ရှင်မဿဲ 21:18-46
ရှင်မဿဲ 21:18-46 Judson Bible (JBMLE)
နံနက်အချိန်၌ မြို့သို့ ပြန်စဉ်တွင် ဆာမွတ်တော်မူ၏။- လမ်းနားမှာ သင်္ဘောသဖန်းပင်တစ်ပင်ကို မြင်လျှင်၊ ထိုအပင်သို့ကြွသွား၍ အရွက်ကိုသာ တွေ့တော်မူသည်ရှိသော်၊ ယခုမှစ၍ အစဉ်မပြတ် သင်၌အသီးမသီးစေနှင့်ဟု မိန့်တော်မူလျှင်၊ ထိုအပင်သည် ချက်ချင်း သွေ့ခြောက်လေ၏။- တပည့်တော်တို့သည် မြင်လျှင်၊ သင်္ဘောသဖန်းပင်သည် ချက်ချင်း သွေ့ခြောက်ပါပြီတကားဟု အံ့ဩ၍ ဆိုကြ၏။- ယေရှုကလည်း၊ ငါအမှန်ဆိုသည်ကား၊ သင်တို့သည် ယုံမှားခြင်းနှင့်ကင်းသော ယုံကြည်ခြင်းရှိလျှင်၊ သင်္ဘောသဖန်းပင်၌ ပြုသကဲ့သို့ သင်တို့ပြုနိုင်သည် သာမက၊ ထိုတောင်ကိုပင် နေရာမှရွေ့လော့၊ ပင်လယ်၌ကျလော့ဟု ဆိုလျှင် ဆိုသည်အတိုင်း ဖြစ်လိမ့်မည်။- ယုံကြည်ခြင်းပါလျက် ပတ္ထနာပြု၍ ဆုတောင်းသမျှတို့ကို သင်တို့သည် ရကြလိမ့်မည်ဟု မိန့်တော်မူ၏။ ဗိမာန်တော်သို့ ဝင်ပြန်၍ ဆုံးမဩဝါဒ ပေးတော်မူစဉ်တွင်၊ ယဇ်ပုရောဟိတ်အကြီးတို့နှင့် လူတို့တွင် အကြီးအကဲဖြစ်သော သူတို့သည် အထံတော်သို့ချဉ်းကပ်၍၊ ကိုယ်တော်သည် ဤအမှုများကို အဘယ်အခွင့်နှင့် ပြုသနည်း။ ထိုအခွင့်ကို အဘယ်သူပေးသနည်းဟု မေးလျှောက်ကြသော်၊- ယေရှုက၊ ငါသည် တစ်စုံတစ်ခုကို မေးဦးမည်။ သင်တို့ဖြေလျှင် ဤအမှုများကို အဘယ်အခွင့်နှင့် ငါပြုသည်ကို ငါပြောမည်။- ယောဟန်၏ ဗတ္တိဇံတရားသည် အဘယ်ကဖြစ်သနည်း။ ဘုရားက ဖြစ်သလော။ လူကဖြစ်သလောဟု မေးတော်မူ၏။ ထိုသူတို့သည် အချင်းချင်းဆင်ခြင်၍ ဘုရားကဖြစ်သည်ဟု ငါတို့ဖြေလျှင်၊ သင်တို့သည် ယောဟန်ကို အဘယ်ကြောင့် မယုံသနည်းဟု သူမေးလေဦးမည်။- လူကဖြစ်သည်ဟု ငါတို့ဖြေလျှင် လူများကိုကြောက်ရ၏။ အကြောင်းမူကား၊ လူအပေါင်းတို့သည် ယောဟန်ကို ပရောဖက်ကဲ့သို့ ထင်မှတ်ကြ၏ဟု အချင်းချင်းဆင်ခြင်ပြီးမှ၊- အကျွန်ုပ်တို့မသိပါဟု ယေရှုအား ပြန်ပြောကြ၏။ ကိုယ်တော်ကလည်း၊ ထိုအတူ ဤအမှုများကို အဘယ်အခွင့်နှင့် ငါပြုသည်ကို ငါမပြော။ သင်တို့သည် အဘယ်သို့ထင်ကြသနည်း။ တစ်စုံတစ်ယောက်သောသူ၌ သားနှစ်ယောက်ရှိ၏။ သားအကြီး ဆီသို့သွား၍ ငါ့သား၊ ယနေ့ ငါ့စပျစ်ဥယျာဉ်သို့သွား၍ လုပ်ဆောင်လော့ဟု ဆိုလျှင်၊- သားက ငါမသွားဘူးဟု ပြန်ပြောသော်လည်း၊ နောက်မှ နောင်တရ၍ သွားလေ၏။- အဘသည် အခြားသောသားဆီသို့သွား၍ ရှေ့နည်းအတူဆိုလျှင်၊ သားကသွားပါမည် အဘသခင်ဟု ဆိုသော်လည်း မသွားဘဲနေ၏။- ထိုသားနှစ်ယောက်တို့တွင် အဘယ်သူသည် အဘ၏အလိုကို ဆောင်သနည်းဟု မေးတော်မူလျှင်၊ သားအကြီးဆောင်ပါသည်ဟု လျှောက်ကြသော်၊ ယေရှုကလည်း ငါအမှန်ဆိုသည်ကား၊ အခွန်ခံတို့နှင့် ပြည့်တန်ဆာတို့သည် သင်တို့အရင် ဘုရားသခင်၏ နိုင်ငံတော်သို့ ဝင်တတ်ကြ၏။- အကြောင်းမူကား၊ ယောဟန်သည် ဖြောင့်မတ်သောအကျင့်ကို ကျင့်၍ သင်တို့ဆီသို့ လာသော်လည်း သင်တို့မယုံကြည်ကြ။ အခွန်ခံတို့နှင့် ပြည့်တန်ဆာတို့မူကား ယုံကြည်ကြ၏။ ထိုအကြောင်းကို သင်တို့သည် မြင်သော်လည်းယုံကြည်မည်အကြောင်း နောက်တစ်ဖန် နောင်တမရကြ။ အခြားသော ဥပမာကိုနားထောင်ကြလော့။ အိမ်ရှင်တစ်ဦးသည် စပျစ်ဥယျာဉ်ကိုစိုက်ပျိုး၍၊ စောင်ရန်းကို လုပ်ပြီးမှ စပျစ်သီးနယ်ရာကျင်းကို တူးလေ၏။ မှီခိုရာလင့်စင်ကိုလည်း ဆောက်လေ၏။ လုပ်ဆောင်သော သူတို့အား ဥယျာဉ်ကိုငှား၍ အခြားသောပြည်သို့ သွားလေ၏။- အသီးသီးချိန် ရောက်သောအခါ၊ အသီးကိုခံစေခြင်းငှာ ငယ်သားတို့ကို ဥယျာဉ်စောင့်တို့ရှိရာသို့ စေလွှတ်လေ၏။- ထိုသူတို့သည် ငယ်သားများကို ဖမ်းပြီးလျှင် တစ်ဦးကိုရိုက်၍၊ တစ်ဦးကိုသတ်၍၊ တစ်ဦးကို ခဲနှင့် ပစ်ကြ၏။- နောက်တစ်ဖန် အရင်ထက်များသော အခြားငယ်သားတို့ကို စေလွှတ်ပြန်လျှင်၊ ဥယျာဉ်စောင့်တို့သည် ရှေ့နည်းအတူပြုကြ၏။- နောက်ဆုံး၌ ဥယျာဉ်ရှင်က၊ ထိုသူတို့သည် ငါ့သားကို အားနာကြလိမ့်မည်ဟုဆို၍ မိမိသားကို စေလွှတ်လေ၏။- ဥယျာဉ်စောင့်တို့သည် သားကိုမြင်လျှင် ဤသူသည် အမွေခံဖြစ်၏။ လာကြ၊ သူ့ကိုသတ်၍ သူ၏အမွေဥစ္စာကို ယူကြကုန်အံ့ဟု အချင်းချင်းတိုင်ပင်၍၊- ဥယျာဉ်ရှင်၏သားကို ဖမ်းယူပြီးမှ ဥယျာဉ်ပြင်သို့ထုတ်၍ သတ်ပစ်ကြ၏။- သို့ဖြစ်လျှင် ဥယျာဉ်ရှင်သည် လာသောအခါ၊ ဥယျာဉ်စောင့်တို့ကို အဘယ်သို့ ပြုမည်နည်းဟု မေးတော်မူ၏။- ပရိသတ်တို့ကလည်း ထိုလူဆိုးတို့အား ဆိုးသောဖျက်ဆီးခြင်းကို စီရင်ပါလိမ့်မည်။ အသီးသီးချိန်တွင် အသီးကိုဆက်အံ့သော အခြားလူတို့အား ထိုဥယျာဉ်ကို ငှားပါလိမ့်မည်ဟု လျှောက်ကြ၏။ ယေရှုကလည်း၊ တိုက်ကိုတည်လုပ်သောသူများ ပယ်ထားသောကျောက်သည် နောက်တစ်ဖန် တိုက်ထောင့်အထွတ်ဖျားသို့ ရောက်ပြန်၏။ ထိုအမှုသည် ထာဝရဘုရား ပြုတော်မူသောအမှု ဖြစ်၏။ ငါတို့ မျက်မှောက်၌လည်း အံ့ဩဖွယ်ဖြစ်၏ ဟူသောစကားကို ကျမ်းစာ၌ သင်တို့သည် တစ်ရံတစ်ခါမျှ မဖတ်ဖူးသလော။- ထိုကြောင့် ငါဆိုသည်ကား၊ ဘုရားသခင်၏နိုင်ငံတော်ကို သင်တို့မှနုတ်၍ နိုင်ငံတော်၏အသီးကို သီးအံ့သောလူမျိုးအား ပေးရလတ္တံ့။- အကြင်သူသည် ထိုကျောက်အပေါ်သို့ ကျ၏။ ထိုသူသည် ကျိုးလတ္တံ့၊ အကြင်သူ၏အပေါ်သို့ ထိုကျောက်သည် ကျ၏၊ ထိုသူသည် ညက်ညက်ကြေလတ္တံ့ဟု မိန့်တော်မူ၏။ ထိုဥပမာစကားကို ယဇ်ပုရောဟိတ်အကြီးနှင့် ဖာရိရှဲတို့သည် ကြားရလျှင်၊ မိမိတို့ကိုရည်ဆောင်၍ ဟောပြောတော်မူသည်ကို သိကြ၏။- ကိုယ်တော်ကို ဖမ်းဆီးခြင်းငှာ ရှာကြံသော်လည်း စုဝေးသောသူများကို ကြောက်ကြ၏။ အကြောင်းမူကား၊ ထိုသူတို့သည် ကိုယ်တော်ကို ပရောဖက်ကဲ့သို့ ထင်မှတ်ကြ၏။
ရှင်မဿဲ 21:18-46 Common Language Bible (BCL)
နံနက်စောစောမြို့သို့ပြန်လည်ကြွလာတော်မူစဉ် ကိုယ်တော်သည်ဆာလောင်မွတ်သိပ်တော်မူ၏။- လမ်းအနီးတွင်သင်္ဘောသဖန်းပင်တစ်ပင်ကို မြင်သဖြင့်ထိုအပင်ရှိရာသို့ကြွတော်မူ၏။ အပင်ပေါ်တွင်အရွက်များကိုသာတွေ့တော်မူ လျှင်ကိုယ်တော်သည်ထိုအပင်အား ``သင်သည် နောင်အဘယ်အခါ၌မျှအသီးမသီးစေနှင့်'' ဟုမိန့်တော်မူ၏။ သင်္ဘောသဖန်းပင်သည်လည်း ချက်ချင်းပင်ညှိုးနွမ်းခြောက်သွေ့သွားလေ၏။ ထိုအခြင်းအရာကိုတပည့်တော်တို့မြင်လျှင် လွန်စွာအံ့သြကြသဖြင့် ``သင်္ဘောသဖန်းပင် သည်အဘယ်သို့လျှင်ချက်ချင်းညှိုးနွမ်းခြောက် သွေ့သွားပါသနည်း'' ဟုမေးလျှောက်ကြ၏။ သခင်ယေရှုက ``အမှန်အကန်သင်တို့အား ငါဆိုသည်ကား၊ သင်တို့သည်သံသယကင်း သောယုံကြည်ခြင်းရှိလျှင်သင်္ဘောသဖန်းပင် ကိုငါပြုသကဲ့သို့ပြုနိုင်လိမ့်မည်။ ထိုမျှမက ဤတောင်အား `ဤနေရာမှရွေ့၍ပင်လယ်ထဲ သို့သက်ဆင်းလော့' ဟုဆိုလျှင်ဆိုသည့်အတိုင်း ဖြစ်လိမ့်မည်။- သင်တို့သည်ယုံကြည်ခြင်းဖြင့်တောင်းလျှောက် လျှင်တောင်းလျှောက်သမျှတို့ကိုရရှိကြ လိမ့်မည်'' ဟုမိန့်တော်မူ၏။ ကိုယ်တော်သည်ဗိမာန်တော်သို့ပြန်လည်ကြွလာ တော်မူ၍ဟောပြောသွန်သင်တော်မူစဉ်ယဇ်ပုရော ဟိတ်ကြီးများနှင့်ဘာသာရေးခေါင်းဆောင်များသည် အထံတော်သို့ချဉ်းကပ်ကြပြီးလျှင် ``အရှင်သည် ဤအမှုအရာများကိုအဘယ်အခွင့်အာဏာနှင့် ပြုတော်မူပါသနည်း။ ထိုအခွင့်အာဏာကိုအရှင့် အားအဘယ်သူပေးအပ်ပါသနည်း'' ဟုမေး လျှောက်ကြ၏။ သခင်ယေရှုက ``သင်တို့အားမေးခွန်းတစ်ခုကို ငါမေးမည်။ ထိုမေးခွန်းကိုသင်တို့ဖြေကြားကြ ပါလျှင် ဤအမှုအရာများကိုအဘယ်အခွင့် အာဏာနှင့်ငါပြုသည်ကိုငါပြောမည်။- ယောဟန်ဗတ္တိဇံမင်္ဂလာပေးသည်မှာဘုရားသခင်၏ အခွင့်အာဏာနှင့်ပေးသလော။ လူတို့၏အခွင့် အာဏာနှင့်ပေးသလော'' ဟုမေးတော်မူ၏။ သူတို့သည် ``အကယ်၍ဘုရားသခင်၏အခွင့် အာဏာနှင့်ပေးသည်ဟုငါတို့ဆိုလျှင်ယောဟန် ကိုသင်တို့အဘယ်ကြောင့်မယုံကြည်ကြ သနည်းဟုမေးလိမ့်မည်။- သို့ရာတွင်လူတို့၏အခွင့်အာဏာနှင့်ပေးသည် ဟုဆိုရမည်မှာလည်းလူအပေါင်းတို့သည်ယောဟန် ကို ပရောဖက်တစ်ပါးဟုယုံကြည်ကြသဖြင့်လူ ပရိသတ်ကိုငါတို့ကြောက်ရ၏'' ဟုအချင်းချင်း ဆွေးနွေးကြ၏။- သို့ဖြစ်၍သူတို့က ``အကျွန်ုပ်တို့မသိပါ'' ဟု ပြန်လည်လျှောက်ထားကြ၏။ ထိုအခါကိုယ်တော်က ``ငါပြုသည့်အမှုအရာ များကိုအဘယ်အခွင့်အာဏာနှင့်ပြုသည်ကို လည်းသင်တို့အားငါမပြော'' ဟုမိန့်တော်မူ၏။ ထိုနောက်ကိုယ်တော်က ``သင်တို့သည်အဘယ်သို့ ထင်မှတ်ကြသနည်း။ လူတစ်ယောက်မှာသားနှစ် ယောက်ရှိ၏။ သူသည်သားကြီးထံသို့သွားပြီး လျှင်`ငါ့သား၊ ယနေ့စပျစ်ဥယျာဉ်သို့သွား၍ လုပ်ဆောင်ပါလော့' ဟုဆို၏။- သားကြီးက `အကျွန်ုပ်မသွားလိုပါ' ဟုဆို သော်လည်းနောက်မှစိတ်ပြောင်းလဲသဖြင့် ဥယျာဉ်သို့သွားလေ၏။- ဖခင်သည်သားငယ်ထံသို့သွား၍ရှေးနည်းတူ ပြော၏။ သားငယ်က `ဟုတ်ကဲ့ အဖေ၊ အကျွန်ုပ် သွားပါမည်' ဟုဆို၏။- သို့သော်လည်းမသွားဘဲနေ၏။ ထိုသားနှစ်ယောက် တို့တွင်အဘယ်သူသည်ဖခင်၏စကားကိုနား ထောင်ပါသနည်း'' ဟုမေးတော်မူ၏။ ထိုသူတို့က ``သားကြီးနားထောင်ပါသည်'' ဟု ဖြေကြားကြ၏။ သခင်ယေရှုက ``အမှန်အကန်သင်တို့အားငါဆို သည်ကား၊ အခွန်ခံသူများနှင့်ပြည့်တန်ဆာများ သည်သင်တို့အလျင်ကောင်းကင်နိုင်ငံတော်သို့ဝင် ကြလိမ့်မည်။- ယောဟန်သည်သင်တို့ထံလာ၍လမ်းမှန်ကိုညွှန်ပြ သော်လည်းသင်တို့သည်သူ့ကိုမယုံကြည်ကြ။ သို့ ရာတွင်အခွန်ခံသူများနှင့်ပြည့်တန်ဆာများမူ ကားယုံကြည်ကြ၏။ ဤအခြင်းအရာကိုတွေ့မြင် ရကြသောအခါ၌ပင်လျှင် သင်တို့သည်စိတ်ပြောင်း လဲ၍ယောဟန်ကိုယုံကြည်လာခြင်းမရှိကြ။'' ``အခြားပုံဥပမာတစ်ခုကိုနားထောင်ကြဦး လော့။ စပျစ်ဥယျာဉ်တစ်ခုကိုစိုက်ပျိုးသည့်မြေ ပိုင်ရှင်တစ်ယောက်ရှိ၏။ သူသည်ခြံဝင်းကာ၍ စပျစ်သီးနယ်ရာကျင်းကိုတူး၏။ မျှော်စင်တစ်ခု ကိုလည်းဆောက်လုပ်၏။ ထိုနောက်မိမိ၏ဥယျာဉ် ကိုခြံသမားတို့အားသီးစားချ၍နိုင်ငံရပ် ခြားသို့ထွက်သွား၏။- စပျစ်သီးပေါ်ချိန်နီးကပ်လာသောအခါမိမိ ၏လုပ်သားများကိုခြံသမားတို့ထံသို့စေလွှတ် ၍ သီးစားခစပျစ်သီးများကိုတောင်းခံစေ၏။- ခြံသမားတို့သည်လုပ်သားများကိုဖမ်း၍ရိုက် သူကိုရိုက်၊ သတ်သူကိုသတ်၊ ခဲနှင့်ပေါက်သူကို ပေါက်ကြ၏။- ထိုနောက်ဥယျာဉ်ရှင်သည်ပထမအကြိမ်ထက် လုပ်သားများကိုပို၍စေလွှတ်၏။ သို့ရာတွင် ခြံသမားတို့သည်ထိုလုပ်သားများကိုလည်း ရှေးနည်းတူပြုကြပြန်၏။- နောက်ဆုံး၌သူသည် `ငါ၏သားကိုမူထိုသူတို့ လေးစားကြရာ၏' ဟုဆိုလျက်မိမိ၏သား ကိုခြံသမားတို့ထံသို့စေလွှတ်၏။- သို့သော်ထိုသူတို့သည်ဥယျာဉ်ရှင်၏သားကို မြင်သောအခါ `ဤသူသည်အမွေစားအမွေခံ ဖြစ်၏။ လာကြ။ သူ့ကိုသတ်၍သူ့အမွေဥစ္စာ ကိုယူကြကုန်အံ့' ဟုအချင်းချင်းတိုင်ပင် ပြီးနောက်၊- သူ့ကိုဖမ်းပြီးဥယျာဉ်အပြင်သို့ထုတ်၍ သတ်ကြ၏။ သို့ဖြစ်၍ဥယျာဉ်ရှင်ရောက်ရှိလာသောအခါ ခြံသမားတို့အားအဘယ်သို့ပြုလိမ့်မည်နည်း'' ဟုမေးတော်မူ၏။ လူတို့က ``ဥယျာဉ်ရှင်သည်ထိုဆိုးသွမ်းသော သူတို့ကိုအမှန်ပင်သတ်ပစ်ပါလိမ့်မည်။ ဥယျာဉ် ကိုလည်းစပျစ်သီးပေါ်ချိန်၌သီးစားခမှန်မှန် ပေးမည့်အခြားခြံသမားတို့အားပေးအပ်ပါ လိမ့်မည်'' ဟုဖြေကြားကြ၏။ သခင်ယေရှုက ``တိုက်တည်သူတို့ပယ်ထားသောကျောက်သည် အရေးအကြီးဆုံးသောထောင့်ချုပ်ကျောက်ဖြစ် လာရ၏။ ဤအမှုသည်ဘုရားသခင်ပြုတော်မူသော အမှုဖြစ်၏။ ငါတို့မျက်မှောက်တွင်အံ့သြဖွယ်ရာဖြစ်လေစွ' ဟူသောကျမ်းစကားကိုသင်တို့မဖတ်ဖူး ကြသလော။ ``သို့ဖြစ်၍သင်တို့အားငါဆိုသည်ကားဘုရား သခင်၏နိုင်ငံတော်ကိုသင်တို့ထံမှရုပ်သိမ်း၍ နိုင်ငံတော်နှင့်ထိုက်လျောက်သည့်အကျင့်သီလ ရှိသောလူမျိုးအားပေးလိမ့်မည်။- (ထိုကျောက်အပေါ်သို့ကျသောသူသည်ကြေမွ ၍သွားပေအံ့။ မိမိ၏အပေါ်သို့ထိုကျောက် အကျခံရသူသည်ညက်ညက်ကြေ၍သွားပေ အံ့'') ဟုမိန့်တော်မူ၏။ ကိုယ်တော်၏ပုံဥပမာများကိုယဇ်ပုရောဟိတ် ကြီးများနှင့်ဖာရိရှဲများကြားကြသောအခါ မိမိတို့ကိုရည်မှတ်၍မိန့်တော်မူကြောင်းသိ ကြ၏။- ထိုကြောင့်သူတို့သည်ကိုယ်တော်ကိုဖမ်းဆီးရန် နည်းလမ်းရှာကြ၏။ သို့ရာတွင်သူတို့သည် ကိုယ်တော်အားပရောဖက်ဟုမှတ်ယူယုံကြည် နေသူလူပရိသတ်တို့ကိုကြောက်ကြ၏။
ရှင်မဿဲ 21:18-46 မြန်မာ့စံမီသမ္မာကျမ်း (MSBU)
နံနက်စောစော မြို့သို့ပြန်ကြွတော်မူသောအခါ ကိုယ်တော်သည် ဆာလောင်တော်မူ၏။ ထိုစဉ် လမ်း၌ သဖန်းပင်တစ်ပင်ကိုမြင်၍ ထိုအပင်ရှိရာသို့ကြွတော်မူရာ ၎င်းတွင် အရွက်များမှလွဲ၍ မည်သည့်အရာကိုမျှမတွေ့သဖြင့် ထိုအပင်အား“ယခုမှစ၍ ကာလအစဉ်အဆက် သင်၌အသီးမသီးစေရ”ဟု မိန့်တော်မူ၏။ ထိုအခါ သဖန်းပင်သည် ချက်ချင်းညှိုးနွမ်းခြောက်သွေ့သွားလေ၏။ တပည့်တော်တို့သည် ထိုအခြင်းအရာကိုမြင်လျှင် အံ့သြလျက် “သဖန်းပင်သည် မည်သို့သောအားဖြင့် ချက်ချင်းညှိုးနွမ်းခြောက်သွေ့သွားသနည်း”ဟု ဆိုကြ၏။ ယေရှုကလည်း“သင်တို့အား ငါအမှန်ဆိုမည်။ သင်တို့သည် ယုံကြည်ခြင်းရှိလျက် သံသယကင်းမဲ့ကြလျှင် ဤသဖန်းပင်၌ ပြုခဲ့သည့်အမှုမျိုးကိုပြုနိုင်သည်သာမက ဤတောင်အား ‘ရွေ့သွား၍ ပင်လယ်ထဲသို့ကျလော့’ဟု ဆိုလျှင်ပင် ထိုအတိုင်းဖြစ်လိမ့်မည်။ သင်တို့ဆုတောင်းသောအခါတွင်လည်း ယုံကြည်ခြင်းဖြင့် တောင်းလျှောက်သမျှသောအရာတို့ကို သင်တို့ရကြလိမ့်မည်”ဟု ပြန်၍မိန့်တော်မူ၏။ ထို့နောက် ဗိမာန်တော်ထဲသို့ဝင်၍ သွန်သင်တော်မူစဉ် ယဇ်ပုရောဟိတ်အကြီးအကဲများနှင့် လူထုထဲမှ သက်ကြီးဝါကြီးများသည် အထံတော်သို့ ချဉ်းကပ်လာ၍ “သင်သည် ဤအမှုအရာများကို မည်သည့်အခွင့်အာဏာနှင့်ပြုသနည်း။ ထိုအခွင့်အာဏာကို မည်သူက သင့်အားပေးသနည်း”ဟု မေးမြန်းကြ၏။ ယေရှုကလည်း“ငါသည်လည်း သင်တို့ကို မေးခွန်းတစ်ခုမေးဦးမည်။ သင်တို့ ငါ့ကိုဖြေကြားလျှင် ဤအမှုအရာများကို မည်သည့်အခွင့်အာဏာနှင့် ငါပြုကြောင်း သင်တို့အား ငါပြောမည်။ ယောဟန်၏ဗတ္တိဇံသည် အဘယ်ကဖြစ်သနည်း။ ကောင်းကင်မှဖြစ်သလော၊ သို့မဟုတ် လူတို့ထံမှဖြစ်သလော”ဟု မေးတော်မူ၏။ ထိုအခါ သူတို့သည် အချင်းချင်းဆွေးနွေးပြောဆိုကြကာ “ ‘ကောင်းကင်မှဖြစ်သည်’ဟု ငါတို့ပြောလျှင် သူက ‘သို့ဖြစ်လျှင် အဘယ်ကြောင့် ယောဟန်ကိုမယုံကြသနည်း’ဟု ပြောလိမ့်မည်။ ‘လူတို့ထံမှဖြစ်သည်’ဟု ငါတို့ပြောလျှင်လည်း လူထုပရိသတ်ကိုကြောက်ရ၏။ အကြောင်းမူကား သူတို့အားလုံးသည် ယောဟန်ကို ပရောဖက်တစ်ပါးအဖြစ် မှတ်ယူကြ၏”ဟု ပြောဆိုကြ၏။ ထို့ကြောင့် သူတို့က “အကျွန်ုပ်တို့မသိပါ”ဟု ယေရှုအား ပြန်ဖြေကြ၏။ ထိုအခါ ကိုယ်တော်က“ငါသည်လည်း ဤအမှုအရာများကို မည်သည့်အခွင့်အာဏာနှင့်ပြုကြောင်း သင်တို့ကိုမပြော။ သင်တို့သည် မည်သို့ထင်ကြသနည်း။ လူတစ်ဦးတွင် သားနှစ်ယောက်ရှိ၏။ သူသည် ပထမသားထံသို့သွား၍ ‘ငါ့သား၊ ယနေ့ စပျစ်ခြံသို့သွား၍ အလုပ်လုပ်လော့’ဟု ပြောလေ၏။ ထိုသားသည် ‘အကျွန်ုပ်မသွားလိုပါ’ဟု ပြန်ဖြေသော်လည်း နောက်မှစိတ်ပြောင်းလဲသဖြင့် သွားလေ၏။ ဖခင်သည် အခြားသောသားထံသို့သွား၍ ထိုနည်းတူပြောလေ၏။ ထိုသားက ‘ဟုတ်ကဲ့ အဖေ၊ အကျွန်ုပ်သွားပါမည်’ဟု ပြန်ဖြေသော်လည်း မသွားဘဲနေ၏။ ထိုသားနှစ်ယောက်တို့တွင် မည်သူသည် ဖခင်၏အလိုကိုဆောင်ရွက်ခဲ့သနည်း”ဟု မေးတော်မူလျှင် သူတို့က “ပထမသားဖြစ်သည်”ဟု ဖြေကြ၏။ ယေရှုကလည်း“သင်တို့အား ငါအမှန်ဆိုသည်ကား အခွန်ကောက်ခံသူတို့နှင့်ပြည့်တန်ဆာတို့သည် သင်တို့ထက်အလျင်ဦးစွာ ဘုရားသခင်၏နိုင်ငံတော်သို့ဝင်ကြ၏။ အကြောင်းမူကား ယောဟန်သည် ဖြောင့်မတ်ခြင်းတရားလမ်းဖြင့် သင်တို့ထံသို့လာသော်လည်း သင်တို့သည် သူ့ကိုမယုံကြည်ကြ။ အခွန်ကောက်ခံသူတို့နှင့်ပြည့်တန်ဆာတို့မူကား သူ့ကိုယုံကြည်ကြ၏။ သင်တို့သည် ထိုအခြင်းအရာကိုမြင်လျက်ပင် နောက်မှစိတ်ပြောင်းလဲ၍ သူ့ကိုယုံကြည်လာခြင်းမရှိကြ။ အခြားသောပုံဥပမာကို နားထောင်ကြလော့။ ခြံပိုင်ရှင်တစ်ဦးရှိ၏။ သူသည် စပျစ်ခြံကိုစိုက်ပျိုး၍ ခြံစည်းရိုးခတ်လျက် ခြံထဲတွင် စပျစ်သီးနယ်ရာကျင်းကိုတူးကာ မျှော်စင်ကိုဆောက်လေ၏။ ထို့နောက် ထိုခြံကို ခြံသမားတို့အားငှားရမ်း၍ ခရီးထွက်လေ၏။ အသီးပေါ်ချိန်နီးကပ်လာသောအခါ စပျစ်ခြံထွက်အသီးများကိုရယူရန် မိမိ၏အစေအပါးတို့ကို ခြံသမားတို့ထံသို့ စေလွှတ်လေ၏။ ထိုအခါ ခြံသမားတို့သည် ထိုသူ၏အစေအပါးတို့ကိုဖမ်းဆီး၍ တစ်ဦးကိုရိုက်နှက်ကာ အခြားတစ်ဦးကိုသတ်ဖြတ်လျက် တစ်ဦးကိုမူ ခဲနှင့်ပေါက်သတ်ကြ၏။ နောက်တစ်ဖန် ယခင်ထက် ပို၍များပြားသော အခြားအစေအပါးတို့ကို စေလွှတ်လိုက်ရာ ခြံသမားတို့သည် သူတို့ကိုလည်း ထိုနည်းတူပြုကြ၏။ ခြံပိုင်ရှင်ကလည်း ‘သူတို့သည် ငါ့သားကို ရိုသေကြလိမ့်မည်’ဟု ဆိုလျက် နောက်ဆုံးတွင် မိမိ၏သားကို သူတို့ထံသို့စေလွှတ်လေ၏။ သို့သော် ခြံသမားတို့သည် ထိုသားကိုမြင်သောအခါ ‘ဤသူသည်အမွေခံဖြစ်၏။ လာကြ၊ သူ့ကိုသတ်၍ သူ၏အမွေကိုရယူကြစို့’ဟု အချင်းချင်းပြောဆိုကြပြီးလျှင် သူ့ကိုဖမ်းဆီး၍ စပျစ်ခြံအပြင်သို့ ဆွဲထုတ်ကာ သတ်ပစ်ကြ၏။ သို့ဖြစ်လျှင် စပျစ်ခြံပိုင်ရှင်ပြန်လာသောအခါ ထိုခြံသမားတို့ကို မည်သို့ပြုမည်နည်း”ဟု မေးတော်မူ၏။ သူတို့က “ထိုဆိုးယုတ်သောသူတို့ကို ရက်စက်စွာအဆုံးစီရင်၍ အသီးပေါ်ချိန်တွင် သူ့ကိုအသီးပေးမည့် အခြားခြံသမားတို့အား စပျစ်ခြံကို ငှားရမ်းပါလိမ့်မည်”ဟု ဖြေကြားကြ၏။ ယေရှုကလည်း“ ‘တိုက်ဆောက်သူများပယ်ထားသောကျောက်သည် ထိပ်ဆုံးထောင့်ချုပ်ကျောက်ဖြစ်လာ၏။ ဤအမှုသည် ထာဝရဘုရားအားဖြင့်ဖြစ်လာ၍ ငါတို့၏မျက်မှောက်၌ အံ့ဩဖွယ်ဖြစ်၏’ဟု ကျမ်းစာထဲ၌ မဖတ်ဖူးကြသလော။ ထို့ကြောင့် သင်တို့အား ငါဆိုသည်ကား ဘုရားသခင်၏နိုင်ငံတော်ကို သင်တို့ထံမှသိမ်းယူ၍ ထိုနိုင်ငံတော်၏အသီးကိုသီးမည့်လူမျိုးထံ ပေးတော်မူလိမ့်မည်။ [ထိုကျောက်ပေါ်သို့ကျသောသူသည် အပိုင်းပိုင်းကျိုးလိမ့်မည်။ ထိုကျောက်သည် တစ်စုံတစ်ဦးအပေါ်သို့ကျလျှင် ထိုသူသည် ညက်ညက်ကြေလိမ့်မည်]”ဟု မိန့်တော်မူ၏။ ယဇ်ပုရောဟိတ်အကြီးအကဲများနှင့် ဖာရိရှဲများသည် ကိုယ်တော်၏ပုံဥပမာကိုကြားလျှင် မိမိတို့အကြောင်းမိန့်တော်မူသည်ကို သိကြသဖြင့် ကိုယ်တော်ကိုဖမ်းဆီးရန် ရှာကြံကြ၏။ သို့သော် လူထုပရိသတ်တို့သည် ကိုယ်တော်ကို ပရောဖက်တစ်ပါးအဖြစ် မှတ်ယူကြသောကြောင့် သူတို့သည် လူတို့ကို ကြောက်ကြ၏။