YouVersion လိုဂို
ရှာရန် အိုင်ကွန်

ရှင်ယောဟန်ခရစ်ဝင် 9:1-27

ရှင်ယောဟန်ခရစ်ဝင် 9:1-27 MSBU

ယေရှု​သည် လမ်း​၌​ကြွ​တော်မူ​စဉ် မွေးရာပါ​မျက်မမြင်​တစ်​ဦး​ကို တွေ့​တော်မူ​၏။ ထိုအခါ တပည့်​တော်​တို့​က “ရဗ္ဗိ၊ မည်သူ​က အပြစ်​ပြု​သောကြောင့် ဤ​သူ​သည် မျက်မမြင်​အဖြစ်​မွေး​လာ​ရ​သနည်း။ သူ​ကိုယ်တိုင်​လော​၊ သို့မဟုတ် သူ​၏​မိဘ​လော”​ဟု ကိုယ်တော်​အား မေးလျှောက်​ကြ​၏။ ယေရှု​က“ဤ​သူ​အပြစ်​ပြု​သောကြောင့်​မ​ဟုတ်၊ သူ့​မိဘ​က​အပြစ်​ပြု​သောကြောင့်​လည်း​မ​ဟုတ်။ သူ​၌ ဘုရားသခင်​၏​အမှု​တော်​များ​ထင်ရှား​စေရန်​အတွက်​သာ​ဖြစ်​၏။ ငါ​တို့​သည် ငါ့​ကို​စေလွှတ်​တော်မူ​သော​အရှင်​၏​အမှု​တော်​များ​ကို နေ့​အချိန်​ရှိ​စဉ် လုပ်ဆောင်​ရ​မည်။ မည်သူမျှ​အလုပ်​မ​လုပ်​နိုင်​သော ည​အချိန်​ရောက်​လာ​လိမ့်မည်။ ငါ​သည် ဤ​လောက​၌​ရှိ​နေ​စဉ် ဤ​လောက​၏​အလင်း​ဖြစ်​၏”​ဟု ပြန်​၍​မိန့်​တော်မူ​၏။ ထိုသို့​မိန့်​တော်မူ​ပြီးနောက် မြေ​ပေါ်သို့​တံတွေး​ထွေး​၍ တံတွေး​နှင့်​ရွှံ့​လုပ်​ပြီးလျှင် မျက်မမြင်​၏​မျက်စိ​ကို ထို​ရွှံ့​နှင့်​လူး​လျက် “ရှိလောင်​ရေကန်​သို့​သွား​၍ ဆေး​လော့”​ဟု မိန့်​တော်မူ​၏။ (ရှိလောင်​၏​အဓိပ္ပာယ်​မှာ စေလွှတ်​ခြင်း​ခံရ​သူ ဟူ၍​ဖြစ်​၏။) ထို့ကြောင့် သူ​သည်​သွား​၍​ဆေး​လိုက်​ရာ မျက်စိ​မြင်​လျက်​ပြန်လာ​၏။ ထိုအခါ အိမ်နီးချင်း​များ​နှင့် ယခင်​က သူ​သည် သူတောင်းစား​ဖြစ်​ခဲ့​ကြောင်း​ကို သိမြင်​သော​သူ​တို့​က “ဤ​သူ​သည် ထိုင်​လျက်​တောင်းစား​နေ​ခဲ့​သူ​မ​ဟုတ်​လော”​ဟု ဆို​ကြ​၏။ လူ​အချို့​တို့​က “ထို​သူ​ပင်​ဖြစ်​သည်”​ဟု ဆို​ကြ​၏။ အချို့​တို့​က​လည်း “မ​ဟုတ်​ပါ။ ထို​သူ​နှင့်​တူ​ရုံ​သာ​ဖြစ်​သည်”​ဟု ဆို​ကြ​၏။ သူ​ကိုယ်တိုင်​က “အကျွန်ုပ်​ပင်​ဖြစ်​သည်”​ဟု ဆို​၏။ လူ​တို့​က​လည်း “သို့ဖြစ်လျှင် သင်​သည် မည်ကဲ့သို့​မျက်စိ​မြင်​လာ​သနည်း”​ဟု မေးမြန်း​ကြ​၏။ ထို​သူ​က “ယေရှု​ဟု​ခေါ်​သော​သူ​တစ်​ဦး​သည် ရွှံ့​လုပ်​၍ အကျွန်ုပ်​၏​မျက်စိ​ကို​လူး​လျက်‘ရှိလောင်​ရေကန်​သို့​သွား​၍ ဆေး​လော့’​ဟု ဆို​သည့်​အတိုင်း အကျွန်ုပ်​သွား​၍​ဆေး​လိုက်​ရာ မျက်စိ​မြင်​လာ​ပါ​သည်”​ဟု ဖြေကြား​၏။ သူ​တို့​က​လည်း “ထို​သူ​သည် အဘယ်မှာ​ရှိ​သနည်း”​ဟု မေးမြန်း​ကြ​သော် သူ​က “အကျွန်ုပ်​မ​သိ​ပါ”​ဟု ဆို​၏။ လူ​တို့​သည် ယခင်​က မျက်မမြင်​ဖြစ်​ခဲ့​သော​ထို​သူ​ကို ဖာရိရှဲ​တို့​ထံသို့​ခေါ်သွား​ကြ​၏။ ယေရှု​သည် ရွှံ့​လုပ်​၍ ထို​သူ​ကို​မျက်စိ​မြင်​အောင်​ပြုလုပ်​တော်မူ​သော​နေ့​ကား ဥပုသ်နေ့​ဖြစ်​၏။ ထို့ကြောင့် ဖာရိရှဲ​တို့​သည်​လည်း သူ​၏​မျက်စိ​မြင်​လာ​ခဲ့​ပုံ​ကို သူ့​အား မေးမြန်း​ကြ​ပြန်​၏။ သူ​က​လည်း “ထို​သူ​သည် အကျွန်ုပ်​၏​မျက်စိ​ပေါ်တွင် ရွှံ့​ကို​လူး​၍ အကျွန်ုပ်​ဆေး​လိုက်​ရာ မျက်စိ​မြင်​လာ​ပါ​သည်”​ဟု ဆို​၏။ ထိုအခါ ဖာရိရှဲ​အချို့​တို့​က “ဤ​သူ​သည် ဥပုသ်နေ့​ကို​မ​စောင့်ထိန်း​သောကြောင့် ဘုရားသခင်​ထံမှ​လာ​သော​သူ​မ​ဟုတ်”​ဟု ဆို​ကြ​၏။ သို့သော် အချို့​တို့​က “အပြစ်သား​ဖြစ်​သော​သူ​တစ်​ဦး​သည် ဤသို့​သော​နိမိတ်​လက္ခဏာ​များ​ကို မည်သို့​ပြု​နိုင်​မည်နည်း”​ဟု ဆို​ကြ​သဖြင့် သူ​တို့​ထဲတွင်​ကွဲပြား​ခြင်း​ရှိ​၏။ ထို့ကြောင့် ဖာရိရှဲ​တို့​သည် ထို​မျက်မမြင်​အား “သင့်​ကို​မျက်စိ​မြင်​စေ​သော​သူ​၏​အကြောင်း​ကို သင်​မည်သို့​ဆို​မည်နည်း”​ဟု နောက်တစ်ဖန်​မေးမြန်း​ကြ​လျှင် “ပရောဖက်​ဖြစ်​သည်”​ဟု ဖြေကြား​လေ​၏။ သို့ဖြစ်လင့်ကစား ယခင်​က မျက်မမြင်​ဖြစ်​ခဲ့​သော်လည်း ယခု​မြင်​လာ​ပြီ​ဟူသော ထို​သူ​၏​အကြောင်း​ကို ဂျူး​လူမျိုး​တို့​သည် မ​ယုံ​ကြ​သဖြင့် နောက်ဆုံး​တွင် မျက်စိ​မြင်​လာ​သော ထို​သူ​၏​မိဘ​တို့​ကို​ခေါ်​၍ “ဤ​သူ​သည် မွေးရာပါ​မျက်မမြင်​ဖြစ်​သည်​ဟု သင်​တို့​ဆို​သော သင်​တို့​၏​သား​မှန်​သလော။ မှန်​သည်​ဆိုလျှင် သူ​သည် ယခု မည်သို့​မျက်စိ​မြင်​လာ​သနည်း”​ဟု မေးမြန်း​ကြ​၏။ မိဘ​တို့​က​လည်း “ဤ​သူ​သည် အကျွန်ုပ်​တို့​၏​သား​မှန်​သည်​ကို​လည်းကောင်း၊ မွေးရာပါ​မျက်မမြင်​ဖြစ်​သည်​ကို​လည်းကောင်း အကျွန်ုပ်​တို့​သိ​ကြ​ပါ​၏။ သို့သော် ယခု မည်သို့​မျက်စိ​မြင်​လာ​သည်​ကို အကျွန်ုပ်​တို့​မ​သိ​ကြ​ပါ။ သူ့​ကို​မျက်စိ​မြင်​အောင် မည်သူ​ပြုလုပ်​ပေး​ခဲ့​သည်​ကို​လည်း မ​သိ​ကြ​ပါ။ သူ့​ကို​မေး​ကြ​ပါ​လော့။ သူ​သည် အရွယ်ရောက်​နေ​ပါ​ပြီ။ သူ့​အကြောင်း​ကို သူ​ကိုယ်တိုင်​ပြောပြ​ပါ​လိမ့်မည်”​ဟု ပြန်ပြော​ကြ​၏။ သူ​၏​မိဘ​တို့​သည် ဂျူး​လူမျိုး​တို့​ကို​ကြောက်​၍ ဤသို့​ပြောဆို​ကြ​ခြင်း​ဖြစ်​၏။ အကြောင်းမူကား ဂျူး​လူမျိုး​တို့​သည် မည်သူမဆို ယေရှု​ကို ခရစ်တော်​ဖြစ်​ကြောင်း​ဝန်ခံ​လျှင် ဝတ်ပြု​စည်းဝေး​ကျောင်း​မှ ထုတ်ပယ်​မည်​ဟု သဘောတူ​ဆုံးဖြတ်​ထား​သောကြောင့်​ဖြစ်​၏။ ထို​အကြောင်း​ကြောင့် သူ​၏​မိဘ​တို့​က “သူ​သည် အရွယ်ရောက်​နေ​ပါ​ပြီ။ သူ့​ကို​မေး​ကြ​ပါ​လော့”​ဟု ဆို​ကြ​ခြင်း​ဖြစ်​၏။ ထိုအခါ ဂျူး​လူမျိုး​တို့​သည် မျက်မမြင်​ဖြစ်​ခဲ့​သူ​ကို ဒုတိယ​အကြိမ်​ခေါ်​၍ “ဘုရားသခင်​၏​ဘုန်း​တော်​ကို​ချီးမွမ်း​လော့။ ထို​သူ​သည် အပြစ်သား​ဖြစ်​ကြောင်း​ကို ငါ​တို့​သိ​၏”​ဟု ဆို​ကြ​၏။ သူ​က​လည်း “ထို​သူ​သည် အပြစ်သား​ဖြစ်​သည် မ​ဖြစ်​သည်​ကို အကျွန်ုပ်​မ​သိ​ပါ။ အကျွန်ုပ်​သိ​သော​အရာ​တစ်​ခု​မှာ အကျွန်ုပ်​သည် မျက်မမြင်​ဖြစ်​ခဲ့​သော်လည်း ယခု​မြင်​ရ​သည့်​အကြောင်း​ဖြစ်​သည်”​ဟု ဖြေကြား​လေ​၏။ ထို​သူ​တို့​က​လည်း “သူ​သည် သင်​၌ မည်သည့်​အရာ​ကို​ပြု​သနည်း။ သင်​၏​မျက်စိ​ကို​မည်ကဲ့သို့​မြင်​စေ​သနည်း”​ဟု မေးမြန်း​ကြ​လျှင် သူ​က “သင်​တို့​ကို​အကျွန်ုပ်​ပြော​ပြီး​ပြီ။ သို့သော် သင်​တို့​နား​မ​ထောင်​ကြ။ အဘယ်ကြောင့် ထပ်၍​ကြား​လို​ကြ​သနည်း။ သင်​တို့​သည်​လည်း ထို​သူ​၏​တပည့်​ဖြစ်​လို​ကြ​သလော”​ဟု ပြန်​ပြော​၏။

ရှင်ယောဟန်ခရစ်ဝင် 9:1-27 အကြောင်း ဗီဒီယိုများ