YouVersion လိုဂို
ရှာရန် အိုင်ကွန်

ယောဘဝတ္ထု 27

27
1ထိုအခါ ယောဘ​သည် မိမိကိုယ်ကို ပုံဆောင်​၍ ဆက်လက်​ပြောဆို​၏​။ 2“ငါ့​ကို မတရားစီရင်​သော​ဘုရား​၊ ငါ့​စိတ်ဝိညာဉ်​ကို ခါးသီး​စွာ​ခံစား​ရ​စေ​သော​အနန္တတန်ခိုးရှင် အသက်ရှင်​တော်မူ​သည်​နှင့်အညီ 3ငါ့​အထဲ​၌ ဇီဝအသက်​ရှိ​နေ​သေးသရွေ့​၊ ငါ့​နှာခေါင်း​ထဲတွင် ဘုရားသခင်​ပေး​သော​လေ​ရှူ​နေ​ရ​သေးသရွေ့ 4ငါ့​နှုတ်ခမ်း​သည် ကောက်ကျစ်​သော​စကား​ကို မ​ပြော​၊ ငါ့​လျှာ​သည် လိမ်လည်လှည့်စား​သော​စကား​ကို မ​ဆို​ဘဲ နေ​မည်​။ 5သင်​တို့​မှန်​ပါ​သည်​ဟု​ဆို​သော​စကား​သည် ငါ​နှင့် ဝေး​ပါစေ​။ ငါ​သေ​သွား​သည့်​တိုင်အောင် ဖြောင့်မတ်တည်ကြည်​ခြင်း​ကို ငါ​စွန့်​မည်​မ​ဟုတ်​။ 6ဖြောင့်မတ်​ခြင်း​ကို လက်​မ​လွှတ်​ဘဲ စွဲကိုင်​ထား​မည်​။ ငါ​အသက်ရှင်​သမျှ​ကာလ​ပတ်လုံး ကိုယ့်ကိုယ်ကိုယ် အပြစ်​မ​တင်​ရ​အောင် နေ​မည်​။ 7ငါ့​ရန်သူ​သည် ဆိုးယုတ်​သော​သူ​ကဲ့သို့​လည်းကောင်း​၊ ငါ့​ကို​ဆန့်ကျင်​သော​သူ​သည် လူဆိုးသူခိုး​ကဲ့သို့​လည်းကောင်း ဖြစ်​ပါစေ​။ 8ဘုရားတရားမဲ့​သော​သူ​သည် ပျက်စီး​၍ သူ့​အသက်​ကို ဘုရားသခင် နုတ်ယူ​ပစ်​လိုက်​သောအခါ သူ​၏​မျှော်လင့်​ရာ​ကား အဘယ်မှာ​နည်း​။ 9သူ​သည် ဆင်းရဲဒုက္ခ​ရောက်​၍ အော်ဟစ်ငိုကြွေး​သောအခါ ဘုရားသခင် နားညောင်း​တော်မူ​မည်လော​။ 10သူ​သည် အနန္တတန်ခိုးရှင်​ကို နှစ်သက်​လိမ့်မည်​လော​။ ဘုရားသခင်​ထံ အစဉ်​အော်ဟစ်​ဆုတောင်း​လိမ့်မည်​လော​။ 11ဘုရားသခင်​ပြု​သော​အမှု​ကို သင်​တို့​အား ငါ​ဖော်ပြ​မည်​။ အနန္တတန်ခိုးရှင်​၌​ရှိသမျှ​သော​အရာ​တို့​ကို မ​ထိမ်​မ​ဝှက်​ဖော်ပြ​မည်​။ 12ကြည့်​ပါ​။ သင်​တို့​အားလုံး ကိုယ်တိုင်​မြင်​လျက်​နှင့် အဘယ်ကြောင့် အဓိပ္ပာယ်မရှိ အချည်းနှီး​သော​စကား​တို့​ကို ပြောဆို​ကြ​သနည်း​။ 13ဆိုးယုတ်​သော​သူ​တို့ ဘုရားသခင်​ထံမှ ခံရ​မည့်​ဝေစု​၊ ကြမ်းကြုတ်​သော​သူ​တို့ အနန္တတန်ခိုးရှင်​ထံမှ ခံရ​မည့်​အမွေ​ကား ဤသို့​ဖြစ်​၏​။ 14သူ​၌ သားသမီး​များစွာ​ရှိ​လျှင်လည်း ဓားစာ​သာ ဖြစ်သွား​မည်​။ သူ့​သားမြေး​တို့​သည်​လည်း ဘယ်သောအခါ​မျှ အစာရေစာ​လုံလောက်​မည်​မ​ဟုတ်​။ 15သူ​၌ အသက်ရှင်​ကျန်ရစ်​သော​သူ​တို့​သည်​လည်း ကပ်ဘေး​ကြောင့် သင်္ဂြိုဟ်​ခြင်း​ကို ခံရ​လိမ့်မည်​။ ထို့အတွက် မုဆိုးမ​တို့​သည် ငိုကြွေး​ကြ​လိမ့်မည်​မ​ဟုတ်​။ 16သူ​သည် ငွေ​ကို မြေမှုန့်​ကဲ့သို့ ပုံထား​နိုင်​သော်လည်း​၊ အဝတ်အစား​ကို ရွှံ့​ကဲ့သို့ စုပုံ​ထား​နိုင်​သော်လည်း 17သူ့​အဝတ်​ပုံ​ကို ဖြောင့်မတ်​သူ​က ဝတ်ဆင်​၍ သူ့​ငွေ​ကို အပြစ်မဲ့သူ​တို့​က ခွဲဝေ​ယူ​လိမ့်မည်​။ 18သူ​ဆောက်​ထား​သော​အိမ်​သည် ပိုးအိမ်​နှင့် တူ​၏​။ ကင်းစောင့်​ဆောက်​သော​တဲ​နှင့် တူ​၏​။ 19သူ​သည် သူဌေး​ကဲ့သို့ အိပ်​ရ​သော်လည်း ထို​အဖြစ်​မျိုး နောက်ထပ်​ရှိ​တော့​မည်​မ​ဟုတ်​။ မျက်စိ​ဖွင့်ကြည့်​သောအခါ ဘာမျှ​ရှိ​တော့​မည်​မ​ဟုတ်​။ 20ရေလွှမ်းမိုး​သကဲ့သို့ ထိတ်လန့်ဖွယ်​အဖြစ်​များ​သည် သူ့​ကို လွှမ်းမိုး​လိမ့်မည်​။ ညအချိန်​တွင် လေပွေ​သည် သူ့​ကို တိုက်သွား​လိမ့်မည်​။ 21အရှေ့​လေ​သည် သူ့​ကို​တိုက်သွား​သဖြင့် သူ​ရှိ​တော့​မည်​မ​ဟုတ်​။ သူ့​ကို သူ့​နေရာ​မှ လွင့်ထွက်​သွား​စေ​မည်​။ 22လေအရှိန်​မှ​လွတ်​အောင် အသည်းအသန်​ထွက်ပြေး​သော်လည်း လေ​သည် သူ့​ကို မ​ညှာ​မ​တာ​တိုက်သွား​လိမ့်မည်​။ 23လေ​သည် လက်ခုပ်လက်ဝါးတီး​လျက်​၊ ပြောင်လှောင်​လျက် သူ့​ကို သူ့​နေရာ​မှ​တိုက်ထုတ်​လိမ့်မည်​။

လက်ရှိရွေးချယ်ထားမှု

ယောဘဝတ္ထု 27: MSBU

အရောင်မှတ်ချက်

မျှဝေရန်

ကူးယူ

None

မိမိစက်ကိရိယာအားလုံးတွင် မိမိအရောင်ချယ်သောအရာများကို သိမ်းဆည်းထားလိုပါသလား။ စာရင်းသွင်းပါ (သို့) အကောင့်ဝင်လိုက်ပါ