နံနက်စောစော မြို့သို့ပြန်ကြွတော်မူသောအခါ ကိုယ်တော်သည် ဆာလောင်တော်မူ၏။ ထိုစဉ် လမ်း၌ သဖန်းပင်တစ်ပင်ကိုမြင်၍ ထိုအပင်ရှိရာသို့ကြွတော်မူရာ ၎င်းတွင် အရွက်များမှလွဲ၍ မည်သည့်အရာကိုမျှမတွေ့သဖြင့် ထိုအပင်အား“ယခုမှစ၍ ကာလအစဉ်အဆက် သင်၌အသီးမသီးစေရ”ဟု မိန့်တော်မူ၏။ ထိုအခါ သဖန်းပင်သည် ချက်ချင်းညှိုးနွမ်းခြောက်သွေ့သွားလေ၏။ တပည့်တော်တို့သည် ထိုအခြင်းအရာကိုမြင်လျှင် အံ့သြလျက် “သဖန်းပင်သည် မည်သို့သောအားဖြင့် ချက်ချင်းညှိုးနွမ်းခြောက်သွေ့သွားသနည်း”ဟု ဆိုကြ၏။ ယေရှုကလည်း“သင်တို့အား ငါအမှန်ဆိုမည်။ သင်တို့သည် ယုံကြည်ခြင်းရှိလျက် သံသယကင်းမဲ့ကြလျှင် ဤသဖန်းပင်၌ ပြုခဲ့သည့်အမှုမျိုးကိုပြုနိုင်သည်သာမက ဤတောင်အား ‘ရွေ့သွား၍ ပင်လယ်ထဲသို့ကျလော့’ဟု ဆိုလျှင်ပင် ထိုအတိုင်းဖြစ်လိမ့်မည်။ သင်တို့ဆုတောင်းသောအခါတွင်လည်း ယုံကြည်ခြင်းဖြင့် တောင်းလျှောက်သမျှသောအရာတို့ကို သင်တို့ရကြလိမ့်မည်”ဟု ပြန်၍မိန့်တော်မူ၏။ ထို့နောက် ဗိမာန်တော်ထဲသို့ဝင်၍ သွန်သင်တော်မူစဉ် ယဇ်ပုရောဟိတ်အကြီးအကဲများနှင့် လူထုထဲမှ သက်ကြီးဝါကြီးများသည် အထံတော်သို့ ချဉ်းကပ်လာ၍ “သင်သည် ဤအမှုအရာများကို မည်သည့်အခွင့်အာဏာနှင့်ပြုသနည်း။ ထိုအခွင့်အာဏာကို မည်သူက သင့်အားပေးသနည်း”ဟု မေးမြန်းကြ၏။ ယေရှုကလည်း“ငါသည်လည်း သင်တို့ကို မေးခွန်းတစ်ခုမေးဦးမည်။ သင်တို့ ငါ့ကိုဖြေကြားလျှင် ဤအမှုအရာများကို မည်သည့်အခွင့်အာဏာနှင့် ငါပြုကြောင်း သင်တို့အား ငါပြောမည်။ ယောဟန်၏ဗတ္တိဇံသည် အဘယ်ကဖြစ်သနည်း။ ကောင်းကင်မှဖြစ်သလော၊ သို့မဟုတ် လူတို့ထံမှဖြစ်သလော”ဟု မေးတော်မူ၏။ ထိုအခါ သူတို့သည် အချင်းချင်းဆွေးနွေးပြောဆိုကြကာ “ ‘ကောင်းကင်မှဖြစ်သည်’ဟု ငါတို့ပြောလျှင် သူက ‘သို့ဖြစ်လျှင် အဘယ်ကြောင့် ယောဟန်ကိုမယုံကြသနည်း’ဟု ပြောလိမ့်မည်။ ‘လူတို့ထံမှဖြစ်သည်’ဟု ငါတို့ပြောလျှင်လည်း လူထုပရိသတ်ကိုကြောက်ရ၏။ အကြောင်းမူကား သူတို့အားလုံးသည် ယောဟန်ကို ပရောဖက်တစ်ပါးအဖြစ် မှတ်ယူကြ၏”ဟု ပြောဆိုကြ၏။ ထို့ကြောင့် သူတို့က “အကျွန်ုပ်တို့မသိပါ”ဟု ယေရှုအား ပြန်ဖြေကြ၏။ ထိုအခါ ကိုယ်တော်က“ငါသည်လည်း ဤအမှုအရာများကို မည်သည့်အခွင့်အာဏာနှင့်ပြုကြောင်း သင်တို့ကိုမပြော။ သင်တို့သည် မည်သို့ထင်ကြသနည်း။ လူတစ်ဦးတွင် သားနှစ်ယောက်ရှိ၏။ သူသည် ပထမသားထံသို့သွား၍ ‘ငါ့သား၊ ယနေ့ စပျစ်ခြံသို့သွား၍ အလုပ်လုပ်လော့’ဟု ပြောလေ၏။ ထိုသားသည် ‘အကျွန်ုပ်မသွားလိုပါ’ဟု ပြန်ဖြေသော်လည်း နောက်မှစိတ်ပြောင်းလဲသဖြင့် သွားလေ၏။ ဖခင်သည် အခြားသောသားထံသို့သွား၍ ထိုနည်းတူပြောလေ၏။ ထိုသားက ‘ဟုတ်ကဲ့ အဖေ၊ အကျွန်ုပ်သွားပါမည်’ဟု ပြန်ဖြေသော်လည်း မသွားဘဲနေ၏။ ထိုသားနှစ်ယောက်တို့တွင် မည်သူသည် ဖခင်၏အလိုကိုဆောင်ရွက်ခဲ့သနည်း”ဟု မေးတော်မူလျှင် သူတို့က “ပထမသားဖြစ်သည်”ဟု ဖြေကြ၏။ ယေရှုကလည်း“သင်တို့အား ငါအမှန်ဆိုသည်ကား အခွန်ကောက်ခံသူတို့နှင့်ပြည့်တန်ဆာတို့သည် သင်တို့ထက်အလျင်ဦးစွာ ဘုရားသခင်၏နိုင်ငံတော်သို့ဝင်ကြ၏။ အကြောင်းမူကား ယောဟန်သည် ဖြောင့်မတ်ခြင်းတရားလမ်းဖြင့် သင်တို့ထံသို့လာသော်လည်း သင်တို့သည် သူ့ကိုမယုံကြည်ကြ။ အခွန်ကောက်ခံသူတို့နှင့်ပြည့်တန်ဆာတို့မူကား သူ့ကိုယုံကြည်ကြ၏။ သင်တို့သည် ထိုအခြင်းအရာကိုမြင်လျက်ပင် နောက်မှစိတ်ပြောင်းလဲ၍ သူ့ကိုယုံကြည်လာခြင်းမရှိကြ။ အခြားသောပုံဥပမာကို နားထောင်ကြလော့။ ခြံပိုင်ရှင်တစ်ဦးရှိ၏။ သူသည် စပျစ်ခြံကိုစိုက်ပျိုး၍ ခြံစည်းရိုးခတ်လျက် ခြံထဲတွင် စပျစ်သီးနယ်ရာကျင်းကိုတူးကာ မျှော်စင်ကိုဆောက်လေ၏။ ထို့နောက် ထိုခြံကို ခြံသမားတို့အားငှားရမ်း၍ ခရီးထွက်လေ၏။ အသီးပေါ်ချိန်နီးကပ်လာသောအခါ စပျစ်ခြံထွက်အသီးများကိုရယူရန် မိမိ၏အစေအပါးတို့ကို ခြံသမားတို့ထံသို့ စေလွှတ်လေ၏။ ထိုအခါ ခြံသမားတို့သည် ထိုသူ၏အစေအပါးတို့ကိုဖမ်းဆီး၍ တစ်ဦးကိုရိုက်နှက်ကာ အခြားတစ်ဦးကိုသတ်ဖြတ်လျက် တစ်ဦးကိုမူ ခဲနှင့်ပေါက်သတ်ကြ၏။ နောက်တစ်ဖန် ယခင်ထက် ပို၍များပြားသော အခြားအစေအပါးတို့ကို စေလွှတ်လိုက်ရာ ခြံသမားတို့သည် သူတို့ကိုလည်း ထိုနည်းတူပြုကြ၏။ ခြံပိုင်ရှင်ကလည်း ‘သူတို့သည် ငါ့သားကို ရိုသေကြလိမ့်မည်’ဟု ဆိုလျက် နောက်ဆုံးတွင် မိမိ၏သားကို သူတို့ထံသို့စေလွှတ်လေ၏။ သို့သော် ခြံသမားတို့သည် ထိုသားကိုမြင်သောအခါ ‘ဤသူသည်အမွေခံဖြစ်၏။ လာကြ၊ သူ့ကိုသတ်၍ သူ၏အမွေကိုရယူကြစို့’ဟု အချင်းချင်းပြောဆိုကြပြီးလျှင် သူ့ကိုဖမ်းဆီး၍ စပျစ်ခြံအပြင်သို့ ဆွဲထုတ်ကာ သတ်ပစ်ကြ၏။ သို့ဖြစ်လျှင် စပျစ်ခြံပိုင်ရှင်ပြန်လာသောအခါ ထိုခြံသမားတို့ကို မည်သို့ပြုမည်နည်း”ဟု မေးတော်မူ၏။ သူတို့က “ထိုဆိုးယုတ်သောသူတို့ကို ရက်စက်စွာအဆုံးစီရင်၍ အသီးပေါ်ချိန်တွင် သူ့ကိုအသီးပေးမည့် အခြားခြံသမားတို့အား စပျစ်ခြံကို ငှားရမ်းပါလိမ့်မည်”ဟု ဖြေကြားကြ၏။ ယေရှုကလည်း“ ‘တိုက်ဆောက်သူများပယ်ထားသောကျောက်သည် ထိပ်ဆုံးထောင့်ချုပ်ကျောက်ဖြစ်လာ၏။ ဤအမှုသည် ထာဝရဘုရားအားဖြင့်ဖြစ်လာ၍ ငါတို့၏မျက်မှောက်၌ အံ့ဩဖွယ်ဖြစ်၏’ဟု ကျမ်းစာထဲ၌ မဖတ်ဖူးကြသလော။ ထို့ကြောင့် သင်တို့အား ငါဆိုသည်ကား ဘုရားသခင်၏နိုင်ငံတော်ကို သင်တို့ထံမှသိမ်းယူ၍ ထိုနိုင်ငံတော်၏အသီးကိုသီးမည့်လူမျိုးထံ ပေးတော်မူလိမ့်မည်။ [ထိုကျောက်ပေါ်သို့ကျသောသူသည် အပိုင်းပိုင်းကျိုးလိမ့်မည်။ ထိုကျောက်သည် တစ်စုံတစ်ဦးအပေါ်သို့ကျလျှင် ထိုသူသည် ညက်ညက်ကြေလိမ့်မည်]”ဟု မိန့်တော်မူ၏။ ယဇ်ပုရောဟိတ်အကြီးအကဲများနှင့် ဖာရိရှဲများသည် ကိုယ်တော်၏ပုံဥပမာကိုကြားလျှင် မိမိတို့အကြောင်းမိန့်တော်မူသည်ကို သိကြသဖြင့် ကိုယ်တော်ကိုဖမ်းဆီးရန် ရှာကြံကြ၏။ သို့သော် လူထုပရိသတ်တို့သည် ကိုယ်တော်ကို ပရောဖက်တစ်ပါးအဖြစ် မှတ်ယူကြသောကြောင့် သူတို့သည် လူတို့ကို ကြောက်ကြ၏။
ရှင်မဿဲခရစ်ဝင် 21 ကိုဖတ်ပါ။
နားထောင်ပါ။ ရှင်မဿဲခရစ်ဝင် 21
မျှဝေရန်
ဗားရှင်းအားလုံးနှိုင်းယှဉ်ပါ: ရှင်မဿဲခရစ်ဝင် 21:18-46
အခန်းငယ်များကို သိမ်းဆည်းပါ၊ လိုင်းမဲ့ဖတ်ပါ၊ သင်ကြားမှုအပိုင်းများကို ကြည့်ရှုခြင်းနှင့် အခြားအရာများ။
ပင်မစာမျက်နှာ
ကျမ်းစာ
အစီအစဉ်
ဗီဒီယို