YouVersion လိုဂို
ရှာရန် အိုင်ကွန်

ရှင်ယောဟန်ခရစ်ဝင် 5:24-40

ရှင်ယောဟန်ခရစ်ဝင် 5:24-40 MSBU

သင်​တို့​အား ငါ​အမှန်အကန်​ဆို​မည်။ ငါ့​စကား​ကို​နားထောင်​၍ ငါ့​ကို​စေလွှတ်​တော်မူ​သော​သူ​ကို ယုံကြည်​သော​သူ​သည် ထာဝရ​အသက်​ကို​ရရှိ​သည်​ဖြစ်၍ အပြစ်​စီရင်​ခြင်း​ကို​မ​ခံရ​ဘဲ သေ​ခြင်း​မှ အသက်ရှင်​ခြင်း​သို့ ကူးပြောင်း​ပြီ​ဖြစ်​၏။ သင်​တို့​အား ငါ​အမှန်အကန်​ဆို​မည်။ သေလွန်​သော​သူ​တို့​သည် ဘုရားသခင်​သား​တော်​၏​အသံ​ကို​ကြား​၍ ကြား​သော​သူ​တို့​သည် အသက်ရှင်​မည့်​အချိန်​ရောက်​လာ​မည်​ဖြစ်ရာ ယခု​ပင်​ရောက်​လာ​လေ​ပြီ။ အကြောင်းမူကား ခမည်းတော်​သည် မိမိ​၌​အသက်​ကို​ပိုင်ဆိုင်​တော်မူ​သည်​နည်းတူ သား​တော်​အား​လည်း မိမိ​၌​အသက်​ကို​ပိုင်ဆိုင်​ခွင့်​ပေး​တော်မူ​၏။ သား​တော်​သည် လူ့သား​ဖြစ်​သောကြောင့် ခမည်းတော်​သည် တရား​စီရင်​ပိုင်ခွင့်​ကို​လည်း သား​တော်​အား​ပေး​အပ်​တော်မူ​ပြီ။ ဤ​အမှုအရာ​ကို အံ့သြ​ခြင်း​မ​ရှိ​ကြ​နှင့်။ သင်္ချိုင်း​များ​၌​ရှိ​သော​သူ​အပေါင်း​တို့​သည် သား​တော်​၏​အသံ​ကို​ကြား​၍ ထွက်လာ​မည့်​အချိန်​ရောက်​လာ​လိမ့်မည်။ ကောင်း​သော​အမှု​ကို​ပြု​သော​သူ​တို့​သည် အသက်ရှင်​ခြင်း​နှင့်ဆိုင်သော​ရှင်ပြန်​ထမြောက်​ခြင်း​သို့​လည်းကောင်း၊ ဆိုးညစ်​သော​အမှု​ကို​ပြုကျင့်​သော​သူ​တို့​သည် အပြစ်​စီရင်​ခြင်း​နှင့်ဆိုင်သော​ရှင်ပြန်​ထမြောက်​ခြင်း​သို့​လည်းကောင်း အသီးသီး​ထွက်လာ​ကြ​လိမ့်မည်။ ငါ​သည် ကိုယ့်​ဆန္ဒ​အလျောက် မည်သည့်​အရာ​ကို​မျှ​မ​ပြု​နိုင်။ ငါ​သည် ကြား​ရ​သည့်​အတိုင်း​သာ တရား​စီရင်​၍ ကိုယ့်​အလို​မ​ဟုတ်​ဘဲ ငါ့​ကို​စေလွှတ်​တော်မူ​သော​အရှင်​၏​အလို​တော်​ကို လိုက်နာ​သောကြောင့် ငါ​၏​စီရင်​ဆုံးဖြတ်​ချက်​သည် ဖြောင့်မတ်​၏။ ငါ​သည် ကိုယ့်​အကြောင်း​ကို​သက်သေခံ​လျှင် ငါ​၏​သက်သေခံ​ချက်​သည် မှန်ကန်​မှု​မ​ရှိ။ ငါ့​အကြောင်း​ကို​သက်သေခံ​သည့် အခြား​သော​အရှင်​တစ်​ပါး​ရှိ​၏။ ထို​အရှင်​ပေး​သည့် ငါ​နှင့်​ပတ်သက်​သော​သက်သေခံ​ချက်​သည် မှန်ကန်​ကြောင်း​ကို ငါ​သိ​၏။ သင်​တို့​သည် ယောဟန်​ထံသို့ လူ​ကို​စေလွှတ်​ကြ​ရာ သူ​သည် သမ္မာတရား​ဘက်​၌​သက်သေခံ​ခဲ့​၏။ ထိုသို့ဆိုသော် လူ​၏​သက်သေခံ​ချက်​ကို ငါ​ခံယူ​သည်​မ​ဟုတ်။ သို့ရာတွင် သင်​တို့​ကယ်တင်​ခြင်း​ခံရ​ရန် ဤ​အရာ​များ​ကို ငါ​ပြော​၏။ ယောဟန်​သည် တောက်လောင်​၍​ထွန်းလင်း​သော​ဆီမီး​ဖြစ်​၏။ သင်​တို့​သည် သူ​၏​အလင်း​၌ ခေတ္တ​ခဏ​ရွှင်မြူး​လို​ကြ​၏။ ငါ​၌​မူကား ယောဟန်​ထက် ကြီးမြတ်​သော​သက်သေခံ​ချက်​ရှိ​၏။ ငါ​ပြီးမြောက်​အောင်​ဆောင်ရွက်​ရန် ငါ့​အား​ခမည်းတော်​ပေးအပ်​တော်မူ​သော​အမှု​များ​ဖြစ်​သည့် ယခု​ငါ​ပြု​နေ​သော​အမှု​များ​က​ပင် ခမည်းတော်​သည် ငါ့​အား​စေလွှတ်​တော်မူ​ကြောင်း​ကို သက်သေခံ​ကြ​၏။ ငါ့​ကို​စေလွှတ်​တော်မူ​သော ခမည်းတော်​ကိုယ်တိုင်​သည်​လည်း ငါ့​အကြောင်း​ကို သက်သေခံ​တော်မူ​၏။ သင်​တို့​မူကား တစ်ခါမျှ သူ​၏​အသံ​တော်​ကို​မ​ကြား၊ အဆင်း​သဏ္ဌာန်​တော်​ကို​လည်း​မ​မြင်​ဖူး​ကြ။ သူ​၏​နှုတ်ကပတ်​တော်​သည်​လည်း သင်​တို့​၌​မ​တည်​မ​ရှိ။ အဘယ်ကြောင့်​ဆိုသော် ခမည်းတော်​စေလွှတ်​တော်မူ​သော​သူ​ကို သင်​တို့​မ​ယုံကြည်​ကြ​သောကြောင့်​ဖြစ်​၏။ သင်​တို့​သည် ကျမ်းစာ​အားဖြင့် ထာဝရ​အသက်​ကို​ရရှိ​မည်​ဟု​ထင်မှတ်​၍ ကျမ်းစာ​ကို​စူးစမ်း​လေ့လာ​နေ​ကြ​၏။ ထို​ကျမ်းစာ​က​ပင် ငါ့​အကြောင်း​ကို သက်သေခံ​လျက်​ရှိ​၏။ သို့သော် သင်​တို့​သည် အသက်​ကို​ရရှိ​ရန် ငါ့​ထံသို့​မ​လာ​လို​ကြ။

​ရှင်ယောဟန်ခရစ်ဝင် 5:24-40 နှင့်ပတ်သက်သည့် အခမဲ့ ဖတ်ရှုခြင်းအစီအစဉ်နှင့် ဝိညာဉ်ရေးရာအချက်အလက်များ။