YouVersion လိုဂို
ရှာရန် အိုင်ကွန်

ယောဘဝတ္ထု 28

28
ယောဘက ဉာဏ်ပညာအကြောင်းကို ဖွဲ့ဆိုသောသီချင်း
1ငွေ​ထွက်​သော​မိုင်းတွင်း ရှိ​၏​။ ရွှေ​ကို သန့်စင်​သော​နေရာ​လည်း ရှိ​၏​။ 2သံ​ကို မြေကြီး​ထဲမှ တူးယူ​ရ​၏​။ ကြေးဝါ​ကို သတ္တုရိုင်း​မှ သန့်စင်​ယူ​ရ​၏​။ 3မိုင်းတူးသမား​သည် အမှောင်​ကို​ခွင်း​၍ တွင်းနက်​အဆုံးစွန်​ထိ သတ္တုရိုင်း​များ​ကို သေမင်းအရိပ်​လွှမ်းမိုး​ရာ​အမှောင်ထုကြီး​ထဲ၌ ရှာဖွေ​တတ်​၏​။ 4လူသူမရောက်မပေါက်​နိုင်​သော​နေရာ​၊ ခြေလျင်သွားသူ​တို့​မမှတ်မိ​သော​နေရာ​တွင် မိုင်းတွင်း​များ​ကို ထိုးဖောက်​ပြီး လူသူ​ဝေး​ရာ​တွင် ကြိုး​ကို တွဲလွဲခို​၍ အလုပ်လုပ်​ကြ​၏​။ 5မြေကြီး​ပေါ်မှ စားစရာ​ရ​၏​။ မြေ​အောက်​တွင်​မူ မီး​နှင့်​အမြိုက်​ခံရ​သကဲ့သို့ ဖြစ်​၏​။ 6ထို​နေရာ​ရှိ​ကျောက်​တို့​မှ နီလာ​ထွက်​၏​။ မြေမှုန့်​တို့​မှ ရွှေ​ထွက်​၏​။ 7ထို​နေရာ​သို့​သွား​ရာ​လမ်း​ကို သိမ်းငှက်​တို့​မ​သိ​။ လင်းတ​တို့​လည်း မ​မြင်​ဖူး​ပေ​။ 8ထို​လမ်း​ကို သားရဲ​တို့​လည်း မ​နင်း​ဖူး​၊ ခြင်္သေ့​တို့​လည်း မ​ရောက်​ဖူး​ပေ​။ 9မိုင်းတူးသမား​သည် မီးခတ်ကျောက်​ကို ဖောက်ထွင်း​ပြီး တောင်​များ​ကို အောက်ခြေ​မှ မှောက်လှန်​ပစ်​တတ်​၏​။ 10ကျောက်ဆောင်​များ​ကို အမြှောင်းမြှောင်း​ဖောက်​ပြီး အဖိုးတန်ရတနာ​အားလုံး​ကို မတွေ့တွေ့​အောင် ရှာ​၏​။ 11စီးဆင်း​နေ​သော​ချောင်း​များ​ကို ဆည်ဖို့​၍ ဖုံးကွယ်​နေ​သော​အရာ​တို့​ကို ဖော်ထုတ်​၏​။ 12သို့သော် ဉာဏ်ပညာ​ကို အဘယ်မှာ​ရှာတွေ့​နိုင်​မည်နည်း​။ အသိဉာဏ်​၏​တည်​ရာ​ကား အဘယ်မှာ​နည်း​။ 13လူ​သည် ဉာဏ်ပညာ​၏​တန်ဖိုး​ကို မ​သိ​။ ဉာဏ်ပညာ​ကို သက်ရှိ​လောက​တွင် ရှာတွေ့​နိုင်​မည်​မ​ဟုတ်​။ 14သမုဒ္ဒရာ​က ‘ငါ့​မှာ မ​ရှိ’​ဟု ဆို​၏​။ ပင်လယ်​က​လည်း ‘ငါ​နှင့်အတူ မ​ရှိ’​ဟု ဆို​၏​။ 15ဉာဏ်ပညာ​ကို ရွှေစင်​ဖြင့် ဝယ်​၍​မ​ရ​နိုင်​။ ဉာဏ်ပညာ​၏​တန်ဖိုး​ကို​လည်း ငွေ​နှင့်​ချိန်​၍​မ​ရ​နိုင်​။ 16ဩဖိရ​ရွှေ​၊ အဖိုးတန်​မဟူရာကြောင်ဝင်​၊ နီလာ​တို့​နှင့်​လည်း တန်ဖိုး​မ​ဖြတ်​နိုင်​။ 17ရွှေ​၊ သလင်းကျောက်​တို့​လည်း သူ့​ကို မ​ယှဉ်​နိုင်​။ ရွှေ​တန်ဆာ​များ​ဖြင့်​လည်း လဲလှယ်​၍​မ​ရ​နိုင်​။ 18သန္တာကျောက်​၊ ပုလဲ​တို့​မူကား ဆိုဖွယ်​ရာ​မ​ရှိ​။ ဉာဏ်ပညာ​သည် ပတ္တမြား​ထက် အဖိုးထိုက်တန်​၏​။ 19အီသီယိုးပီးယား​ပြည်​ထွက် ဥဿဖရား​လည်း ယှဉ်​၍​မ​ရ​နိုင်​။ ရွှေ​စင်​ဖြင့်​လည်း တန်ဖိုးဖြတ်​၍ မ​ရ​နိုင်​။ 20သို့ဖြစ်လျှင် ဉာဏ်ပညာ​သည် အဘယ်​က လာ​သနည်း​။ အသိဉာဏ်​၏​တည်​ရာ​ကား အဘယ်မှာ​နည်း​။ 21သက်ရှိသတ္တဝါ​တိုင်း​လည်း မမြင်​နိုင်​။ မိုးကောင်းကင်​ငှက်​တို့​လည်း မ​တွေ့​နိုင်​။ 22ပျက်စီး​ခြင်း​နိုင်ငံ​နှင့် သေမင်း​တို့​က ‘ဉာဏ်ပညာ​အကြောင်း​ကို ငါ​တို့ နား​ဖြင့်​ကြား​ဖူး​ရုံ​မျှသာ​ရှိ​သည်’​ဟု ဆို​ကြ​၏​။ 23ဘုရားသခင်​မူကား ဉာဏ်ပညာ​လမ်း​နှင့် ဉာဏ်ပညာ​တည်​ရာ​ကို သိ​တော်မူ​၏​။ 24အကြောင်းမူကား ကိုယ်တော်​သည် မြေကြီး​စွန်း​တိုင်အောင် ကြည့်ရှု​တော်မူ​၏​။ မိုးကောင်းကင်​အောက် ရှိသမျှ​တို့​ကို မြင်​တော်မူ​၏​။ 25လေ​ကို အားပြင်း​စေ​တော်မူ​၏​။ ရေ​ကို ချိန်ဆ​သတ်မှတ်​တော်မူ​၏​။ 26မိုး​နှင့်ဆိုင်သော​စည်းမျဉ်း​၊ လျှပ်စီး​နှင့်ဆိုင်သော​လမ်းကြောင်း​ကို စီရင်​တော်မူ​၏​။ 27ကိုယ်တော်​သည် ဉာဏ်ပညာ​ကို သိ​တော်မူ​၏​။ ဖော်ပြ​ပေး​တော်မူ​၏​။ ဉာဏ်ပညာ​ကို စစ်ကြော​၍ တည်မြဲ​စေ​တော်မူ​၏​။ 28ကိုယ်တော်​က လူ​အား ‘​ကြည့်ရှု​လော့​။ ဘုရားရှင်​ကို ကြောက်ရွံ့​ခြင်း​သည် ဉာဏ်ပညာ​ဖြစ်​၏​။ မကောင်းမှု​ကို​ရှောင်ကြဉ်​ခြင်း​သည် အသိဉာဏ်​ဖြစ်​၏​’​ဟူ၍ မိန့်​တော်မူ​ပြီ”​ဟု ဆို​လေ​၏​။

လက်ရှိရွေးချယ်ထားမှု

ယောဘဝတ္ထု 28: MSBU

အရောင်မှတ်ချက်

မျှဝေရန်

ကူးယူ

None

မိမိစက်ကိရိယာအားလုံးတွင် မိမိအရောင်ချယ်သောအရာများကို သိမ်းဆည်းထားလိုပါသလား။ စာရင်းသွင်းပါ (သို့) အကောင့်ဝင်လိုက်ပါ