ရှင်ယောဟန် 5:24-40
ရှင်ယောဟန် 5:24-40 Judson Bible (JBMLE)
ငါအမှန်အကန်ဆိုသည်ကား၊ ငါ့စကားကို နားထောင်၍ ငါ့ကိုစေလွှတ်တော်မူသောသူကို ယုံကြည်သောသူသည် ထာဝရအသက်ကို ရသည်ဖြစ်၍ အပြစ်စီရင်ခြင်းကိုမခံရ။ သေခြင်းမှအသက်ရှင်ခြင်းသို့ ကူးမြောက်သောသူဖြစ်၏။ ငါအမှန်အကန်ဆိုသည်ကား၊ သေလွန်သောသူတို့သည် ဘုရားသခင်သားတော်၏ စကားသံကိုကြား၍၊ ကြားသောအားဖြင့် အသက်ရှင်ရမည့်အချိန်ကာလသည် လာ၍ ယခုပင်ရောက်လျက်ရှိ၏။- အကြောင်းမူကား၊ ခမည်းတော်သည် ကိုယ်၌ အသက်ရှိတော်မူသည်နည်းတူ၊ သားတော်သည် မိမိ၌ အသက်ရှိရသောအခွင့်ကို ပေးတော်မူ၏။- သားတော်သည် လူသားဖြစ်သောကြောင့် တရားစီရင်ခြင်းအခွင့်ကိုလည်း အပ်ပေးတော်မူ၏။- ဤအမှုအရာကို အံ့ဩခြင်းမရှိကြနှင့်။ သင်္ချိုင်းများမှာရှိသော သူအပေါင်းတို့သည် သားတော်၏ စကားသံကိုကြား၍၊- ထွက်ရမည့်အချိန်ကာလ ရောက်လတ္တံ့။ ကောင်းသောအကျင့်ကို ကျင့်သောသူတို့သည် အသက်ရှင်ရာ ထမြောက်ခြင်းသို့လည်းကောင်း၊ ဆိုးယုတ်သောအကျင့်ကို ကျင့်သောသူတို့သည် အပြစ်စီရင်ရာ ထမြောက်ခြင်းသို့လည်းကောင်း ထွက်ရကြလတ္တံ့။ ငါသည် ကိုယ်အလိုအလျောက် အဘယ်အမှုကိုမျှ မပြုနိုင်။ ငါသည် ကြားသည်အတိုင်း တရားစီရင်၏၊ ငါစီရင်ခြင်းသည်လည်း တရားတော်နှင့် ညီညွတ်၏။ အကြောင်းမူကား၊ ငါသည် ကိုယ်အလိုသို့မလိုက်၊ ငါ့ကို စေလွှတ်တော်မူသော ခမည်းတော်၏အလိုသို့ လိုက်၏။ ငါသည် ကိုယ်အကြောင်းကို သက်သေခံလျှင် ငါ့သက်သေမတည်။- ငါ၏အကြောင်းကို သက်သေခံသောသူ တစ်ပါးရှိသေး၏။ ထိုသူ၏သက်သေတည်ကြောင်းကို ငါသိ၏။- သင်တို့သည် ယောဟန်ထံသို့စေလွှတ်ကြ၏။ သူသည် သမ္မာတရားဘက်၌ သက်သေခံ၏။- သို့သော်လည်း လူပေးသောသက်သေကို ငါသည်ပမာဏမပြု။ သင်တို့သည် ကယ်တင်ခြင်းသို့ ရောက်မည်အကြောင်း ဤစကားကို ငါပြော၏။- ယောဟန်သည် ညှိထွန်း၍လင်းသော ဆီမီးဖြစ်၏။ သင်တို့သည် သူ၏အလင်း၌ ခဏသာမွေ့လျော်ခြင်းငှာ အလိုရှိကြ၏။- ယောဟန်၏သက်သေထက် သာ၍ကြီးသောသက်သေသည် ငါ၌ရှိ၏။ အကြင်အမှုတို့ကို ငါပြီးစီးစေခြင်းငှာ ခမည်းတော်သည် ငါ့လက်သို့ အပ်ပေးတော်မူ၍၊ ငါပြုသော ထိုအမှုတို့သည်လည်း ငါ့ဘက်၌နေ၍၊ ခမည်းတော်သည် ငါ့ကို စေလွှတ်တော်မူသည်အကြောင်းကို သက်သေခံကြ၏။- ခမည်းတော်သည်လည်း ငါ့ဘက်၌ သက်သေခံတော်မူ၏။ ခမည်းတော်၏စကားသံတော်ကို သင်တို့သည် မကြား၊ သဏ္ဌာန်တော်ကို မမြင်၊- နှုတ်ကပတ်တော်သည်လည်း သင်တို့၌မတည်။ အကြောင်းမူကား၊ စေလွှတ်တော်မူသောသူကို သင်တို့သည် မယုံကြည်ဘဲနေကြ၏။ ကျမ်းစာအားဖြင့် ထာဝရအသက်ကိုရမည်ဟု စိတ်ထင်နှင့် သင်တို့သည် ကျမ်းစာကိုစေ့စေ့ကြည့်ရှုကြ၏။ ထိုကျမ်းစာပင် ငါ၏သက်သေဖြစ်၏။- သင်တို့သည် အသက်ကိုရအောင် ငါ့ထံသို့ လာခြင်းငှာ အလိုမရှိကြ၊
ရှင်ယောဟန် 5:24-40 Common Language Bible (BCL)
``အမှန်အကန်သင်တို့အားငါဆိုသည်ကား ငါ၏စကားကိုကြားနာ၍ ငါ့ကိုစေလွှတ် တော်မူသောအရှင်ကိုယုံကြည်သူသည် ထာဝရအသက်ကိုရ၏။ သူသည်တရား စီရင်တော်မူခြင်းကိုမခံရဘဲ သေခြင်း မှအသက်ရှင်ခြင်းသို့ကူးမြောက်သောသူ ဖြစ်၏။- အမှန်အကန်သင်တို့အားငါဆိုသည်ကား သူသေတို့သည် ဘုရားသခင်၏သားတော် အသံကိုကြားရသည့်အချိန်ကျရောက် လာလိမ့်မည်။ ထိုအချိန်သည်ယခုပင်ကျ ရောက်လျက်ရှိပြီ။ သားတော်၏အသံကို ကြားရသောသူတို့သည်အသက်ပြန်၍ ရှင်ကြလိမ့်မည်။- ခမည်းတော်မှာအသက်ပေးပိုင်သောတန်ခိုး ရှိတော်မူသည်နည်းတူ သားတော်တွင်လည်းရှိ စေရန်ထိုတန်ခိုးကိုသားတော်အားအပ်နှင်း ထားတော်မူ၏။- သားတော်သည်လူသားဖြစ်တော်မူသည်နှင့် အညီ တရားစီရင်ပိုင်သောတန်ခိုးအပ်နှင်း ခြင်းကိုခံရ၏။- ဤအခြင်းအရာကိုသင်တို့မအံ့သြကြနှင့်။ သင်္ချိုင်းမှသူသေတို့သည်သားတော်၏အသံ တော်ကိုကြား၍ထွက်လာကြမည့်အချိန်ကျ ရောက်လိမ့်မည်။- အကျင့်ကောင်းကိုပြုခဲ့သူတို့သည်ထမြောက် ၍အသက်ရှင်ကြရလိမ့်မည်။ အကျင့်ဆိုးကို ပြုခဲ့သူတို့မူကား ထမြောက်၍အပြစ်စီရင် ခြင်းကိုခံရလိမ့်မည်။ ``ငါသည်မိမိအလိုအလျောက်မည်သည့်အရာ ကိုမျှမပြုနိုင်။ ခမည်းတော်ဖော်ပြသည့်အတိုင်း သာလျှင်စီရင်ဆုံးဖြတ်၏။ ငါသည်ကိုယ့်အလို သို့မလိုက်။ ငါ့ကိုစေလွှတ်တော်မူသောအရှင်၏ အလိုတော်သို့လိုက်သည်ဖြစ်၍ ငါ၏စီရင်ဆုံး ဖြတ်ချက်သည်မှန်ကန်၏။ ``ငါသည်မိမိ၏အကြောင်းကိုသက်သေခံလျှင် ငါ၏သက်သေခံချက်သည်ခိုင်လုံခြင်းမရှိ။- သို့ရာတွင်ငါ့အကြောင်းကိုသက်သေခံသူ တစ်ပါးရှိ၏။ သူ၏သက်သေခံချက်သည်မှန် ကန်ကြောင်းကိုငါသိ၏။- သင်တို့သည်ယောဟန်၏ထံသို့စေတမန်များ စေလွှတ်ခဲ့ကြ၏။ သူသည်သမ္မာတရားဘက် ကသက်သေခံ၏။- ငါ့အကြောင်းကိုလူတစ်စုံတစ်ယောက်က သက်သေခံရန်လို၍မဟုတ်။ သင်တို့ကယ်တင် ခြင်းခံရစေရန်သာဤစကားကိုငါပြော ၏။- ယောဟန်သည်အလျှံထ၍ထွန်းလင်းနေသော ဆီမီးခွက်သဖွယ်ဖြစ်သဖြင့် သင်တို့သည်သူ ၏အလင်းရောင်တွင်ခဏမျှသာပျော်မွေ့လို ကြ၏။- သို့ရာတွင်ယောဟန်၏သက်သေခံချက်ထက် ကြီးမြတ်သည့်သက်သေခံချက်ငါ့မှာရှိ၏။ ခမည်းတော်ငါ့အားပေးအပ်သဖြင့် ယခုငါ လုပ်ဆောင်လျက်ရှိသည့်အမှုအရာများကပင် ငါ့ကိုခမည်းတော်စေလွှတ်တော်မူကြောင်းကို သက်သေခံကြ၏။- ငါ့ကိုစေလွှတ်တော်မူသောခမည်းတော်ကိုယ် တိုင်ကလည်း ငါ့အကြောင်းကိုသက်သေခံတော် မူ၏။ သင်တို့သည်ခမည်းတော်၏အသံတော် ကိုအဘယ်အခါကမျှမကြားဘူးကြ။ သဏ္ဌာန်တော်ကိုလည်းမမြင်ဘူးကြ။- ခမည်းတော်စေလွှတ်တော်မူသောသူကို မယုံကြည်ကြသဖြင့် နှုတ်ကပတ်တော်သည် သင်တို့၏စိတ်နှလုံးတွင်မကိန်းအောင်း။- ကျမ်းစာတော်တွင်ရှာဖွေ၍ထာဝရအသက် ကိုတွေ့ရှိလိမ့်မည်ဟုသင်တို့ထင်မှတ်ကြသဖြင့် ကျမ်းစာတော်ကိုအပတ်တကုတ်လေ့လာကြ၏။ ထိုကျမ်းစာတော်ကပင်လျှင်ငါ့အကြောင်းကို သက်သေခံ၏။- သို့သော်လည်းသင်တို့သည်အသက်ရအံ့သော ငှာငါ့ထံသို့မလာလိုကြ။
ရှင်ယောဟန် 5:24-40 မြန်မာ့စံမီသမ္မာကျမ်း (MSBU)
သင်တို့အား ငါအမှန်အကန်ဆိုမည်။ ငါ့စကားကိုနားထောင်၍ ငါ့ကိုစေလွှတ်တော်မူသောသူကို ယုံကြည်သောသူသည် ထာဝရအသက်ကိုရရှိသည်ဖြစ်၍ အပြစ်စီရင်ခြင်းကိုမခံရဘဲ သေခြင်းမှ အသက်ရှင်ခြင်းသို့ ကူးပြောင်းပြီဖြစ်၏။ သင်တို့အား ငါအမှန်အကန်ဆိုမည်။ သေလွန်သောသူတို့သည် ဘုရားသခင်သားတော်၏အသံကိုကြား၍ ကြားသောသူတို့သည် အသက်ရှင်မည့်အချိန်ရောက်လာမည်ဖြစ်ရာ ယခုပင်ရောက်လာလေပြီ။ အကြောင်းမူကား ခမည်းတော်သည် မိမိ၌အသက်ကိုပိုင်ဆိုင်တော်မူသည်နည်းတူ သားတော်အားလည်း မိမိ၌အသက်ကိုပိုင်ဆိုင်ခွင့်ပေးတော်မူ၏။ သားတော်သည် လူ့သားဖြစ်သောကြောင့် ခမည်းတော်သည် တရားစီရင်ပိုင်ခွင့်ကိုလည်း သားတော်အားပေးအပ်တော်မူပြီ။ ဤအမှုအရာကို အံ့သြခြင်းမရှိကြနှင့်။ သင်္ချိုင်းများ၌ရှိသောသူအပေါင်းတို့သည် သားတော်၏အသံကိုကြား၍ ထွက်လာမည့်အချိန်ရောက်လာလိမ့်မည်။ ကောင်းသောအမှုကိုပြုသောသူတို့သည် အသက်ရှင်ခြင်းနှင့်ဆိုင်သောရှင်ပြန်ထမြောက်ခြင်းသို့လည်းကောင်း၊ ဆိုးညစ်သောအမှုကိုပြုကျင့်သောသူတို့သည် အပြစ်စီရင်ခြင်းနှင့်ဆိုင်သောရှင်ပြန်ထမြောက်ခြင်းသို့လည်းကောင်း အသီးသီးထွက်လာကြလိမ့်မည်။ ငါသည် ကိုယ့်ဆန္ဒအလျောက် မည်သည့်အရာကိုမျှမပြုနိုင်။ ငါသည် ကြားရသည့်အတိုင်းသာ တရားစီရင်၍ ကိုယ့်အလိုမဟုတ်ဘဲ ငါ့ကိုစေလွှတ်တော်မူသောအရှင်၏အလိုတော်ကို လိုက်နာသောကြောင့် ငါ၏စီရင်ဆုံးဖြတ်ချက်သည် ဖြောင့်မတ်၏။ ငါသည် ကိုယ့်အကြောင်းကိုသက်သေခံလျှင် ငါ၏သက်သေခံချက်သည် မှန်ကန်မှုမရှိ။ ငါ့အကြောင်းကိုသက်သေခံသည့် အခြားသောအရှင်တစ်ပါးရှိ၏။ ထိုအရှင်ပေးသည့် ငါနှင့်ပတ်သက်သောသက်သေခံချက်သည် မှန်ကန်ကြောင်းကို ငါသိ၏။ သင်တို့သည် ယောဟန်ထံသို့ လူကိုစေလွှတ်ကြရာ သူသည် သမ္မာတရားဘက်၌သက်သေခံခဲ့၏။ ထိုသို့ဆိုသော် လူ၏သက်သေခံချက်ကို ငါခံယူသည်မဟုတ်။ သို့ရာတွင် သင်တို့ကယ်တင်ခြင်းခံရရန် ဤအရာများကို ငါပြော၏။ ယောဟန်သည် တောက်လောင်၍ထွန်းလင်းသောဆီမီးဖြစ်၏။ သင်တို့သည် သူ၏အလင်း၌ ခေတ္တခဏရွှင်မြူးလိုကြ၏။ ငါ၌မူကား ယောဟန်ထက် ကြီးမြတ်သောသက်သေခံချက်ရှိ၏။ ငါပြီးမြောက်အောင်ဆောင်ရွက်ရန် ငါ့အားခမည်းတော်ပေးအပ်တော်မူသောအမှုများဖြစ်သည့် ယခုငါပြုနေသောအမှုများကပင် ခမည်းတော်သည် ငါ့အားစေလွှတ်တော်မူကြောင်းကို သက်သေခံကြ၏။ ငါ့ကိုစေလွှတ်တော်မူသော ခမည်းတော်ကိုယ်တိုင်သည်လည်း ငါ့အကြောင်းကို သက်သေခံတော်မူ၏။ သင်တို့မူကား တစ်ခါမျှ သူ၏အသံတော်ကိုမကြား၊ အဆင်းသဏ္ဌာန်တော်ကိုလည်းမမြင်ဖူးကြ။ သူ၏နှုတ်ကပတ်တော်သည်လည်း သင်တို့၌မတည်မရှိ။ အဘယ်ကြောင့်ဆိုသော် ခမည်းတော်စေလွှတ်တော်မူသောသူကို သင်တို့မယုံကြည်ကြသောကြောင့်ဖြစ်၏။ သင်တို့သည် ကျမ်းစာအားဖြင့် ထာဝရအသက်ကိုရရှိမည်ဟုထင်မှတ်၍ ကျမ်းစာကိုစူးစမ်းလေ့လာနေကြ၏။ ထိုကျမ်းစာကပင် ငါ့အကြောင်းကို သက်သေခံလျက်ရှိ၏။ သို့သော် သင်တို့သည် အသက်ကိုရရှိရန် ငါ့ထံသို့မလာလိုကြ။