ရှင်ယောဟန် 9:1-27
ရှင်ယောဟန် 9:1-27 Judson Bible (JBMLE)
လမ်း၌သွားတော်မူစဉ်၊ အမိဝမ်းတွင်းကပင် မျက်စိကန်းသောသူတစ်ယောက်ကို တွေ့မြင်သော်မူ၏။- တပည့်တော်တို့က၊ အရှင်ဘုရား၊ ဤသူသည် အဘယ်သူ၏အပြစ်ကြောင့် မျက်စိကန်းသနည်း။ ကိုယ်အပြစ်ကြောင့် ကန်းသလော။ မိဘအပြစ်ကြောင့် ကန်းသလောဟု မေးလျှောက်ကြ၏။- ယေရှုကလည်း၊ ကိုယ်အပြစ်ကြောင့်မဟုတ်။ မိဘအပြစ်ကြောင့်လည်း မဟုတ်။ ဘုရားသခင်၏အမှုတော်ကို သူ၌ထင်ရှားစေမည်အကြောင်းတည်း။- ငါ့ကို စေလွှတ်တော်မူသောသူ၏အမှုကို နေ့အချိန်၌ရှိစဉ်တွင် ငါပြုရမည်။ အဘယ်သူမျှ အမှုမပြုနိုင်သော အချိန်တည်းဟူသော ညအချိန်လာသေး၏။- ငါသည် ဤလောက၌ ရှိစဉ်တွင် ဤလောက၏အလင်းဖြစ်၏ဟု မိန့်တော်မူပြီးလျှင်၊- မြေပေါ်မှာ ထွေး၍ တံတွေးနှင့်ရွှံ့လုပ်ပြီးမှ၊ ကန်းသောသူ၏မျက်စိကိုရွှံ့နှင့်လူး၍၊- သင်သွားလော့။ ရှိလောင်ရေကန်၌ မျက်စိကိုဆေးလော့ဟု မိန့်တော်မူ၏။ ရှိလောင်အနက်ကား စေလွှတ်သည်ဟု ဆိုလိုသတည်း။ ထိုသူသည် သွား၍ဆေးပြီးမှ၊ မျက်စိမြင်လျက်ပြန်လေ၏။ သူသည် သူတောင်းစားဖြစ်သည်ကို အိမ်နီးချင်းမှစ၍ မြင်ဖူးသောသူတို့က၊ ဤသူသည် ထိုင်၍ တောင်းသောသူ မဟုတ်လောဟု ဆိုကြ၏။- လူအချို့က၊ ဟုတ်ကဲ့ဟုဆိုကြ၏။ အချို့ကလည်း၊ ထိုသူနှင့်တူသည်ဟု ဆိုကြ၏။ ထိုသူကလည်း၊ အကျွန်ုပ်သည် ထိုသူပင်ဖြစ်သည်ဟု ဆို၏။- သူတို့ကလည်း၊ အဘယ်သို့ သင်၏မျက်စိပွင့်သနည်းဟု မေးမြန်းကြလျှင်၊- ထိုသူက၊ ယေရှုအမည်ရှိသော သူတစ်ယောက်သည် ရွှံ့လုပ်၍ ကျွန်ုပ်မျက်စိကိုလူးပြီးမှ၊ ရှိလောင်ရေကန်သို့သွား၍ မျက်စိကိုဆေးလော့ဟု ဆိုသည်အတိုင်း အကျွန်ုပ်သွား၍ဆေးလျှင် မျက်စိမြင်သည်ဟုဆို၏။- လူများကလည်း၊ ထိုသူသည် အဘယ်မှာရှိသနည်းဟု မေးမြန်းကြလျှင်၊ အကျွန်ုပ်မသိဟုဆို၏။ လူများသည် မျက်စိကန်းဖူးသော ထိုသူကို ဖာရိရှဲတို့ထံသို့ ပို့ကြ၏။- ယေရှုသည် ရွှံ့လုပ်၍ သူ၏မျက်စိကိုဖွင့်တော်မူသောနေ့သည် ဥပုသ်နေ့ဖြစ်သတည်း။- တစ်ဖန်ဖာရိရှဲတို့က၊ အဘယ်သို့ သင်၏မျက်စိမြင်သနည်းဟု မေးပြန်လျှင်၊ အကျွန်ုပ်မျက်စိ၌ သူသည် ရွှံ့ကိုထည့်၍ အကျွန်ုပ်ဆေးလျှင် မျက်စိမြင်သည်ဟုဆို၏။- ဖာရိရှဲအချို့တို့က၊ ထိုသူသည် ဥပုသ်မစောင့်။ ဘုရားသခင်စေလွှတ်တော်မူသောသူ မဟုတ်ဟု ဆိုကြ၏။ အချို့တို့က၊ ဆိုးသောသူသည် ဤသို့သော နိမိတ်လက္ခဏာတို့ကို အဘယ်သို့ပြနိုင်သနည်းဟု ဆိုကြ၏။ ထိုသို့အချင်းချင်း မသင့် ကွဲပြားခြင်းသို့ရောက်၏။- တစ်ဖန် မျက်စိကန်းဖူးသောသူအား၊ သင်၏မျက်စိကို ဖွင့်သောသူသည် အဘယ်သို့သောသူဖြစ်သနည်းဟု မေးကြလျှင်၊ ပရောဖက်ဖြစ်သည်ဟုဆို၏။ ထိုသူသည် အထက်ကမျက်စိမမြင်၊ နောက်မှမျက်စိမြင်သည်ကို ယုဒလူတို့သည် မယုံကြသဖြင့် သူ၏မိဘကိုခေါ်၍၊- ဤသူသည် သင်တို့ဆိုသည်အတိုင်း အမိဝမ်းတွင်းကပင် မျက်စိကန်းသော သင်တို့၏သားမှန်သလော။ သို့မှန်လျှင် အဘယ်သို့ ယခုမျက်စိမြင်သနည်းဟု မေးကြ၏။- မိဘတို့ကလည်း၊ ဤသူသည် အကျွန်ုပ်တို့၏ သားမှန်သည်ကိုလည်းကောင်း၊ အမိဝမ်းတွင်းကပင် မျက်စိကန်းသည်ကိုလည်းကောင်း၊ အကျွန်ုပ်တို့ သိကြပါ၏။- အဘယ်ကြောင့် ယခုမျက်စိမြင်သည်ကိုလည်းကောင်း၊ အဘယ်သူသည် သူ၏မျက်စိကိုဖွင့်သည်ကိုလည်းကောင်း၊ အကျွန်ုပ်တို့ မသိကြပါ။ သူသည် အသက်အရွယ်နှင့်ပြည့်စုံပါ၏။ သူ့ကိုမေးကြပါလော့။ သူသည် ကိုယ်အကြောင်းကို ကိုယ်တိုင်ပြောပါလိမ့်မည်ဟု ပြန်ပြောကြ၏။- ဤသို့ပြောသည်အကြောင်းကား၊ ယေရှုသည် ခရစ်တော်ဖြစ်သည်ဟု ဝန်ခံသောသူမည်သည်ကို တရားဇရပ်မှ နှင်ထုတ်ရမည်ဟု ယုဒလူတို့သည် တိုင်ပင်စီရင်နှင့်ကြပြီ။- ထိုကြောင့် မိဘတို့က၊ သူသည် အသက်အရွယ်နှင့် ပြည့်စုံပါ၏။ သူ့ကိုမေးကြပါလော့ဟု ယုဒလူတို့ကို ကြောက်၍ ပြောကြ၏။ ထိုကြောင့်၊ မျက်စိကန်းဖူးသောသူကို ဒုတိယအကြိမ်ခေါ်၍ ဘုရားသခင်ကို ချီးမွမ်းလော့။ ထိုသူသည် လူဆိုးဖြစ်ကြောင်းကို ငါတို့သိ၏ဟုဆိုကြလျှင်၊- လူဆိုးဖြစ်သည် မဖြစ်သည်ကို အကျွန်ုပ်မသိ။ အကျွန်ုပ်သည် အထက်ကမျက်စိကန်း၍ ယခုမျက်စိမြင်သည် အကြောင်းတစ်ခုကို အကျွန်ုပ်သိသည်ဟုဆို၏။- တစ်ဖန်ထိုသူတို့က၊ သူသည်သင်၌ အဘယ်သို့ပြုသနည်း။ သင်၏မျက်စိကို အဘယ်သို့ဖွင့်သနည်းဟု မေးကြလျှင်၊ အကျွန်ုပ်တစ်ခါပြောပြီ၊ သင်တို့နားမကြားကြ။- အဘယ်ကြောင့် တစ်ဖန်ကြားချင်သနည်း။ သူ့တပည့် ဖြစ်ချင်သလောဟု ဆိုကြ၏။
ရှင်ယောဟန် 9:1-27 Common Language Bible (BCL)
ကိုယ်တော်သည်လမ်းလျှောက်၍ကြွတော်မူစဉ် ဝမ်းတွင်းပါမျက်မမြင်တစ်ဦးကိုတွေ့ရှိ တော်မူ၏။- တပည့်တော်တို့က ``အရှင်ဘုရား၊ ဤသူမျက်စိ မမြင်သည်မှာမိမိ၏အပြစ်ကြောင့်လော၊ မိဘ တို့၏အပြစ်ကြောင့်လော'' ဟုမေးလျှောက်ကြ၏။ သခင်ယေရှုက ``သူ၏အပြစ်ကြောင့်မဟုတ်၊ မိဘတို့၏အပြစ်ကြောင့်လည်းမဟုတ်။ သူ မျက်စိမမြင်ရခြင်းမှာ ဘုရားသခင်၏ တန်ခိုးတော် သူ၌ထင်ရှားလာစေရန်ပင် ဖြစ်၏။- ငါ့ကိုစေလွှတ်တော်မူသောအရှင်၏အမှု တော်မြတ်ကိုနေ့အချိန်၌ငါတို့လုပ်ဆောင် ကြရမည်။ အဘယ်သူမျှမလုပ်ဆောင်နိုင် သည့်ညဥ့်အချိန်ကျရောက်လာလိမ့်မည်။- ငါသည်ဤလောကမှာရှိနေစဉ်လောက ၏အလင်းဖြစ်၏'' ဟုမိန့်တော်မူ၏။ ဤသို့မိန့်တော်မူပြီးနောက်ကိုယ်တော်သည် မြေပေါ်သို့တံတွေးထွေး၍ရွှံ့ပြုလုပ်တော် မူ၏။ မျက်မမြင်၏မျက်စိကိုရွှံ့နှင့်လူး၍၊- ``သွားလော့၊ ရှိလောင်ရေကန်တွင် ဆေးလော့'' ဟု မိန့်တော်မူ၏။ (ရှိလောင်၏အနက်ကား ``စေလွှတ် သည်'' ဟုဆိုလိုသတည်း။) ထိုသူသည်သွား၍ မျက်စိကိုဆေးပြီးနောက်မျက်စိမြင်လျက် ပြန်လာ၏။ သူသည်သူတောင်းစားဖြစ်သဖြင့်ယခင်က သူ့ကိုမြင်ဖူးသူများနှင့်အိမ်နီးချင်းများ က ``ဤသူသည်ထိုင်၍ကြေးငွေတောင်းခံလေ့ ရှိသူမဟုတ်ပါလော'' ဟုဆိုကြ၏။ လူအချို့တို့က ``ဟုတ်ပါသည်'' ဟူ၍လည်းကောင်း၊ အချို့က ``ထိုသူမဟုတ်၊ ထိုလူနှင့်တူသူဖြစ်၏'' ဟူ၍လည်းကောင်းဆိုကြ၏။ သူကိုယ်တိုင်ကမူ ``အကျွန်ုပ်သည်ထိုသူပင်တည်း'' ဟုဆို၏။ လူတို့က ``သင်အဘယ်သို့မျက်စိမြင်လာ သနည်း'' ဟုမေးကြ၏။ ထိုသူက ``ယေရှုဆိုသူသည်ရွှံ့အနည်းငယ်လုပ် ၍အကျွန်ုပ်၏မျက်စိကိုလူးပြီးလျှင် အကျွန်ုပ် အားရှိလောင်ရေကန်သို့သွား၍မျက်စိကိုဆေး ခိုင်းပါ၏။ သို့ဖြစ်၍အကျွန်ုပ်သည်သွား၍ဆေး လိုက်ရာ မျက်စိမြင်လာပါသည်'' ဟုပြန်ပြော၏။ လူတို့က ``ထိုသူသည်အဘယ်မှာနည်း'' ဟု မေးလျှင်၊ သူတောင်းစားက ``အကျွန်ုပ်မသိပါ'' ဟုဆို၏။ လူတို့သည်ယခင်ကမျက်မမြင်ဖြစ်ခဲ့သူကို ဖာရိရှဲတို့ထံသို့ခေါ်ခဲ့ကြ၏။- သခင်ယေရှုရွှံ့ဖြင့်ပြုလုပ်၍ထိုသူကိုမျက်စိ မြင်စေတော်မူသောနေ့ကားဥပုသ်နေ့ဖြစ်သတည်း။- ဖာရိရှဲတို့သည်ထိုသူမျက်စိအလင်းရရှိ လာပုံကိုမေးမြန်းကြ၏။ ထိုသူက ``သူသည် အကျွန်ုပ်၏မျက်စိကိုရွှံ့နှင့်လူးပေးပါ၏။ ထိုနောက်အကျွန်ုပ်သည်မျက်စိကိုဆေးလိုက် ရာမျက်စိမြင်လာပါသည်'' ဟုဆို၏။ အချို့သောဖာရိရှဲတို့က ``ထိုသူသည်ဥပုသ် မစောင့်သဖြင့်ဘုရားသခင်ထံမှကြွလာ သူမဟုတ်'' ဟုဆိုကြ၏။ အချို့ကမူ ``အပြစ်ကူးသူတစ်စုံတစ်ယောက် သည်အဘယ်သို့လျှင် ဤသို့သောအံ့သြဖွယ် နိမိတ်လက္ခဏာများကိုပြနိုင်ပါမည်နည်း'' ဟုဆိုကြ၏။ ဤသို့လျှင်ထိုသူတို့သည် အချင်းချင်းစိတ်သဘောကွဲလွဲလျက်နေ ကြ၏။ ထို့ကြောင့်ဖာရိရှဲတို့သည် မျက်မမြင်ဖြစ်ခဲ့ဖူး သူအား ``သင့်ကိုမျက်စိမြင်စေသူသည်အဘယ် သို့သောသူဖြစ်သနည်း'' ဟုတစ်ဖန်မေးပြန် ကြ၏။ ထိုသူက ``ပရောဖက်ဖြစ်ပါ၏'' ဟုဖြေကြား၏။ သို့ရာတွင်ယုဒအာဏာပိုင်တို့သည်ယခင်က ထိုသူမျက်မမြင်ဖြစ်ခဲ့သည်ကိုလည်းကောင်း၊ ယခုမျက်စိမြင်လာသည်ကိုလည်းကောင်း မယုံသဖြင့် သူ့မိဘတို့ကိုခေါ်၍မေးကြ၏။- သူတို့က ``ဤသူသည်သင်တို့၏သားလော။ သင် တို့ပြောသည်အတိုင်းဝမ်းတွင်းပါမျက်မမြင် လော။ သို့မှန်လျှင်သူသည်အဘယ်သို့ယခု မျက်စိမြင်သနည်း'' ဟုမေးကြ၏။ မိဘတို့က ``ဤသူသည်အကျွန်ုပ်တို့၏ သားမှန်ပါ၏။ ဝမ်းတွင်းပါမျက်မမြင်ဖြစ် ကြောင်းလည်းမှန်ပါ၏။- သို့ရာတွင်အဘယ်နည်းဖြင့်သူ့မျက်စိမြင် လာသည်ကိုအကျွန်ုပ်တို့မသိပါ။ သူ့အား အဘယ်သူမျက်စိမြင်စေသည်ကိုလည်းမသိ ပါ။ သူသည်အရွယ်ရောက်ပါပြီ။ သူ့အားမေး ပါ။ သူ့အကြောင်းကိုသူကိုယ်တိုင်ပြောပြ နိုင်ပါလိမ့်မည်'' ဟုဖြေကြားကြ၏။- ဤသို့ဖြေကြားကြခြင်းမှာယုဒအာဏာ ပိုင်တို့ကိုကြောက်သောကြောင့်ဖြစ်၏။ ကိုယ်တော် အားမေရှိယအဖြစ်ဖြင့်အသိအမှတ်ပြု သူမှန်သမျှအား တရားဇရပ်မှထုတ်ပယ်ရန် ယုဒအာဏာပိုင်တို့သဘောတူဆုံးဖြတ် ထားပြီးဖြစ်သတည်း။- ထို့ကြောင့်မိဘတို့က ``သူသည်အရွယ်ရောက် ပြီဖြစ်၍သူ့အားမေးပါ'' ဟုဆိုကြခြင်း ဖြစ်၏။ ဖာရိရှဲတို့သည်မျက်မမြင်ဖြစ်ခဲ့ဖူးသူကို ဒုတိယအကြိမ်ခေါ်ပြီး ``ဘုရားသခင်ရှေ့ တွင်ဟုတ်မှန်ရာကိုပြောပါလော့။ သင့်အား မျက်စိမြင်စေသောသူသည်အပြစ်ကူးသူ ဖြစ်ကြောင်းငါတို့သိကြ၏'' ဟုဆို၏။ ထိုသူက ``ဤသူသည်အပြစ်ကူးသူဖြစ်သည် မဖြစ်သည်ကိုအကျွန်ုပ်မသိပါ။ အကျွန်ုပ်သည် ယခင်ကမျက်စိကွယ်၍ယခုမျက်စိမြင်လာ သည်ကိုသာလျှင်သိပါ၏'' ဟုပြော၏။ ထိုသူတို့က ``သူသည်သင့်ကိုမည်သို့ပြု သနည်း။ အဘယ်သို့သင်၏မျက်စိကိုမြင် စေသနည်း'' ဟုမေးကြ၏။ ထိုသူက ``သင်တို့အားအကျွန်ုပ်တစ်ကြိမ် ဖော်ပြပြီးပါပြီ။ သင်တို့နားမထောင်ကြ။ အဘယ်ကြောင့်ထပ်၍ကြားလိုကြပါသနည်း။ သင်တို့သည်လည်းသူ၏တပည့်ဖြစ်လိုကြ ပါသလော'' ဟုပြန်၍မေး၏။
ရှင်ယောဟန် 9:1-27 မြန်မာ့စံမီသမ္မာကျမ်း (MSBU)
ယေရှုသည် လမ်း၌ကြွတော်မူစဉ် မွေးရာပါမျက်မမြင်တစ်ဦးကို တွေ့တော်မူ၏။ ထိုအခါ တပည့်တော်တို့က “ရဗ္ဗိ၊ မည်သူက အပြစ်ပြုသောကြောင့် ဤသူသည် မျက်မမြင်အဖြစ်မွေးလာရသနည်း။ သူကိုယ်တိုင်လော၊ သို့မဟုတ် သူ၏မိဘလော”ဟု ကိုယ်တော်အား မေးလျှောက်ကြ၏။ ယေရှုက“ဤသူအပြစ်ပြုသောကြောင့်မဟုတ်၊ သူ့မိဘကအပြစ်ပြုသောကြောင့်လည်းမဟုတ်။ သူ၌ ဘုရားသခင်၏အမှုတော်များထင်ရှားစေရန်အတွက်သာဖြစ်၏။ ငါတို့သည် ငါ့ကိုစေလွှတ်တော်မူသောအရှင်၏အမှုတော်များကို နေ့အချိန်ရှိစဉ် လုပ်ဆောင်ရမည်။ မည်သူမျှအလုပ်မလုပ်နိုင်သော ညအချိန်ရောက်လာလိမ့်မည်။ ငါသည် ဤလောက၌ရှိနေစဉ် ဤလောက၏အလင်းဖြစ်၏”ဟု ပြန်၍မိန့်တော်မူ၏။ ထိုသို့မိန့်တော်မူပြီးနောက် မြေပေါ်သို့တံတွေးထွေး၍ တံတွေးနှင့်ရွှံ့လုပ်ပြီးလျှင် မျက်မမြင်၏မျက်စိကို ထိုရွှံ့နှင့်လူးလျက် “ရှိလောင်ရေကန်သို့သွား၍ ဆေးလော့”ဟု မိန့်တော်မူ၏။ (ရှိလောင်၏အဓိပ္ပာယ်မှာ စေလွှတ်ခြင်းခံရသူ ဟူ၍ဖြစ်၏။) ထို့ကြောင့် သူသည်သွား၍ဆေးလိုက်ရာ မျက်စိမြင်လျက်ပြန်လာ၏။ ထိုအခါ အိမ်နီးချင်းများနှင့် ယခင်က သူသည် သူတောင်းစားဖြစ်ခဲ့ကြောင်းကို သိမြင်သောသူတို့က “ဤသူသည် ထိုင်လျက်တောင်းစားနေခဲ့သူမဟုတ်လော”ဟု ဆိုကြ၏။ လူအချို့တို့က “ထိုသူပင်ဖြစ်သည်”ဟု ဆိုကြ၏။ အချို့တို့ကလည်း “မဟုတ်ပါ။ ထိုသူနှင့်တူရုံသာဖြစ်သည်”ဟု ဆိုကြ၏။ သူကိုယ်တိုင်က “အကျွန်ုပ်ပင်ဖြစ်သည်”ဟု ဆို၏။ လူတို့ကလည်း “သို့ဖြစ်လျှင် သင်သည် မည်ကဲ့သို့မျက်စိမြင်လာသနည်း”ဟု မေးမြန်းကြ၏။ ထိုသူက “ယေရှုဟုခေါ်သောသူတစ်ဦးသည် ရွှံ့လုပ်၍ အကျွန်ုပ်၏မျက်စိကိုလူးလျက်‘ရှိလောင်ရေကန်သို့သွား၍ ဆေးလော့’ဟု ဆိုသည့်အတိုင်း အကျွန်ုပ်သွား၍ဆေးလိုက်ရာ မျက်စိမြင်လာပါသည်”ဟု ဖြေကြား၏။ သူတို့ကလည်း “ထိုသူသည် အဘယ်မှာရှိသနည်း”ဟု မေးမြန်းကြသော် သူက “အကျွန်ုပ်မသိပါ”ဟု ဆို၏။ လူတို့သည် ယခင်က မျက်မမြင်ဖြစ်ခဲ့သောထိုသူကို ဖာရိရှဲတို့ထံသို့ခေါ်သွားကြ၏။ ယေရှုသည် ရွှံ့လုပ်၍ ထိုသူကိုမျက်စိမြင်အောင်ပြုလုပ်တော်မူသောနေ့ကား ဥပုသ်နေ့ဖြစ်၏။ ထို့ကြောင့် ဖာရိရှဲတို့သည်လည်း သူ၏မျက်စိမြင်လာခဲ့ပုံကို သူ့အား မေးမြန်းကြပြန်၏။ သူကလည်း “ထိုသူသည် အကျွန်ုပ်၏မျက်စိပေါ်တွင် ရွှံ့ကိုလူး၍ အကျွန်ုပ်ဆေးလိုက်ရာ မျက်စိမြင်လာပါသည်”ဟု ဆို၏။ ထိုအခါ ဖာရိရှဲအချို့တို့က “ဤသူသည် ဥပုသ်နေ့ကိုမစောင့်ထိန်းသောကြောင့် ဘုရားသခင်ထံမှလာသောသူမဟုတ်”ဟု ဆိုကြ၏။ သို့သော် အချို့တို့က “အပြစ်သားဖြစ်သောသူတစ်ဦးသည် ဤသို့သောနိမိတ်လက္ခဏာများကို မည်သို့ပြုနိုင်မည်နည်း”ဟု ဆိုကြသဖြင့် သူတို့ထဲတွင်ကွဲပြားခြင်းရှိ၏။ ထို့ကြောင့် ဖာရိရှဲတို့သည် ထိုမျက်မမြင်အား “သင့်ကိုမျက်စိမြင်စေသောသူ၏အကြောင်းကို သင်မည်သို့ဆိုမည်နည်း”ဟု နောက်တစ်ဖန်မေးမြန်းကြလျှင် “ပရောဖက်ဖြစ်သည်”ဟု ဖြေကြားလေ၏။ သို့ဖြစ်လင့်ကစား ယခင်က မျက်မမြင်ဖြစ်ခဲ့သော်လည်း ယခုမြင်လာပြီဟူသော ထိုသူ၏အကြောင်းကို ဂျူးလူမျိုးတို့သည် မယုံကြသဖြင့် နောက်ဆုံးတွင် မျက်စိမြင်လာသော ထိုသူ၏မိဘတို့ကိုခေါ်၍ “ဤသူသည် မွေးရာပါမျက်မမြင်ဖြစ်သည်ဟု သင်တို့ဆိုသော သင်တို့၏သားမှန်သလော။ မှန်သည်ဆိုလျှင် သူသည် ယခု မည်သို့မျက်စိမြင်လာသနည်း”ဟု မေးမြန်းကြ၏။ မိဘတို့ကလည်း “ဤသူသည် အကျွန်ုပ်တို့၏သားမှန်သည်ကိုလည်းကောင်း၊ မွေးရာပါမျက်မမြင်ဖြစ်သည်ကိုလည်းကောင်း အကျွန်ုပ်တို့သိကြပါ၏။ သို့သော် ယခု မည်သို့မျက်စိမြင်လာသည်ကို အကျွန်ုပ်တို့မသိကြပါ။ သူ့ကိုမျက်စိမြင်အောင် မည်သူပြုလုပ်ပေးခဲ့သည်ကိုလည်း မသိကြပါ။ သူ့ကိုမေးကြပါလော့။ သူသည် အရွယ်ရောက်နေပါပြီ။ သူ့အကြောင်းကို သူကိုယ်တိုင်ပြောပြပါလိမ့်မည်”ဟု ပြန်ပြောကြ၏။ သူ၏မိဘတို့သည် ဂျူးလူမျိုးတို့ကိုကြောက်၍ ဤသို့ပြောဆိုကြခြင်းဖြစ်၏။ အကြောင်းမူကား ဂျူးလူမျိုးတို့သည် မည်သူမဆို ယေရှုကို ခရစ်တော်ဖြစ်ကြောင်းဝန်ခံလျှင် ဝတ်ပြုစည်းဝေးကျောင်းမှ ထုတ်ပယ်မည်ဟု သဘောတူဆုံးဖြတ်ထားသောကြောင့်ဖြစ်၏။ ထိုအကြောင်းကြောင့် သူ၏မိဘတို့က “သူသည် အရွယ်ရောက်နေပါပြီ။ သူ့ကိုမေးကြပါလော့”ဟု ဆိုကြခြင်းဖြစ်၏။ ထိုအခါ ဂျူးလူမျိုးတို့သည် မျက်မမြင်ဖြစ်ခဲ့သူကို ဒုတိယအကြိမ်ခေါ်၍ “ဘုရားသခင်၏ဘုန်းတော်ကိုချီးမွမ်းလော့။ ထိုသူသည် အပြစ်သားဖြစ်ကြောင်းကို ငါတို့သိ၏”ဟု ဆိုကြ၏။ သူကလည်း “ထိုသူသည် အပြစ်သားဖြစ်သည် မဖြစ်သည်ကို အကျွန်ုပ်မသိပါ။ အကျွန်ုပ်သိသောအရာတစ်ခုမှာ အကျွန်ုပ်သည် မျက်မမြင်ဖြစ်ခဲ့သော်လည်း ယခုမြင်ရသည့်အကြောင်းဖြစ်သည်”ဟု ဖြေကြားလေ၏။ ထိုသူတို့ကလည်း “သူသည် သင်၌ မည်သည့်အရာကိုပြုသနည်း။ သင်၏မျက်စိကိုမည်ကဲ့သို့မြင်စေသနည်း”ဟု မေးမြန်းကြလျှင် သူက “သင်တို့ကိုအကျွန်ုပ်ပြောပြီးပြီ။ သို့သော် သင်တို့နားမထောင်ကြ။ အဘယ်ကြောင့် ထပ်၍ကြားလိုကြသနည်း။ သင်တို့သည်လည်း ထိုသူ၏တပည့်ဖြစ်လိုကြသလော”ဟု ပြန်ပြော၏။