YouVersion လိုဂို
ရှာရန် အိုင်ကွန်

ရှင်မာကုခရစ်ဝင် 12:13-27

ရှင်မာကုခရစ်ဝင် 12:13-27 MSBU

ထို့နောက် သူ​တို့​သည် နှုတ်​တော်​ထွက်​စကား​အားဖြင့် ကိုယ်တော်​ကို​အပြစ်ရှာ​နိုင်​ရန် ဖာရိရှဲ​နှင့်​ဟေရုဒ်​၏​လူ​အချို့​တို့​ကို အထံ​တော်​သို့​စေလွှတ်​ကြ​၏။ သူ​တို့​သည်​လာ​၍ ကိုယ်တော်​အား “ဆရာ၊ ဆရာ​သည် ဖြောင့်မှန်​သော​သူ​ဖြစ်​ပြီး မည်သူ့​ကို​မျှ​အား​မ​နာ​ကြောင်း အကျွန်ုပ်​တို့​သိ​ကြ​ပါ​၏။ အဘယ်ကြောင့်​ဆိုသော် ဆရာ​သည် လူ့​မျက်နှာ​ကို​မ​ထောက်​ဘဲ ဘုရားသခင်​၏​တရား​လမ်း​ကို သမ္မာတရား​နှင့်အညီ​သွန်သင်​ပါ​၏။ ဆီဇာ​ဧကရာဇ်​ကို အခွန်​ဆက်သ​ခြင်း​သည် တရား​တော်​နှင့်​ညီ​သလော​၊ သို့မဟုတ် မ​ညီ​သလော။ အကျွန်ုပ်​တို့​ဆက်သ​သင့်​သလော​၊ သို့မဟုတ် မ​ဆက်သ​သင့်​သလော”​ဟု မေးလျှောက်​ကြ​၏။ သို့သော် ကိုယ်တော်​သည် သူ​တို့​၏​သူတော်ကောင်း​ယောင်ဆောင်​မှု​ကို သိ​တော်မူ​၍“အဘယ်ကြောင့် ငါ့​ကို​စမ်းသပ်​ကြ​သနည်း။ ငါ​ကြည့်​ရန်​အတွက် ဒေနာရိ​တစ်​ပြား​ကို ငါ့​ထံ​ယူ​ခဲ့​ကြ​လော့”​ဟု မိန့်​တော်မူ​၏။ သူ​တို့​ယူလာ​ကြ​သောအခါ ကိုယ်တော်​က“ဤသည်ကား မည်သူ​၏​ပုံ၊ မည်သူ​၏​ကမ္ပည်းစာ​ဖြစ်​သနည်း”​ဟု မေး​တော်မူ​လျှင် သူ​တို့​က “ဆီဇာ​ဧကရာဇ်​၏​ပုံ​နှင့်​ကမ္ပည်းစာ​ဖြစ်​ပါ​သည်”​ဟု လျှောက်​ကြ​၏။ ယေရှု​က​လည်း“ဆီဇာ​ဧကရာဇ်​နှင့်ဆိုင်သော​အရာ​များ​ကို ဆီဇာ​ဧကရာဇ်​အား​ဆက်သ​၍ ဘုရားသခင်​နှင့်ဆိုင်သော​အရာ​များ​ကို ဘုရားသခင်​အား​ဆက်သ​ကြ​လော့”​ဟု မိန့်​တော်မူ​ရာ သူ​တို့​သည် ကိုယ်တော်​ကို​အံ့သြ​ကြ​၏။ ထို့နောက် ရှင်ပြန်​ထမြောက်​ခြင်း​မ​ရှိ​ဟု​ပြော​ကြ​သော ဇဒ္ဒုကဲ​တို့​သည် အထံ​တော်​သို့​လာ​၍ “ဆရာ၊ တစ်စုံတစ်ဦး​၏​အစ်ကို​သည် သားသမီး​မ​ထွန်းကား​ဘဲ​သေဆုံး​၍ မယား​ကို​ထား​ခဲ့​လျှင် ညီ​ဖြစ်​သူ​သည် မိမိ​အစ်ကို​၏​မျိုးဆက်​ကို​ပေါက်ပွား​စေရန် ထို​မိန်းမ​ကို​ယူ​ရ​မည်​ဟု မောရှေ​က အကျွန်ုပ်​တို့​အတွက် စီရင်​ရေး​ထား​ခဲ့​ပါ​သည်။ ညီအစ်ကို​ခုနစ်​ဦး​ရှိ​ခဲ့​ရာ အစ်ကို​အကြီးဆုံး​သည် မိန်းမ​ယူ​ပြီး မျိုးဆက်​မ​ထားခဲ့​ဘဲ သေဆုံး​သွား​ပါ​သည်။ ထိုအခါ ဒုတိယ​ညီ​သည် ထို​မိန်းမ​ကို​ယူ​၍ မျိုးဆက်​မ​ထား​ခဲ့​ဘဲ သေဆုံး​သွား​ပြန်​သည်။ တတိယ​ညီ​သည်​လည်း ထိုနည်းတူ​ဖြစ်​ပြီး ခုနစ်​ဦး​စလုံး​သည်​မျိုးဆက်​မ​ထားခဲ့​ဘဲ သေဆုံး​ကြ​သည်။ နောက်ဆုံး​တွင် ထို​မိန်းမ​သည်​လည်း သေဆုံး​သွား​ပါ​သည်။ ရှင်ပြန်​ထမြောက်​ရာ​ကာလ​၌ သူ​တို့​ထမြောက်​ကြ​သောအခါ ထို​မိန်းမ​သည် မည်သူ​၏​မယား​ဖြစ်​ပါ​မည်နည်း။ အကြောင်းမူကား ခုနစ်​ဦး​စလုံး ထို​မိန်းမ​ကို မယား​အဖြစ် ပေါင်းဖက်​ခဲ့​ကြ​ပါ​သည်”​ဟု မေးလျှောက်​ကြ​၏။ ယေရှု​က​လည်း“သင်​တို့​သည် ကျမ်းစာ​ကို​လည်းကောင်း၊ ဘုရားသခင်​၏​တန်ခိုး​တော်​ကို​လည်းကောင်း မ​သိ​သောကြောင့် ဤသို့​အယူလွဲ​နေ​ကြ​သည်​မ​ဟုတ်​လော။ အကြောင်းမူကား လူ​တို့​သည် သေ​သော​သူ​တို့​ထဲမှ ထမြောက်​ကြ​သောအခါ ထိမ်းမြား​စုံဖက်​ခြင်း​ကို​မ​ပြု၊ ပေးစား​ဆောင်နှင်း​ခြင်း​လည်း​မ​ရှိ​ဘဲ ကောင်းကင်​ဘုံ​၌​ရှိ​သော ကောင်းကင်တမန်​များ​ကဲ့သို့​ဖြစ်​ကြ​၏။ သေ​သော​သူ​တို့​၏​ထမြောက်​ခြင်း​နှင့်​ပတ်သက်၍ မောရှေ​၏​ကျမ်း​၌ ချုံပုတ်​အကြောင်း​ရေး​ထား​သော​အခန်း​တွင် ဘုရားသခင်​က ‘ငါ​သည် အာဗြဟံ​၏​ဘုရား၊ ဣဇက်​၏​ဘုရား၊ ယာကုပ်​၏​ဘုရား​ဖြစ်​၏’​ဟု မောရှေ​အား မိန့်​တော်မူ​ခဲ့​သည်​ကို သင်​တို့​မ​ဖတ်​ဖူး​ကြ​သလော။ ဘုရားသခင်​သည် သေ​သော​သူ​တို့​၏​ဘုရား​မ​ဟုတ်​ဘဲ အသက်ရှင်​သော​သူ​တို့​၏​ဘုရား​ဖြစ်​၏။ သင်​တို့​သည် လွန်စွာ​အယူလွဲ​ကြ​ပြီ”​ဟု မိန့်​တော်မူ​၏။