ယောဘ 28:12-28
ယောဘ 28:12-28 Judson Bible (JBMLE)
သို့ရာတွင်၊ ပညာကိုအဘယ်မှာ တွေ့ရလိမ့်မည်နည်း။ ဉာဏ်သည်လည်း အဘယ်အရပ်၌ နေသနည်း။ ဉာဏ်ပညာအဖိုးကို လူမသိနိုင်။ အသက်ရှင်သောသူတို့၏ နေရာ၌ ရှာ၍မတွေ့နိုင်။ နက်နဲသောအရပ်က ငါ၌မရှိ။ ပင်လယ်ကလည်း၊ ငါ၌မရှိဟု ဆိုတတ်၏။ ရွှေစင်ကိုပေး၍ ပညာကိုမရ။ ငွေကိုချိန်၍ ပညာအဖိုးကို မမီနိုင်။ ဩဖိရရွှေ၊ မြတ်သောရှဟံကျောက်၊ နီလာကျောက်နှင့် ဝယ်သော်လည်း မရနိုင်။ ရွှေဖြစ်စေ၊ ကျောက်သလင်းဖြစ်စေ မမီနိုင်။ ရွှေစင်တန်ဆာများနှင့် ဖလှယ်၍မရနိုင်။ သန္တာနှင့်ပုလဲကို ပြောစရာမရှိ။ ပညာသည် ပတ္တမြားထက်သာ၍ အဖိုးကြီး၏။ ကုရှဥဿဖရားသည် မမီနိုင်။ အမြတ်ဆုံးသောရွှေနှင့် ဝယ်၍ မရနိုင်။ သို့ဖြစ်၍၊ ပညာသည် အဘယ်ကလာသနည်း။ ဉာဏ်သည် အဘယ်ဆီမှာ နေရာကျသနည်း။ အသက်ရှင်သော သတ္တဝါတစ်စုံတစ်ယောက်မျှ ကြည့်၍မမြင်နိုင်။ မိုးကောင်းကင်ငှက်တို့သည် ရှာ၍မတွေ့နိုင်။ အဗဒ္ဒုန်မင်းနှင့် သေမင်းတို့က၊ ပညာ၏သတင်းကို နားနှင့်ကြားရုံမျှသာရှိသည်ဟု ဆိုတတ်ကြ၏။ ဘုရားသခင်သာလျှင် ပညာလမ်းကို နားလည်တော်မူ၏။ ပညာနေရာအရပ်ကို သိတော်မူ၏။ လေကိုချိန်လျက်၊ ရေကိုလည်းခြင်လျက်၊ မြေကြီးစွန်းတိုင်အောင် ကြည့်ရှု၍၊ ကောင်းကင်အောက်၌ ရှိသမျှတို့ကို မြင်တော်မူ၏။ မိုးရွာမှုကိုစီရင်၍၊ မိုးကြိုးလျှပ်စစ်ပြက်ရာလမ်းကို ဖန်ဆင်းသောအခါ၊ ပညာကိုမြင်၍ ဖော်ပြတော်မူ၏။ ပညာတရားကိုထား၍ စုံစမ်းတော်မူ၏။ လူတို့အားလည်း ထာဝရဘုရားကို ကြောက်ရွံ့ခြင်းသည် ပညာဖြစ်ကြောင်းနှင့်၊ ဒုစရိုက်ကိုရှောင်ခြင်းသည် ဉာဏ်ဖြစ်ကြောင်းကို မိန့်တော်မူပြီဟု မြွက်ဆို၏။
ယောဘ 28:12-28 Common Language Bible (BCL)
သို့ရာတွင်၊ ပညာကိုအဘယ်မှာ တွေ့ရလိမ့်မည် နည်း။ ဥာဏ်သည်လည်း အဘယ်အရပ်၌ နေသနည်း။ ဥာဏ်ပညာအဘိုးကို လူမသိနိုင်။ အသက်ရှင် သော သူတို့၏ နေရာ၌ရှာ၍မတွေ့နိုင်။ နက်နဲသော အရပ်ကငါ၌မရှိ။ ပင်လယ်က လည်း၊ ငါ၌မရှိဟုဆို တတ်၏။ ရွှေစင်ကို ပေး၍ပညာကိုမရ။ ငွေကိုချိန်၍ ပညာအဘိုးကို မမှီနိုင်။ ဩဖိရရွှေ၊ မြတ်သောရှဟံကျောက်၊ နီလာ ကျောက်နှင့် ဝယ်သော်လည်း မရနိုင်။ ရွှေဖြစ်စေ၊ ကျောက်သလင်းဖြစ်စေမမှီနိုင်။ ရွှေစင်တန်ဆာများနှင့်ဖယ်လှည်၍မရနိုင်။ သန္တာနှင့်ပုလဲကိုပြောစရာမရှိ။ ပညာသည် ပတ္တမြားထက်သာ၍ အဘိုးကြီး၏။ ကုရှဥဿဘယားသည် မမှီနိုင်။ အမြတ်ဆုံးသော ရွှေနှင့်ဝယ်၍ မရနိုင်။ သို့ဖြစ်၍၊ ပညာသည် အဘယ်က လာသနည်း။ ဥာဏ်သည် အဘယ်ဆီမှာ နေရာကျသနည်း။ အသက်ရှင်သော သတ္တဝါတစုံတယောက်မျှ ကြည့်၍မမြင်နိုင်။ မိုဃ်းကောင်းကင်ငှက်တို့သည် ရှာ၍ မတွေ့နိုင်။ အဗဒ္ဒုန်မင်းနှင့်သေမင်းတို့က၊ ပညာ၏သိတင်းကို နားနှင့် ကြားရုံမျှသာရှိသည်ဟု ဆိုတတ်ကြ၏။ ဘုရားသခင်သာလျှင် ပညာလမ်းကို နားလည်တော်မူ၏။ ပညာနေရာအရပ်ကို သိတော်မူ၏။ လေကိုချိန်လျက်၊ ရေကိုလည်းခြင်လျက်၊ မြေကြီး စွန်းတိုင်အောင် ကြည့်ရှု၍၊ ကောင်းကင်အောက်၌ ရှိသမျှ တို့ကို မြင်တော်မူ၏။ မိုဃ်းရွာမှုကိုစီရင်၍၊ မိုဃ်းကြိုးလျှပ်စစ်ပြက်ရာ လမ်းကို ဖန်ဆင်းသောအခါ၊ ပညာကိုမြင်၍ဘော်ပြတော်မူ၏။ ပညာတရားကို ထား၍စုံစမ်းတော်မူ၏။ လူတို့အားလည်း ထာဝရဘုရားကို ကြောက်ရွံ့ခြင်းသည် ပညာဖြစ်ကြောင်းနှင့်၊ ဒုစရိုက်ကို ရှောင်ခြင်း သည် ဥာဏ်ဖြစ်ကြောင်းကို မိန့်တော်မူပြီဟုမြွက်ဆို၏။
ယောဘ 28:12-28 မြန်မာ့စံမီသမ္မာကျမ်း (MSBU)
သို့သော် ဉာဏ်ပညာကို အဘယ်မှာရှာတွေ့နိုင်မည်နည်း။ အသိဉာဏ်၏တည်ရာကား အဘယ်မှာနည်း။ လူသည် ဉာဏ်ပညာ၏တန်ဖိုးကို မသိ။ ဉာဏ်ပညာကို သက်ရှိလောကတွင် ရှာတွေ့နိုင်မည်မဟုတ်။ သမုဒ္ဒရာက ‘ငါ့မှာ မရှိ’ဟု ဆို၏။ ပင်လယ်ကလည်း ‘ငါနှင့်အတူ မရှိ’ဟု ဆို၏။ ဉာဏ်ပညာကို ရွှေစင်ဖြင့် ဝယ်၍မရနိုင်။ ဉာဏ်ပညာ၏တန်ဖိုးကိုလည်း ငွေနှင့်ချိန်၍မရနိုင်။ ဩဖိရရွှေ၊ အဖိုးတန်မဟူရာကြောင်ဝင်၊ နီလာတို့နှင့်လည်း တန်ဖိုးမဖြတ်နိုင်။ ရွှေ၊ သလင်းကျောက်တို့လည်း သူ့ကို မယှဉ်နိုင်။ ရွှေတန်ဆာများဖြင့်လည်း လဲလှယ်၍မရနိုင်။ သန္တာကျောက်၊ ပုလဲတို့မူကား ဆိုဖွယ်ရာမရှိ။ ဉာဏ်ပညာသည် ပတ္တမြားထက် အဖိုးထိုက်တန်၏။ အီသီယိုးပီးယားပြည်ထွက် ဥဿဖရားလည်း ယှဉ်၍မရနိုင်။ ရွှေစင်ဖြင့်လည်း တန်ဖိုးဖြတ်၍ မရနိုင်။ သို့ဖြစ်လျှင် ဉာဏ်ပညာသည် အဘယ်က လာသနည်း။ အသိဉာဏ်၏တည်ရာကား အဘယ်မှာနည်း။ သက်ရှိသတ္တဝါတိုင်းလည်း မမြင်နိုင်။ မိုးကောင်းကင်ငှက်တို့လည်း မတွေ့နိုင်။ ပျက်စီးခြင်းနိုင်ငံနှင့် သေမင်းတို့က ‘ဉာဏ်ပညာအကြောင်းကို ငါတို့ နားဖြင့်ကြားဖူးရုံမျှသာရှိသည်’ဟု ဆိုကြ၏။ ဘုရားသခင်မူကား ဉာဏ်ပညာလမ်းနှင့် ဉာဏ်ပညာတည်ရာကို သိတော်မူ၏။ အကြောင်းမူကား ကိုယ်တော်သည် မြေကြီးစွန်းတိုင်အောင် ကြည့်ရှုတော်မူ၏။ မိုးကောင်းကင်အောက် ရှိသမျှတို့ကို မြင်တော်မူ၏။ လေကို အားပြင်းစေတော်မူ၏။ ရေကို ချိန်ဆသတ်မှတ်တော်မူ၏။ မိုးနှင့်ဆိုင်သောစည်းမျဉ်း၊ လျှပ်စီးနှင့်ဆိုင်သောလမ်းကြောင်းကို စီရင်တော်မူ၏။ ကိုယ်တော်သည် ဉာဏ်ပညာကို သိတော်မူ၏။ ဖော်ပြပေးတော်မူ၏။ ဉာဏ်ပညာကို စစ်ကြော၍ တည်မြဲစေတော်မူ၏။ ကိုယ်တော်က လူအား ‘ကြည့်ရှုလော့။ ဘုရားရှင်ကို ကြောက်ရွံ့ခြင်းသည် ဉာဏ်ပညာဖြစ်၏။ မကောင်းမှုကိုရှောင်ကြဉ်ခြင်းသည် အသိဉာဏ်ဖြစ်၏’ဟူ၍ မိန့်တော်မူပြီ”ဟု ဆိုလေ၏။