောက်ဘဲ ဘုရားသခင်၏တရားလမ်းကို ဟုတ်မှန်စွာပြတော်မူသည်ကို အကျွန်ုပ်တို့ သိကြပါ၏။ ကဲသာဘုရင်အား အခွန်ဆက်အပ်သလော၊ မဆက်အပ်သလော။- အကျွန်ုပ်တို့သည် ဆက်ရမည်လော၊ မဆက်ရမည်လောဟု မေးလျှောက်ကြ၏။ ကိုယ်တော်သည် ထိုသူတို့၏လျှို့ဝှက်ခြင်းကို သိတော်မူလျှင်၊ သင်တို့သည် ငါ့ကိုအဘယ်ကြောင့် စုံစမ်းနှောင့်ယှက် ကြသနည်း။ ဒေနာရိတစ်ပြားကို ငါကြည့်ဖို့ ယူခဲ့ကြဟု မိန့်တော်မူ၍၊- သူတို့သည် ယူခဲ့ကြ၏။ ဤပုံ၊ ဤလိပ်စာကား အဘယ်သူ၏ပုံ၊ အဘယ်သူ၏လိပ်စာ ဖြစ်သနည်းဟု မေးတော်မူလျှင်၊ ကဲသာဘုရင်၏ပုံ၊ လိပ်စာဖြစ်ပါသည်ဟု လျှောက်ကြသော်၊- ယေရှုကလည်း၊ ကဲသာဘုရင်၏ဥစ္စာကို ကဲသာဘုရင်အား ဆက်ပေးကြလော့။ ဘုရားသခင်၏ဥစ္စာကိုကား၊ ဘုရားသခင်အား ဆက်ပေးကြလော့ဟု မိန့်တော်မူသည်ကို သူတို့သည် အံ့ဩခြင်းရှိကြ၏။ ထမြောက်ရှင်ပြန်ခြင်းမရှိဟူ၍ အယူရှိသော ဇဒ္ဒုကဲတို့သည်လည်း အထံတော်သို့ ချည်းကပ်၍၊- အရှင်ဘုရား၊ လူမည်သည်ကား သားမရှိဘဲ သေသွား၍ မယားကျန်ရစ်လျှင်၊ သူ့ညီသည် ထိုမိန်းမကို သိမ်းယူ၍ အစ်ကိုအမျိုးမပြတ် ဆက်နွယ်စေဟု အကျွန်ုပ်တို့အား မောရှေစီရင်ရေးထားပါပြီ။- ညီအစ်ကိုခုနစ်ယောက် ရှိပါ၏။ အစ်ကိုအကြီးသည် မိန်းမနှင့်စုံဖက်၍ သားမရှိဘဲသေလျှင်၊- သူ၏မယားကို သူ့ညီအကြီးသိမ်းယူ၍ သားမရှိဘဲ သေပြန်လေ၏။- ထိုအတူ တတိယသူမှစ၍ တစ်ယောက်နောက်တစ်ယောက် ခုနစ်ယောက်သော ညီအစ်ကိုတို့သည် ထိုမိန်းမကိုသိမ်းယူ၍ သားကို မကျန်ရစ်စေကြ။ နောက်ဆုံး၌ မိန်းမသည်လည်း သေလေ၏။- သို့ဖြစ်၍ ထမြောက်ရာကာလ၌ သူတို့သည် ထမြောက်ကြသောအခါ ထိုမိန်းမသည် အဘယ်သူ၏ မယားဖြစ်ပါမည်နည်း။ ထိုသူခုနစ်ယောက်တို့သည် ထိုမိန်းမနှင့် စုံဖက်ခြင်းကို ပြုကြပြီဟု မေးလျှောက်ကြ၏။- ယေရှုကလည်း၊ သင်တို့သည်ကျမ်းစာကို နားမလည်၊ ဘုရားသခင်၏တန်ခိုးတော်ကို မသိသောကြောင့် မှားသောအယူကို ယူကြ၏။- သေခြင်းမှ ထမြောက်ကြသောအခါ စုံဖက်ခြင်းကိုမပြု၊ ထိမ်းမြားပေးစားခြင်းကို မပြု၊ ကောင်းကင်တမန်ကဲ့သို့ ဖြစ်ကြ၏။- ထိုမှတစ်ပါး သေလွန်သောသူတို့သည် ထမြောက်ခြင်းအရာမှာ၊ ဘုရားသခင်က ငါသည် အာဗြဟံ၏ဘုရား၊ ဣဇာက်၏ဘုရား၊ ယာကုပ်၏ဘုရား ဖြစ်သည်ဟု မောရှေအား မိန့်တော်မူကြောင်းကို မောရှေ၏ကျမ်း၊ ချုံခဏ်း၌ သင်တို့သည် မဖတ်ဖူးသလော။- ဘုရားသခင်သည် သေနေသောသူတို့၏ဘုရား မဟုတ်၊ အသက်ရှင်သောသူတို့၏ဘုရား ဖြစ်တော်မူ၏။ ထိုကြောင့် သင်တို့သည် အလွန်မှားကြသည်ဟု မိန့်တော်မူ၏။
ရှင်မာကု 12 ကိုဖတ်ပါ။
နားထောင်ပါ။ ရှင်မာကု 12
မျှဝေရန်
ဗားရှင်းအားလုံးနှိုင်းယှဉ်ပါ: ရှင်မာကု 12:13-27
အခန်းငယ်များကို သိမ်းဆည်းပါ၊ လိုင်းမဲ့ဖတ်ပါ၊ သင်ကြားမှုအပိုင်းများကို ကြည့်ရှုခြင်းနှင့် အခြားအရာများ။
ပင်မစာမျက်နှာ
သမ္မာကျမ်းစာ
အစီအစဉ်များ
ဗီဒီယိုများ