သို့သော် ဉာဏ်ပညာကို အဘယ်မှာရှာတွေ့နိုင်မည်နည်း။ အသိဉာဏ်၏တည်ရာကား အဘယ်မှာနည်း။ လူသည် ဉာဏ်ပညာ၏တန်ဖိုးကို မသိ။ ဉာဏ်ပညာကို သက်ရှိလောကတွင် ရှာတွေ့နိုင်မည်မဟုတ်။ သမုဒ္ဒရာက ‘ငါ့မှာ မရှိ’ဟု ဆို၏။ ပင်လယ်ကလည်း ‘ငါနှင့်အတူ မရှိ’ဟု ဆို၏။ ဉာဏ်ပညာကို ရွှေစင်ဖြင့် ဝယ်၍မရနိုင်။ ဉာဏ်ပညာ၏တန်ဖိုးကိုလည်း ငွေနှင့်ချိန်၍မရနိုင်။ ဩဖိရရွှေ၊ အဖိုးတန်မဟူရာကြောင်ဝင်၊ နီလာတို့နှင့်လည်း တန်ဖိုးမဖြတ်နိုင်။ ရွှေ၊ သလင်းကျောက်တို့လည်း သူ့ကို မယှဉ်နိုင်။ ရွှေတန်ဆာများဖြင့်လည်း လဲလှယ်၍မရနိုင်။ သန္တာကျောက်၊ ပုလဲတို့မူကား ဆိုဖွယ်ရာမရှိ။ ဉာဏ်ပညာသည် ပတ္တမြားထက် အဖိုးထိုက်တန်၏။ အီသီယိုးပီးယားပြည်ထွက် ဥဿဖရားလည်း ယှဉ်၍မရနိုင်။ ရွှေစင်ဖြင့်လည်း တန်ဖိုးဖြတ်၍ မရနိုင်။ သို့ဖြစ်လျှင် ဉာဏ်ပညာသည် အဘယ်က လာသနည်း။ အသိဉာဏ်၏တည်ရာကား အဘယ်မှာနည်း။ သက်ရှိသတ္တဝါတိုင်းလည်း မမြင်နိုင်။ မိုးကောင်းကင်ငှက်တို့လည်း မတွေ့နိုင်။ ပျက်စီးခြင်းနိုင်ငံနှင့် သေမင်းတို့က ‘ဉာဏ်ပညာအကြောင်းကို ငါတို့ နားဖြင့်ကြားဖူးရုံမျှသာရှိသည်’ဟု ဆိုကြ၏။ ဘုရားသခင်မူကား ဉာဏ်ပညာလမ်းနှင့် ဉာဏ်ပညာတည်ရာကို သိတော်မူ၏။ အကြောင်းမူကား ကိုယ်တော်သည် မြေကြီးစွန်းတိုင်အောင် ကြည့်ရှုတော်မူ၏။ မိုးကောင်းကင်အောက် ရှိသမျှတို့ကို မြင်တော်မူ၏။ လေကို အားပြင်းစေတော်မူ၏။ ရေကို ချိန်ဆသတ်မှတ်တော်မူ၏။ မိုးနှင့်ဆိုင်သောစည်းမျဉ်း၊ လျှပ်စီးနှင့်ဆိုင်သောလမ်းကြောင်းကို စီရင်တော်မူ၏။ ကိုယ်တော်သည် ဉာဏ်ပညာကို သိတော်မူ၏။ ဖော်ပြပေးတော်မူ၏။ ဉာဏ်ပညာကို စစ်ကြော၍ တည်မြဲစေတော်မူ၏။ ကိုယ်တော်က လူအား ‘ကြည့်ရှုလော့။ ဘုရားရှင်ကို ကြောက်ရွံ့ခြင်းသည် ဉာဏ်ပညာဖြစ်၏။ မကောင်းမှုကိုရှောင်ကြဉ်ခြင်းသည် အသိဉာဏ်ဖြစ်၏’ဟူ၍ မိန့်တော်မူပြီ”ဟု ဆိုလေ၏။
ယောဘဝတ္ထု 28 ကိုဖတ်ပါ။
နားထောင်ပါ။ ယောဘဝတ္ထု 28
မျှဝေရန်
ဗားရှင်းအားလုံးနှိုင်းယှဉ်ပါ: ယောဘဝတ္ထု 28:12-28
အခန်းငယ်များကို သိမ်းဆည်းပါ၊ လိုင်းမဲ့ဖတ်ပါ၊ သင်ကြားမှုအပိုင်းများကို ကြည့်ရှုခြင်းနှင့် အခြားအရာများ။
ပင်မစာမျက်နှာ
သမ္မာကျမ်းစာ
အစီအစဉ်များ
ဗီဒီယိုများ