YouVersion လိုဂို
ရှာရန် အိုင်ကွန်

ရှင်ယောဟန်ခရစ်ဝင် 9

9
မွေးရာပါမျက်မမြင်ကိုမြင်စေတော်မူခြင်း
1ယေရှု​သည် လမ်း​၌​ကြွ​တော်မူ​စဉ် မွေးရာပါ​မျက်မမြင်​တစ်​ဦး​ကို တွေ့​တော်မူ​၏။ 2ထိုအခါ တပည့်​တော်​တို့​က “ရဗ္ဗိ၊ မည်သူ​က အပြစ်​ပြု​သောကြောင့် ဤ​သူ​သည် မျက်မမြင်​အဖြစ်​မွေး​လာ​ရ​သနည်း။ သူ​ကိုယ်တိုင်​လော​၊ သို့မဟုတ် သူ​၏​မိဘ​လော”​ဟု ကိုယ်တော်​အား မေးလျှောက်​ကြ​၏။
3ယေရှု​က“ဤ​သူ​အပြစ်​ပြု​သောကြောင့်​မ​ဟုတ်၊ သူ့​မိဘ​က​အပြစ်​ပြု​သောကြောင့်​လည်း​မ​ဟုတ်။ သူ​၌ ဘုရားသခင်​၏​အမှု​တော်​များ​ထင်ရှား​စေရန်​အတွက်​သာ​ဖြစ်​၏။ 4ငါ​တို့​သည် ငါ့​ကို​စေလွှတ်​တော်မူ​သော​အရှင်​၏​အမှု​တော်​များ​ကို နေ့​အချိန်​ရှိ​စဉ် လုပ်ဆောင်​ရ​မည်။ မည်သူမျှ​အလုပ်​မ​လုပ်​နိုင်​သော ည​အချိန်​ရောက်​လာ​လိမ့်မည်။ 5ငါ​သည် ဤ​လောက​၌​ရှိ​နေ​စဉ် ဤ​လောက​၏​အလင်း​ဖြစ်​၏”​ဟု ပြန်​၍​မိန့်​တော်မူ​၏။ 6ထိုသို့​မိန့်​တော်မူ​ပြီးနောက် မြေ​ပေါ်သို့​တံတွေး​ထွေး​၍ တံတွေး​နှင့်​ရွှံ့​လုပ်​ပြီးလျှင် မျက်မမြင်​၏​မျက်စိ​ကို ထို​ရွှံ့​နှင့်​လူး​လျက် 7“ရှိလောင်​ရေကန်​သို့​သွား​၍ ဆေး​လော့”​ဟု မိန့်​တော်မူ​၏။ (ရှိလောင်​၏​အဓိပ္ပာယ်​မှာ စေလွှတ်​ခြင်း​ခံရ​သူ ဟူ၍​ဖြစ်​၏။) ထို့ကြောင့် သူ​သည်​သွား​၍​ဆေး​လိုက်​ရာ မျက်စိ​မြင်​လျက်​ပြန်လာ​၏။
8ထိုအခါ အိမ်နီးချင်း​များ​နှင့် ယခင်​က သူ​သည် သူတောင်းစား​ဖြစ်​ခဲ့​ကြောင်း​ကို သိမြင်​သော​သူ​တို့​က “ဤ​သူ​သည် ထိုင်​လျက်​တောင်းစား​နေ​ခဲ့​သူ​မ​ဟုတ်​လော”​ဟု ဆို​ကြ​၏။ 9လူ​အချို့​တို့​က “ထို​သူ​ပင်​ဖြစ်​သည်”​ဟု ဆို​ကြ​၏။ အချို့​တို့​က​လည်း “မ​ဟုတ်​ပါ။ ထို​သူ​နှင့်​တူ​ရုံ​သာ​ဖြစ်​သည်”​ဟု ဆို​ကြ​၏။ သူ​ကိုယ်တိုင်​က “အကျွန်ုပ်​ပင်​ဖြစ်​သည်”​ဟု ဆို​၏။ 10လူ​တို့​က​လည်း “သို့ဖြစ်လျှင် သင်​သည် မည်ကဲ့သို့​မျက်စိ​မြင်​လာ​သနည်း”​ဟု မေးမြန်း​ကြ​၏။ 11ထို​သူ​က “ယေရှု​ဟု​ခေါ်​သော​သူ​တစ်​ဦး​သည် ရွှံ့​လုပ်​၍ အကျွန်ုပ်​၏​မျက်စိ​ကို​လူး​လျက်‘ရှိလောင်​ရေကန်​သို့​သွား​၍ ဆေး​လော့’​ဟု ဆို​သည့်​အတိုင်း အကျွန်ုပ်​သွား​၍​ဆေး​လိုက်​ရာ မျက်စိ​မြင်​လာ​ပါ​သည်”​ဟု ဖြေကြား​၏။ 12သူ​တို့​က​လည်း “ထို​သူ​သည် အဘယ်မှာ​ရှိ​သနည်း”​ဟု မေးမြန်း​ကြ​သော် သူ​က “အကျွန်ုပ်​မ​သိ​ပါ”​ဟု ဆို​၏။
မျက်စိမြင်လာသောသူ၏သက်သေခံချက်
13လူ​တို့​သည် ယခင်​က မျက်မမြင်​ဖြစ်​ခဲ့​သော​ထို​သူ​ကို ဖာရိရှဲ​တို့​ထံသို့​ခေါ်သွား​ကြ​၏။ 14ယေရှု​သည် ရွှံ့​လုပ်​၍ ထို​သူ​ကို​မျက်စိ​မြင်​အောင်​ပြုလုပ်​တော်မူ​သော​နေ့​ကား ဥပုသ်နေ့​ဖြစ်​၏။ 15ထို့ကြောင့် ဖာရိရှဲ​တို့​သည်​လည်း သူ​၏​မျက်စိ​မြင်​လာ​ခဲ့​ပုံ​ကို သူ့​အား မေးမြန်း​ကြ​ပြန်​၏။ သူ​က​လည်း “ထို​သူ​သည် အကျွန်ုပ်​၏​မျက်စိ​ပေါ်တွင် ရွှံ့​ကို​လူး​၍ အကျွန်ုပ်​ဆေး​လိုက်​ရာ မျက်စိ​မြင်​လာ​ပါ​သည်”​ဟု ဆို​၏။ 16ထိုအခါ ဖာရိရှဲ​အချို့​တို့​က “ဤ​သူ​သည် ဥပုသ်နေ့​ကို​မ​စောင့်ထိန်း​သောကြောင့် ဘုရားသခင်​ထံမှ​လာ​သော​သူ​မ​ဟုတ်”​ဟု ဆို​ကြ​၏။ သို့သော် အချို့​တို့​က “အပြစ်သား​ဖြစ်​သော​သူ​တစ်​ဦး​သည် ဤသို့​သော​နိမိတ်​လက္ခဏာ​များ​ကို မည်သို့​ပြု​နိုင်​မည်နည်း”​ဟု ဆို​ကြ​သဖြင့် သူ​တို့​ထဲတွင်​ကွဲပြား​ခြင်း​ရှိ​၏။
17ထို့ကြောင့် ဖာရိရှဲ​တို့​သည် ထို​မျက်မမြင်​အား “သင့်​ကို​မျက်စိ​မြင်​စေ​သော​သူ​၏​အကြောင်း​ကို သင်​မည်သို့​ဆို​မည်နည်း”​ဟု နောက်တစ်ဖန်​မေးမြန်း​ကြ​လျှင် “ပရောဖက်​ဖြစ်​သည်”​ဟု ဖြေကြား​လေ​၏။
18သို့ဖြစ်လင့်ကစား ယခင်​က မျက်မမြင်​ဖြစ်​ခဲ့​သော်လည်း ယခု​မြင်​လာ​ပြီ​ဟူသော ထို​သူ​၏​အကြောင်း​ကို ဂျူး​လူမျိုး​တို့​သည် မ​ယုံ​ကြ​သဖြင့် နောက်ဆုံး​တွင် မျက်စိ​မြင်​လာ​သော ထို​သူ​၏​မိဘ​တို့​ကို​ခေါ်​၍ 19“ဤ​သူ​သည် မွေးရာပါ​မျက်မမြင်​ဖြစ်​သည်​ဟု သင်​တို့​ဆို​သော သင်​တို့​၏​သား​မှန်​သလော။ မှန်​သည်​ဆိုလျှင် သူ​သည် ယခု မည်သို့​မျက်စိ​မြင်​လာ​သနည်း”​ဟု မေးမြန်း​ကြ​၏။ 20မိဘ​တို့​က​လည်း “ဤ​သူ​သည် အကျွန်ုပ်​တို့​၏​သား​မှန်​သည်​ကို​လည်းကောင်း၊ မွေးရာပါ​မျက်မမြင်​ဖြစ်​သည်​ကို​လည်းကောင်း အကျွန်ုပ်​တို့​သိ​ကြ​ပါ​၏။ 21သို့သော် ယခု မည်သို့​မျက်စိ​မြင်​လာ​သည်​ကို အကျွန်ုပ်​တို့​မ​သိ​ကြ​ပါ။ သူ့​ကို​မျက်စိ​မြင်​အောင် မည်သူ​ပြုလုပ်​ပေး​ခဲ့​သည်​ကို​လည်း မ​သိ​ကြ​ပါ။ သူ့​ကို​မေး​ကြ​ပါ​လော့။ သူ​သည် အရွယ်ရောက်​နေ​ပါ​ပြီ။ သူ့​အကြောင်း​ကို သူ​ကိုယ်တိုင်​ပြောပြ​ပါ​လိမ့်မည်”​ဟု ပြန်ပြော​ကြ​၏။ 22သူ​၏​မိဘ​တို့​သည် ဂျူး​လူမျိုး​တို့​ကို​ကြောက်​၍ ဤသို့​ပြောဆို​ကြ​ခြင်း​ဖြစ်​၏။ အကြောင်းမူကား ဂျူး​လူမျိုး​တို့​သည် မည်သူမဆို ယေရှု​ကို ခရစ်တော်​ဖြစ်​ကြောင်း​ဝန်ခံ​လျှင် ဝတ်ပြု​စည်းဝေး​ကျောင်း​မှ ထုတ်ပယ်​မည်​ဟု သဘောတူ​ဆုံးဖြတ်​ထား​သောကြောင့်​ဖြစ်​၏။ 23ထို​အကြောင်း​ကြောင့် သူ​၏​မိဘ​တို့​က “သူ​သည် အရွယ်ရောက်​နေ​ပါ​ပြီ။ သူ့​ကို​မေး​ကြ​ပါ​လော့”​ဟု ဆို​ကြ​ခြင်း​ဖြစ်​၏။
24ထိုအခါ ဂျူး​လူမျိုး​တို့​သည် မျက်မမြင်​ဖြစ်​ခဲ့​သူ​ကို ဒုတိယ​အကြိမ်​ခေါ်​၍ “ဘုရားသခင်​၏​ဘုန်း​တော်​ကို​ချီးမွမ်း​လော့။ ထို​သူ​သည် အပြစ်သား​ဖြစ်​ကြောင်း​ကို ငါ​တို့​သိ​၏”​ဟု ဆို​ကြ​၏။ 25သူ​က​လည်း “ထို​သူ​သည် အပြစ်သား​ဖြစ်​သည် မ​ဖြစ်​သည်​ကို အကျွန်ုပ်​မ​သိ​ပါ။ အကျွန်ုပ်​သိ​သော​အရာ​တစ်​ခု​မှာ အကျွန်ုပ်​သည် မျက်မမြင်​ဖြစ်​ခဲ့​သော်လည်း ယခု​မြင်​ရ​သည့်​အကြောင်း​ဖြစ်​သည်”​ဟု ဖြေကြား​လေ​၏။ 26ထို​သူ​တို့​က​လည်း “သူ​သည် သင်​၌ မည်သည့်​အရာ​ကို​ပြု​သနည်း။ သင်​၏​မျက်စိ​ကို​မည်ကဲ့သို့​မြင်​စေ​သနည်း”​ဟု မေးမြန်း​ကြ​လျှင် 27သူ​က “သင်​တို့​ကို​အကျွန်ုပ်​ပြော​ပြီး​ပြီ။ သို့သော် သင်​တို့​နား​မ​ထောင်​ကြ။ အဘယ်ကြောင့် ထပ်၍​ကြား​လို​ကြ​သနည်း။ သင်​တို့​သည်​လည်း ထို​သူ​၏​တပည့်​ဖြစ်​လို​ကြ​သလော”​ဟု ပြန်​ပြော​၏။
28ထိုအခါ ဂျူး​လူမျိုး​တို့​က “သင်​သည် သူ့​တပည့်​ဖြစ်​၏။ ငါ​တို့​မူကား မောရှေ​၏​တပည့်​များ​ဖြစ်​ကြ​၏။ 29ဘုရားသခင်​သည် မောရှေ​အား အမိန့်​ရှိ​တော်မူ​ကြောင်း​ကို ငါ​တို့​သိ​ကြ​၏။ ထို​သူ​ကား မည်သည့်​အရပ်​မှ​လာ​သည်​ကို ငါ​တို့​မ​သိ”​ဟု သူ့​ကို​ပုတ်ခတ်​ပြောဆို​ကြ​၏။ 30သူ​က​လည်း “အကျွန်ုပ်​၏​မျက်စိ​ကို​ဖွင့်​ပေး​လျက်​နှင့်​ပင် ထို​သူ​မည်သည့်​အရပ်​မှ​လာ​သည်​ကို သင်​တို့​မ​သိ​ကြ​သည်​မှာ အံ့ဩဖွယ်​ကောင်း​၏။ 31ဘုရားသခင်​သည် အပြစ်သား​တို့​ကို​နားညောင်း​တော်​မ​မူ။ သို့သော် မည်သူမဆို ဘုရားသခင်​ကို​ရိုသေ​လေးမြတ်​၍ အလို​တော်​ကို​ဆောင်ရွက်​လျှင် ထို​သူ​ကို​ဘုရားသခင်​နားညောင်း​တော်မူ​ကြောင်း အကျွန်ုပ်​တို့​သိ​ကြ​ပါ​၏။ 32မွေးရာပါ​မျက်မမြင်​ဖြစ်​သော​သူ​ကို တစ်စုံတစ်ယောက်​က မျက်စိ​မြင်​စေ​ခဲ့​သည်​ဟူသော​အကြောင်း​ကို ကမ္ဘာ​ဦး​မှစ၍ မ​ကြား​ခဲ့​ဖူး​ပါ။ 33ထို​သူ​သည် ဘုရားသခင်​ထံမှ​လာ​သော​သူ​မ​ဟုတ်​လျှင် မည်သည့်​အရာ​ကို​မျှ ပြု​နိုင်​ခဲ့​မည်​မ​ဟုတ်”​ဟု ဆို​၏​။ 34ဂျူး​လူမျိုး​တို့​က​လည်း “သင်​သည် တစ်ကိုယ်လုံး​အပြစ်​နှင့်​ပြည့်နှက်​ပြီး မွေးဖွား​လာ​သူ​ဖြစ်​လျက်​နှင့် ငါ​တို့​ကို​သွန်သင်​မည်​လော”​ဟု ပြန်​၍​ပြောဆို​ကာ သူ့​ကို အပြင်​သို့​နှင်ထုတ်​လိုက်​ကြ​၏။
ဝိညာဉ်မျက်စိမမြင်သောဖာရိရှဲများ
35ဂျူး​လူမျိုး​တို့​သည် သူ့​ကို အပြင်​သို့​နှင်ထုတ်​လိုက်​ကြောင်း ယေရှု​ကြား​တော်မူ​၍ သူ့​ကို​တွေ့ရှိ​လျှင်“သင်​သည် လူ့သား​ကို​ယုံကြည်​သလော”​ဟု မေး​တော်မူ​၏။ 36သူ​က​လည်း “သခင်​ဘုရား၊ သူ့​ကို​ယုံကြည်​နိုင်​ရန် ထို​သူ​မည်သူ​ဖြစ်​သည်​ကို သိ​လို​ပါ​၏”​ဟု ပြန်​လျှောက်​လေ​၏။ 37ယေရှု​က“သင်​သည် သူ့​ကို​မြင်​ပြီး​သည်​သာမက ယခု​သင်​နှင့်​စကား​ပြော​နေ​သော​သူ​သည် လူ့သား​ပင်​ဖြစ်​၏”​ဟု မိန့်​တော်မူ​၏။ 38ထို​သူ​က​လည်း “အကျွန်ုပ်​ယုံကြည်​ပါ​၏ သခင်​ဘုရား”​ဟု လျှောက်​လျက် ကိုယ်တော်​ကို​ရှိခိုး​လေ​၏။ 39ထိုအခါ ယေရှု​က“ငါ​သည် မ​မြင်​သော​သူ​တို့​ကို​မြင်​စေ​၍ မြင်​နေ​သော​သူ​တို့​ကို မျက်စိကွယ်​စေရန်​ဟူသော တရား​စီရင်​ခြင်း​အတွက် ဤ​လောက​သို့​ကြွလာ​၏”​ဟု မိန့်​တော်မူ​၏။ 40ကိုယ်တော်​နှင့်အတူ​ရှိ​နေ​သော ဖာရိရှဲ​အချို့​တို့​သည် ထို​စကား​ကို​ကြား​လျှင် “အကျွန်ုပ်​တို့​သည်​လည်း မျက်မမြင်​များ​ဖြစ်​ကြ​သလော”​ဟု မေးလျှောက်​ကြ​၏။ 41ယေရှု​က​လည်း“သင်​တို့​သည် မျက်မမြင်​များ​ဖြစ်​ခဲ့​ကြ​လျှင် သင်​တို့​၌​အပြစ်​ရှိ​ခဲ့​မည်​မ​ဟုတ်။ သို့ရာတွင် ‘ငါ​တို့​မြင်​သည်’​ဟု သင်​တို့​ယခု​ဆို​နေ​ကြ​သဖြင့် သင်​တို့​၏​အပြစ်​သည် တည်မြဲ​တည်​၏။

လက်ရှိရွေးချယ်ထားမှု

ရှင်ယောဟန်ခရစ်ဝင် 9: MSBU

အရောင်မှတ်ချက်

မျှဝေရန်

ကူးယူ

None

မိမိစက်ကိရိယာအားလုံးတွင် မိမိအရောင်ချယ်သောအရာများကို သိမ်းဆည်းထားလိုပါသလား။ စာရင်းသွင်းပါ (သို့) အကောင့်ဝင်လိုက်ပါ

YouVersion သည် မိမိအတွေ့အကြုံကို စိတ်ကြိုက်ပြင်ဆင်ရန် ကွတ်ကီးများကို အသုံးပြုသည်။ ကျွန်ုပ်တို့၏ဝဘ်ဆိုဒ်ကိုအသုံးပြုခြင်းဖြင့် ကျွန်ုပ်တို့၏ ကိုယ်ရေးကိုယ်တာမူဝါဒတွင်ဖော်ပြထားသည့်အတိုင်း ကျွန်ုပ်တို့၏ cookies အသုံးပြုမှုကို လက်ခံပါသည်။