YouVersion လိုဂို
ရှာရန် အိုင်ကွန်

ရှင်ယောဟန်ခရစ်ဝင် 5

5
ဗေသေသဒရေကန်ရှိလူနာကို ကျန်းမာစေခြင်း
1ထို့နောက် ဂျူး​လူမျိုး​တို့​၏​ပွဲတော်​ရှိ​သဖြင့် ယေရှု​သည် ဂျေရုဆလင်​မြို့​သို့​တက်​သွား​တော်မူ​၏။ 2ဂျေရုဆလင်​မြို့​၌ သိုး​တံခါး​အနီး​တွင် ဟေဗြဲ​ဘာသာစကား​အားဖြင့် ဗေသေသဒ​ဟု​ခေါ်​သည့် မုခ်ဆောင်​ငါး​ဆောင်​ရှိ​သော​ရေကန်​တစ်​ကန်​ရှိ​၏။ 3ထို​မုခ်ဆောင်​တို့​၌ မျက်မမြင်​များ၊ ခြေ​မသန်စွမ်း​သူ​များ၊ အကြောသေ​ချည့်နဲ့​သူ​များ​နှင့် နာမကျန်း​ဖြစ်​သူ​အမြောက်အမြား​တို့​သည် လဲလျောင်း​နေ​ကြ​၏။ [သူ​တို့​သည် ရေ​လှုပ်ရှား​ခြင်း​ကို စောင့်မျှော်​နေ​ခြင်း​ဖြစ်​၏။ 4အကြောင်းမှာ ကောင်းကင်တမန်​သည် ရေကန်​သို့ တစ်ခါတစ်ရံ​ဆင်း​လာ​ပြီး ရေ​ကို​လှုပ်ရှား​စေ​တတ်​၏။ ထိုသို့ ရေ​လှုပ်ရှား​သည့်​နောက် ရေ​ထဲသို့ အဦးဆုံး​ဆင်း​သော​သူ​သည် မည်သည့်​ရောဂါ​စွဲကပ်​နေ​သည်​ဖြစ်စေ ရောဂါ​ပျောက်ကင်း​တတ်​၏။]
5ထို​နေရာ​တွင် သုံးဆယ့်​ရှစ်​နှစ်​ပတ်လုံး နာမကျန်း​ဖြစ်​သူ​တစ်​ဦး​ရှိ​၏။ 6ထို​သူ​လဲလျောင်း​နေ​သည်​ကို ယေရှု​မြင်​တော်မူ​၍ ကာလ​ကြာမြင့်​စွာ​ခံစား​နေ​ရ​သော​အဖြစ်​ကို​သိ​သဖြင့်“သင်​သည် အကောင်း​ပကတိ​ဖြစ်​လို​သလော”​ဟု မေး​တော်မူ​၏။ 7နာမကျန်း​ဖြစ်​သူ​က “သခင်​ဘုရား၊ ရေ​လှုပ်ရှား​သောအခါ အကျွန်ုပ်​ကို ရေကန်​ထဲသို့​ချ​ပေး​မည့်​သူ​မ​ရှိ​ပါ။ အကျွန်ုပ်​ဆင်းသွား​မည်​ပြု​စဉ်​တွင် အခြား​သော​သူ​သည် အကျွန်ုပ်​ထက် အလျင်​ဦးစွာ​ဆင်း​သွား​ပါ​သည်”​ဟု ပြန်​လျှောက်​လေ​၏။ 8ယေရှု​က​လည်း“ထ​လော့။ သင့်​အိပ်ရာ​ကို​ဆောင်ယူ​၍ လမ်းလျှောက်​လော့”​ဟု မိန့်​တော်မူ​လျှင် 9ထို​သူ​သည် ချက်ချင်း​အကောင်း​ပကတိ​ဖြစ်​လာ​၍ မိမိ​၏​အိပ်ရာ​ကို​ဆောင်ယူ​လျက် လမ်းလျှောက်​လေ​၏။ ထို​နေ့​ကား ဥပုသ်နေ့​ဖြစ်​၏။ 10သို့ဖြစ်၍ ဂျူး​လူမျိုး​တို့​က “ယနေ့​သည် ဥပုသ်နေ့​ဖြစ်​၏။ သင်​သည် ကိုယ့်​အိပ်ရာ​ကို​ဆောင်ယူ​ခြင်း​မှာ တရား​တော်​နှင့်​မ​ညီ”​ဟု ရောဂါ​ပျောက်ကင်း​သော​ထို​သူ​အား ပြောဆို​ကြ​၏။ 11ထို​သူ​က​လည်း “အကျွန်ုပ်​ကို​အကောင်း​ပကတိ​ဖြစ်​စေ​သော​သူ​က ‘သင့်​အိပ်ရာ​ကို​ဆောင်ယူ​၍ လမ်းလျှောက်​လော့’​ဟု အကျွန်ုပ်​အား မိန့်​တော်မူ​ခဲ့​သည်”​ဟု ပြန်​ပြော​လေ​၏။ 12ဂျူး​လူမျိုး​တို့​က​လည်း “‘အိပ်ရာ​ကို​ဆောင်ယူ​၍ လမ်းလျှောက်​လော့’​ဟု သင့်​အား​ဆို​သူ​ကား မည်သူ​နည်း”​ဟု မေးမြန်း​ကြ​၏။ 13သို့ရာတွင် အကောင်း​ပကတိ​ဖြစ်​လာ​သော​သူ​သည် ထိုသို့​မိန့်​တော်မူ​သော​သူ​မှာ မည်သူ​ဖြစ်​သည်​ကို​မ​သိ။ အဘယ်ကြောင့်​ဆိုသော် ထို​အရပ်​၌ လူ​အစုအဝေး​ရှိ​နေ​စဉ် ယေရှု​သည် မထင်မရှား​ထွက်သွား​တော်မူ​သောကြောင့်​ဖြစ်​၏။
14ထို့နောက် ယေရှု​သည် ထို​သူ​ကို ဗိမာန်​တော်​၌​တွေ့​၍“ကြည့်​လော့။ သင်​သည် အကောင်း​ပကတိ​ဖြစ်​လေ​ပြီ။ နောက်တစ်ဖန်​အပြစ်​မ​ပြု​နှင့်။ သို့မဟုတ်​လျှင် ပို၍​ဆိုးရွား​သော​အရာ​သည် သင့်​အပေါ် သက်ရောက်​လိမ့်မည်”​ဟု မိန့်​တော်မူ​၏။ 15ထို​သူ​သည်​သွား​၍ မိမိ​ကို​အကောင်း​ပကတိ​ဖြစ်​စေ​ခဲ့​သူ​မှာ ယေရှု​ဖြစ်​ကြောင်း ဂျူး​လူမျိုး​တို့​အား ပြောကြား​လေ​၏။
ခမည်းတော်နှင့်သားတော်ကိုရိုသေခြင်း
16ယေရှု​သည် ဤ​အရာ​များ​ကို ဥပုသ်နေ့​၌​ပြု​တော်မူ​သောကြောင့် ဂျူး​လူမျိုး​တို့​သည် ကိုယ်တော်​ကို လိုက်လံ​ညှဉ်းဆဲ​ကြ​၏။ 17သို့ရာတွင် ယေရှု​က“ငါ့​ခမည်းတော်​သည် ယခု​တိုင်အောင် အလုပ်​လုပ်​တော်မူ​သည်​ဖြစ်၍ ငါ​သည်​လည်း​အလုပ်​လုပ်​၏”​ဟု သူ​တို့​အား​ပြန်​၍​မိန့်​တော်မူ​၏။ 18ထို​အတွက်​ကြောင့် ဂျူး​လူမျိုး​တို့​သည် ကိုယ်တော်​ကို​သတ်​ရန် ပို၍​ကြိုးစား​ရှာကြံ​ကြ​၏။ အဘယ်ကြောင့်​ဆိုသော် ယေရှု​သည် ဥပုသ်နေ့​ကို​ဖောက်ဖျက်​သည်​သာမက ဘုရားသခင်​ကို​မိမိ​၏​ခမည်းတော်​ဟု​ခေါ်​လျက် မိမိကိုယ်ကို ဘုရားသခင်​နှင့်​တန်းတူ​ထား​သောကြောင့်​ဖြစ်​၏။ 19ထိုအခါ ယေရှု​က“သင်​တို့​အား ငါ​အမှန်အကန်​ဆို​မည်။ သား​တော်​သည် ခမည်းတော်​ပြု​တော်မူ​သော​အရာ​ကို​မြင်​၍ ပြု​ခြင်း​မှတစ်ပါး အခြား​မည်သည့်​အရာ​ကို​မျှ မိမိ​ဆန္ဒ​အလျောက်​မ​ပြု​နိုင်။ အကြောင်းမူကား ခမည်းတော်​ပြု​တော်မူ​သမျှ​အတိုင်း သား​တော်​လည်း​ပြု​၏။ 20ခမည်းတော်​သည် သား​တော်​ကို​ချစ်​တော်မူ​သောကြောင့် မိမိ​ပြု​တော်မူ​သမျှ​တို့​ကို သား​တော်​အား​ပြ​တော်မူ​၏။ သင်​တို့​အံ့သြ​ခြင်း​ရှိ​ကြ​စေရန် ဤ​ထက်​ကြီးမြတ်​သော​အမှု​တို့​ကို​လည်း သား​တော်​အား ပြ​တော်မူ​လိမ့်မည်။ 21ခမည်းတော်​သည် သေလွန်​သော​သူ​တို့​ကို ထမြောက်​စေ​၍ အသက်ရှင်​စေ​တော်မူ​သကဲ့သို့ သား​တော်​သည်​လည်း မိမိ​အလိုရှိ​သော​သူ​တို့​ကို အသက်ရှင်​စေ​၏။ 22-23လူ​အပေါင်း​တို့​သည် ခမည်းတော်​ကို​ရိုသေ​သကဲ့သို့ သား​တော်​ကို​ရိုသေ​ကြ​ရန် ခမည်းတော်​သည် မည်သူ့​ကို​မျှ​တရား​စီရင်​တော်​မ​မူ​ဘဲ တရား​စီရင်​ခြင်း​အခွင့်​ရှိသမျှ​ကို သား​တော်​အား​ပေးအပ်​တော်မူ​ပြီ​။ သား​တော်​ကို​မ​ရိုသေ​သော​သူ​သည် သား​တော်​ကို​စေလွှတ်​တော်မူ​သော ခမည်းတော်​ကို​မ​ရိုသေ​။
ထာဝရအသက်နှင့်အပြစ်စီရင်ခြင်း
24 သင်​တို့​အား ငါ​အမှန်အကန်​ဆို​မည်။ ငါ့​စကား​ကို​နားထောင်​၍ ငါ့​ကို​စေလွှတ်​တော်မူ​သော​သူ​ကို ယုံကြည်​သော​သူ​သည် ထာဝရ​အသက်​ကို​ရရှိ​သည်​ဖြစ်၍ အပြစ်​စီရင်​ခြင်း​ကို​မ​ခံရ​ဘဲ သေ​ခြင်း​မှ အသက်ရှင်​ခြင်း​သို့ ကူးပြောင်း​ပြီ​ဖြစ်​၏။ 25သင်​တို့​အား ငါ​အမှန်အကန်​ဆို​မည်။ သေလွန်​သော​သူ​တို့​သည် ဘုရားသခင်​သား​တော်​၏​အသံ​ကို​ကြား​၍ ကြား​သော​သူ​တို့​သည် အသက်ရှင်​မည့်​အချိန်​ရောက်​လာ​မည်​ဖြစ်ရာ ယခု​ပင်​ရောက်​လာ​လေ​ပြီ။ 26အကြောင်းမူကား ခမည်းတော်​သည် မိမိ​၌​အသက်​ကို​ပိုင်ဆိုင်​တော်မူ​သည်​နည်းတူ သား​တော်​အား​လည်း မိမိ​၌​အသက်​ကို​ပိုင်ဆိုင်​ခွင့်​ပေး​တော်မူ​၏။ 27သား​တော်​သည် လူ့သား​ဖြစ်​သောကြောင့် ခမည်းတော်​သည် တရား​စီရင်​ပိုင်ခွင့်​ကို​လည်း သား​တော်​အား​ပေး​အပ်​တော်မူ​ပြီ။
28 ဤ​အမှုအရာ​ကို အံ့သြ​ခြင်း​မ​ရှိ​ကြ​နှင့်။ သင်္ချိုင်း​များ​၌​ရှိ​သော​သူ​အပေါင်း​တို့​သည် သား​တော်​၏​အသံ​ကို​ကြား​၍ 29ထွက်လာ​မည့်​အချိန်​ရောက်​လာ​လိမ့်မည်။ ကောင်း​သော​အမှု​ကို​ပြု​သော​သူ​တို့​သည် အသက်ရှင်​ခြင်း​နှင့်ဆိုင်သော​ရှင်ပြန်​ထမြောက်​ခြင်း​သို့​လည်းကောင်း၊ ဆိုးညစ်​သော​အမှု​ကို​ပြုကျင့်​သော​သူ​တို့​သည် အပြစ်​စီရင်​ခြင်း​နှင့်ဆိုင်သော​ရှင်ပြန်​ထမြောက်​ခြင်း​သို့​လည်းကောင်း အသီးသီး​ထွက်လာ​ကြ​လိမ့်မည်။ 30ငါ​သည် ကိုယ့်​ဆန္ဒ​အလျောက် မည်သည့်​အရာ​ကို​မျှ​မ​ပြု​နိုင်။ ငါ​သည် ကြား​ရ​သည့်​အတိုင်း​သာ တရား​စီရင်​၍ ကိုယ့်​အလို​မ​ဟုတ်​ဘဲ ငါ့​ကို​စေလွှတ်​တော်မူ​သော​အရှင်​၏​အလို​တော်​ကို လိုက်နာ​သောကြောင့် ငါ​၏​စီရင်​ဆုံးဖြတ်​ချက်​သည် ဖြောင့်မတ်​၏။
ယေရှုကိုသက်သေခံသောအရာလေးပါး
31 ငါ​သည် ကိုယ့်​အကြောင်း​ကို​သက်သေခံ​လျှင် ငါ​၏​သက်သေခံ​ချက်​သည် မှန်ကန်​မှု​မ​ရှိ။ 32ငါ့​အကြောင်း​ကို​သက်သေခံ​သည့် အခြား​သော​အရှင်​တစ်​ပါး​ရှိ​၏။ ထို​အရှင်​ပေး​သည့် ငါ​နှင့်​ပတ်သက်​သော​သက်သေခံ​ချက်​သည် မှန်ကန်​ကြောင်း​ကို ငါ​သိ​၏။
33 သင်​တို့​သည် ယောဟန်​ထံသို့ လူ​ကို​စေလွှတ်​ကြ​ရာ သူ​သည် သမ္မာတရား​ဘက်​၌​သက်သေခံ​ခဲ့​၏။ 34ထိုသို့ဆိုသော် လူ​၏​သက်သေခံ​ချက်​ကို ငါ​ခံယူ​သည်​မ​ဟုတ်။ သို့ရာတွင် သင်​တို့​ကယ်တင်​ခြင်း​ခံရ​ရန် ဤ​အရာ​များ​ကို ငါ​ပြော​၏။ 35ယောဟန်​သည် တောက်လောင်​၍​ထွန်းလင်း​သော​ဆီမီး​ဖြစ်​၏။ သင်​တို့​သည် သူ​၏​အလင်း​၌ ခေတ္တ​ခဏ​ရွှင်မြူး​လို​ကြ​၏။
36 ငါ​၌​မူကား ယောဟန်​ထက် ကြီးမြတ်​သော​သက်သေခံ​ချက်​ရှိ​၏။ ငါ​ပြီးမြောက်​အောင်​ဆောင်ရွက်​ရန် ငါ့​အား​ခမည်းတော်​ပေးအပ်​တော်မူ​သော​အမှု​များ​ဖြစ်​သည့် ယခု​ငါ​ပြု​နေ​သော​အမှု​များ​က​ပင် ခမည်းတော်​သည် ငါ့​အား​စေလွှတ်​တော်မူ​ကြောင်း​ကို သက်သေခံ​ကြ​၏။ 37ငါ့​ကို​စေလွှတ်​တော်မူ​သော ခမည်းတော်​ကိုယ်တိုင်​သည်​လည်း ငါ့​အကြောင်း​ကို သက်သေခံ​တော်မူ​၏။ သင်​တို့​မူကား တစ်ခါမျှ သူ​၏​အသံ​တော်​ကို​မ​ကြား၊ အဆင်း​သဏ္ဌာန်​တော်​ကို​လည်း​မ​မြင်​ဖူး​ကြ။ 38သူ​၏​နှုတ်ကပတ်​တော်​သည်​လည်း သင်​တို့​၌​မ​တည်​မ​ရှိ။ အဘယ်ကြောင့်​ဆိုသော် ခမည်းတော်​စေလွှတ်​တော်မူ​သော​သူ​ကို သင်​တို့​မ​ယုံကြည်​ကြ​သောကြောင့်​ဖြစ်​၏။ 39သင်​တို့​သည် ကျမ်းစာ​အားဖြင့် ထာဝရ​အသက်​ကို​ရရှိ​မည်​ဟု​ထင်မှတ်​၍ ကျမ်းစာ​ကို​စူးစမ်း​လေ့လာ​နေ​ကြ​၏။ ထို​ကျမ်းစာ​က​ပင် ငါ့​အကြောင်း​ကို သက်သေခံ​လျက်​ရှိ​၏။ 40သို့သော် သင်​တို့​သည် အသက်​ကို​ရရှိ​ရန် ငါ့​ထံသို့​မ​လာ​လို​ကြ။
41 ငါ​သည် လူ​တို့​ပေး​သော ဘုန်း​အသရေ​ကို​မ​ခံ​မ​ယူ။ 42မည်သို့ပင်ဖြစ်စေ သင်​တို့​၌ ဘုရားသခင်​ကို​ချစ်​သော​စိတ်​မ​ရှိ​ကြောင်း​ကို ငါ​သိ​၏။ 43ငါ​သည် ငါ့​ခမည်းတော်​၏​နာမ​အားဖြင့် ရောက်လာ​သော်လည်း သင်​တို့​သည် ငါ့​ကို​လက်​မ​ခံ​ကြ။ အခြား​သော​သူ​သည် မိမိ​ကိုယ်ပိုင်​နာမ​အားဖြင့် ရောက်လာ​လျှင် ထို​သူ​ကို သင်​တို့​လက်ခံ​ကြ​လိမ့်မည်။ 44အချင်းချင်း​ပေး​သော ဘုန်း​အသရေ​ကို​ခံယူ​ကြ​ပြီး တစ်ဆူတည်း​သော​ဘုရားသခင်​ပေး​သော ဘုန်း​အသရေ​ကို​မ​လိုလား​သော သင်​တို့​သည် မည်သို့​ယုံကြည်​နိုင်​ကြ​မည်နည်း။
45 ငါ​သည် ခမည်းတော်​ရှေ့၌ သင်​တို့​ကို​စွပ်စွဲ​မည်​ဟု​မ​ထင်​ကြ​နှင့်။ သင်​တို့​ကို​စွပ်စွဲ​သူ​မှာ သင်​တို့​မျှော်လင့်​အားထား​သော​မောရှေ​ပင်​ဖြစ်​၏။ 46မောရှေ​သည် ငါ့​အကြောင်း​ကို​ရေး​ထား​သည်​ဖြစ်၍ သင်​တို့​သည် မောရှေ​ကို​ယုံကြည်​ခဲ့​လျှင် ငါ့​ကို​လည်း ယုံကြည်​ခဲ့​ကြ​ပေ​လိမ့်မည်။ 47သို့ရာတွင် မောရှေ​၏​ကျမ်း​များ​ကို သင်​တို့​မ​ယုံကြည်​ကြ​လျှင် ငါ​၏​စကား​တို့​ကို မည်သို့​ယုံကြည်​ကြ​မည်နည်း”​ဟု မိန့်​တော်မူ​၏။

လက်ရှိရွေးချယ်ထားမှု

ရှင်ယောဟန်ခရစ်ဝင် 5: MSBU

အရောင်မှတ်ချက်

မျှဝေရန်

ကူးယူ

None

မိမိစက်ကိရိယာအားလုံးတွင် မိမိအရောင်ချယ်သောအရာများကို သိမ်းဆည်းထားလိုပါသလား။ စာရင်းသွင်းပါ (သို့) အကောင့်ဝင်လိုက်ပါ

YouVersion သည် မိမိအတွေ့အကြုံကို စိတ်ကြိုက်ပြင်ဆင်ရန် ကွတ်ကီးများကို အသုံးပြုသည်။ ကျွန်ုပ်တို့၏ဝဘ်ဆိုဒ်ကိုအသုံးပြုခြင်းဖြင့် ကျွန်ုပ်တို့၏ ကိုယ်ရေးကိုယ်တာမူဝါဒတွင်ဖော်ပြထားသည့်အတိုင်း ကျွန်ုပ်တို့၏ cookies အသုံးပြုမှုကို လက်ခံပါသည်။