YouVersion လိုဂို
ရှာရန် အိုင်ကွန်

ဟေရှာယ 41:1-10

ဟေရှာယ 41:1-10 Judson Bible (JBMLE)

တစ်​ကျွန်း​တစ်​နိုင်​ငံ​အ​ရပ်​တို့၊ ငါ့​ရှေ့​မှာ ငြိမ်​ဝပ်​စွာ​နေ​ကြ။ လူ​အ​မျိုး​မျိုး​တို့၊ အား​ဖြည့်​ကြ။ ချဉ်း​ကပ်၍​ပြော​ကြ။ တ​ရား​တွေ့​ကြ​ကုန်​အံ့။ ဖြောင့်​မတ်​ခြင်း​မင်္ဂ​လာ လိုက်​တတ်​သော​သူ​ကို အ​ရှေ့​ပြည်​က၊ အ​ဘယ်​သူ ပေါ်​လာ​စေ​သ​နည်း။ လူ​အ​မျိုး​မျိုး​တို့​ကို သူ၌​အပ်၍၊ ရှင်​ဘု​ရင်​တို့​ကို အုပ်​စိုး​စေ​ခြင်း​ငှာ၊ အ​ဘယ်​သူ​စီ​ရင်​သ​နည်း။ ရန်​သူ​တို့​ကို သူ၏​ဓား​ရှေ့​မှာ မြေ​မှုန့်​ကဲ့​သို့​လည်း​ကောင်း၊ သူ၏​လေး​ရှေ့​မှာ လွင့်​သော​ဖွဲ​ကဲ့​သို့​လည်း​ကောင်း အ​ဘယ်​သူ​ဖြစ်​စေ​သ​နည်း။ ရန်​သူ​တို့​ကို လိုက်​ရ၏။ မိ​မိ​ခြေ​မ​နင်း​ဖူး​သော လမ်း​ဖြင့်၊ ဘေး​မ​ရှိ၊ လွန်​သွား​ရ၏။ ထို​အ​မှု​များ​ကို စီ​ရင်​ဖန်​ဆင်း​လျက်၊ ရှေ့​ဦး​စွာ​မှ​စ၍ လူ​မျိုး​အ​စဉ်​အ​ဆက်​တို့​ကို ခေါ်​သော​သူ​သည် အ​ဘယ်​သူ​နည်း​ဟူ​မူ​ကား၊ အ​ဦး​ဆုံး​သော​သူ​ဖြစ်၍၊ နောက်​ဆုံး​သော သူ​တို့​နှင့်​ရှိ​သော ငါ​ထာ​ဝ​ရ​ဘု​ရား​ပေ​တည်း။ တစ်​ကျွန်း​တစ်​နိုင်​ငံ​အ​ရပ်​တို့​သည် မြင်၍ ကြောက်​ကြ၏။ မြေ​ကြီး​စွန်း​သား​တို့​သည် ထိတ်​လန့်​သော​စိတ်​နှင့် ချဉ်း​ကပ်၍ စု​ဝေး​ကြ၏။ အိမ်​နီး​ချင်း တစ်​ယောက်​ကို​တစ်​ယောက် မ​စ၍၊ ညီ​အစ်​ကို​ချင်း တစ်​ယောက်​ကို​တစ်​ယောက်၊ မ​စိုး​ရိမ်​နှင့်​ဟု ဆို​ကြ၏။ ထို​သို့ ပန်း​တဉ်း​သ​မား​သည် ပန်း​ထိမ်​သ​မား​ကို နှိုး​ဆော်​တတ်၏။ သံ​တူ​နှင့် ချော​စေ​သော​သူ​သည်၊ ပေ​ပေါ်​မှာ​ရိုက်​သော​သူ​ကို​လည်း နှိုး​ဆော်၍၊ ဂ​ဟေ​ကောင်း​သည်​ဟု ဆို​တတ်၏။ ရုပ်​တု​ကို မ​လှုပ်​ရှား​စေ​ခြင်း​ငှာ သံ​ချွန်​နှင့် ရိုက်​ထား​တတ်၏။ ငါ့​ကျွန်​ဣ​သ​ရေ​လ၊ ငါ​ရွေး​ချယ်​သော​သူ ယာ​ကုပ်၊ ငါ့​အ​ဆွေ​အာ​ဗြ​ဟံ၏​သား၊ မြေ​ကြီး​အ​စွန်း​အ​နား​မှ ငါ​လက်​ဆွဲ၍​ခေါ်​သော​သူ၊ သင်​သည် ငါ့​ကျွန်​ဖြစ်၏ ဟူ၍​လည်း​ကောင်း၊ သင့်​ကို​ငါ​ရွေး​ချယ်​ပြီ၊ သင့်​ကို မ​ပစ်​မ​ပယ် ဟူ၍​လည်း​ကောင်း၊ က​တိ​ကို​ခံ​ရ​သော​သူ၊ မ​စိုး​ရိမ်​နှင့်။ ငါ​သည် သင့်​ဘက်​မှာ​ရှိ၏။ မ​ကြောက်​နှင့်။ သင်၏​ဘု​ရား​သ​ခင် ငါ​သည် သင့်​ကို​ခိုင်​ခံ့​စေ​မည်။ သင့်​ကို စောင့်​မ​မည်။ ငါ့​သ​စ္စာ​လက်​ယာ​လက်​ဖြင့် ထောက်​ပင့်​မည်။

ဟေရှာယ 41:1-10 Common Language Bible (BCL)

ဘု​ရား​သ​ခင်​က ``အ​ချင်း​ရပ်​ဝေး​နိုင်​ငံ​တို့၊ ဆိတ်​ဆိတ်​နေ​၍ ငါ​ပြော​သည်​ကို​နား​ထောင်​ကြ​လော့။ သင်​တို့​အ​မှု​ကို​ရုံး​တော်​သို့​တင်​ရန်​အ​သင့် ပြင်​ဆင်​ကြ​လော့။ သင်​တို့​သည်​လျှောက်​လဲ​ပြော​ဆို​နိုင်​ခွင့်​ရ​ရှိ​ကြ​လိမ့်​မည်။ အ​ဘယ်​သူ​မှန်​သည်​ကို​စီ​ရင်​ဆုံး​ဖြတ်​ရန် ငါ​တို့​စု​ဝေး​ကြ​ကုန်​အံ့။ အ​ရှေ့​ပြည်​မှ​စစ်​နိုင်​ဘု​ရင်​ကို​အ​ဘယ်​သူ ခေါ်​ဆောင်​တော်​မူ​ခဲ့​ပါ​သ​နည်း။ ရောက်​ရှိ​လေ​ရာ​အ​ရပ်​တို့​တွင် သူ့​အား​အ​ဘယ်​သူ​သည်​အောင်​မြင်​ခွင့်​ကို ပေး​တော်​မူ​ပါ​သ​နည်း။ အ​ဘယ်​သူ​သည်​သူ့​အား​ဘု​ရင်​တ​ကာ​တို့ အ​ပေါ်​၌​လည်း​ကောင်း လူ​မျိုး​တ​ကာ​တို့​အ​ပေါ်​၌​လည်း​ကောင်း အောင်​ပွဲ​ကို​ခံ​စေ​တော်​မူ​ပါ​သ​နည်း။ သူ​၏​ဋ္ဌား​သည်​ရန်​သူ​တို့​အား​မြေ​မှုန့်​သ​ဖွယ် ခုတ်​ချ​တတ်​ပါ​သည်​တ​ကား။ သူ​၏​လေး​မြား​တို့​သည်​လည်း​ထို​သူ​တို့​ကို လေ​တိုက်​ရာ​တွင်​လွင့်​ပါ​သွား​သည့်​ဖွဲ​ကဲ့​သို့ ကွဲ​လွင့်​စေ​တတ်​ပါ​သည်​တ​ကား။ သူ​သည်​ရန်​သူ​တို့​အား​လိုက်​လံ​တိုက်​ခိုက်​ကာ ဘေး​မဲ့​လုံ​ခြုံ​စွာ​ဆက်​လက်​ချီ​တက်​ရာ​တွင် လျင်​မြန်​လှ​သ​ဖြင့် သူ​၏​ခြေ​သည်​မြေ​၌​ပင်​မ​ထိ​တော့ ပါ​တ​ကား။ ဤ​သို့​ဖြစ်​ပျက်​စေ​သူ​ကား​အ​ဘယ်​သူ​နည်း။ အ​ဘယ်​သူ​သည်​သ​မိုင်း​၏​ဖြစ်​ရပ်​များ​ကို စီ​ရင်​ဖန်​တီး​တော်​မူ​ပါ​သ​နည်း။ ငါ​ထာ​ဝ​ရ​ဘု​ရား​သည်​ကပ်​ကာ​လ​အ​စ က​ပင်​လျှင် ရှိ​နေ​တော်​မူ​ခဲ့​၍၊ ထာ​ဝ​ရ​အ​ရှင်​ငါ​ဘု​ရား​သ​ခင်​သည်​ကပ် ကာ​လ အ​ဆုံး​၌​လည်း​ရှိ​နေ​တော်​မူ​လတ္တံ့။ ``ရပ်​ဝေး​နိုင်​ငံ​များ​မှ​လူ​တို့​သည်​ငါ​ပြု သည့်​အ​မှု​ကို တွေ့​မြင်​ရ​ကြ​လေ​ပြီ။ သူ​တို့​သည်​ထိတ်​လန့်​လျက်​ကြောက်​ဒူး​တုန်​၍ နေ​ကြ​သ​ဖြင့် လာ​ရောက်​စု​ဝေး​ကြ​ကုန်​၏။ လက်​မှု​ပ​ညာ​သည်​တို့​သည်​အ​ချင်း​ချင်း​ကူ​ညီ ရိုင်း​ပင်း​လျက်​အား​ပေး​စ​ကား​ပြော​ကြား​ကြ​၏။ လက်​သ​မား​က​ပန်း​ထိမ်​သည်​အား `သင်​၏​လက်​ရာ​သည်​ကောင်း​လေ​စွ' ဟု​ဆို​၏။ ရုပ်​တု​ကို​အ​ချော​ထု​ရိုက်​သူ​က ယင်း​၏​အ​စိတ်​အ​ပိုင်း​များ​ကို​ဆက်​စပ်​သူ​အား၊ အား​ပေး​စ​ကား​ပြော​ကြား​လေ​၏။ `ဂ​ဟေ​ဆက်​ပုံ​မှာ​ကောင်း​ပေ​သည်' ဟု ပြော​ဆို​သူ​က​ပြော​ဆို​လျက်၊ သူ​တို့​သည်​ရုပ်​တု​ကို​နေ​ရာ​တ​ကျ​သံ​နှင့်​ရိုက်​၍ စိုက်​ထူ​ထား​ကြ​တော့​၏။ ``သို့​ရာ​တွင်​ငါ​၏​အ​စေ​ခံ​ဣ​သ​ရေ​လ​အ​မျိုး သား​တို့၊ ငါ​ရွေး​ချယ်​ထား​သည့်​သင်​တို့​သည်​ငါ​၏​မိတ်​ဆွေ အာ​ဗြ​ဟံ​၏​သား​မြေး​များ​ဖြစ်​ကြ​၏။ ငါ​သည်​သင်​တို့​အား​ကမ္ဘာ​မြေ​ကြီး​အ​စွန်း​မှ ခေါ်​ယူ​ခဲ့​၏။ မြေ​စွန်း​ရပ်​ဖျား​များ​မှ​ခေါ်​ယူ​ကာ၊သင်​တို့​သည် ကား၊ ငါ​၏​အ​စေ​ခံ​များ​တည်း​ဟု​ဆို​ခဲ့​၏။ ငါ​သည်​သင်​တို့​အား​ပစ်​ပယ်​မည့်​အ​စား ရွေး​ချယ်​တော်​မူ​ခဲ့​၏။ မ​ကြောက်​ကြ​နှင့်၊ ငါ​သည်​သင်​တို့​နှင့်​အ​တူ ရှိ​၏။ ငါ​သည်​သင်​တို့​၏​ဘု​ရား​သ​ခင်​ဖြစ်​တော် မူ​၏။ အ​ဘယ်​အ​မှု​အ​ရာ​ကို​မျှ​ငါ​တို့​အား​တုန်​လှုပ် ချောက်​ချား​မှု​မ​ဖြစ်​စေ​နှင့်။ ငါ​သည်​သင်​တို့​အား​ကြံ့​ခိုင်​စေ​၍​ကူ​မ​မည်။ သင်​တို့​ကို​ကာ​ကွယ်​စောင့်​ရှောက်​၍ ကယ်​တင်​မည်။

ဟေရှာယ 41:1-10 မြန်​​​မာ့​​​စံ​​​မီ​​​သမ္မာ​​​ကျမ်း​​ (MSBU)

ကမ်းရိုးတန်းဒေသ​တို့​၊ ငါ့​ရှေ့​မှာ​တိတ်ဆိတ်​စွာ​နေ​ကြ​လော့​။ လူမျိုးတကာ​တို့​၊ အား​သစ်​မွေး​ကြ​။ လာ​၍ တိုင်ပင်ဆွေးနွေး​ကြ​။ တရားဆိုင်​ဖို့ အတူတူ​ဆုံ​၍ တရားဆိုင်​ကြ​စို့​။ ဖြောင့်မတ်​သော​သူ​ကို အရှေ့​အရပ်​မှ ပေါ်ထွန်း​စေ​သော​သူ​ကား မည်သူ​နည်း​။ သူ့​ထံ လူမျိုးတကာ​တို့​ကို အပ်နှံ​သော​သူ​၊ သူ့​အား ရှင်ဘုရင်​တို့​ကို အုပ်စိုး​ရ​သော​အခွင့် ပေး​သော​သူ​ကား မည်သူ​နည်း​။ ထို​သူ​တို့​ကို သူ​၏​ဓား​ဖြင့် မြေမှုန့်​ကဲ့သို့​ဖြစ်စေ​၍ သူ​၏​လေး​ဖြင့် ဖွဲ​ကဲ့သို့​လွင့်​စေ​သော​သူ​ကား မည်သူ​နည်း​။ မိမိ​ခြေ​မ​ချ​ဖူး​သော​လမ်း​ဖြင့် ထို​သူ​တို့​ကို လိုက်လံတိုက်ခိုက်​ရာ​၌ ဘေးကင်းလုံခြုံ​ခွင့်​ကို​ပေး​သော​သူ​ကား မည်သူ​နည်း​။ အစအဦး​ကပင် မျိုးဆက်​တစ်ဆက်​ပြီး​တစ်ဆက် ပေါ်ထွန်း​စေ​သော​အမှု​ကို ပြု​သော​သူ​ကား မည်သူ​နည်း​။ ထို​သူ​ကား အဦးဆုံး​သော​သူ​ဖြစ်၍ နောက်ဆုံး​သော​သူ​တို့​နှင့်အတူ​ရှိ​သော ငါ​ထာဝရဘုရား​ပင်တည်း​။ ကမ်းရိုးတန်းဒေသ​တို့​သည် မြင်​၍ ကြောက်ရွံ့​ကြ​ပြီ​။ မြေကြီး​စွန်း​တို့​သည် ကြောက်ရွံ့တုန်လှုပ်​ကြ​ပြီ​။ သူ​တို့​သည် ချဉ်းကပ်​လာ​ကြ​ပြီ​။ သူ​တို့​အချင်းချင်း ကူညီမစ​ကြ​၏​။ မိမိ​ညီအစ်ကို​အား “​အားယူ​လော့​”​ဟု ဆို​ကြ​၏​။ ပန်းတဉ်းသမား​သည် ပန်းထိမ်သမား​ကို အားပေး​၏​။ တူ​နှင့်​အချောသပ်​သော​သူ​သည် ပေ​ပေါ်တွင် ထု​သော​သူ​ကို အားပေး​၏​။ ဂဟေဆက်​ထား​သည်​မှာ “​ကောင်း​သည်​”​ဟု ဆို​၏​။ သူ​တို့​သည် ရုပ်တု​ကို ခိုင်ခံ့​စေရန် သံ​ဖြင့် ရိုက်​ထား​ကြ​၏​။ သို့သော် ငါ့​အစေအပါး အစ္စရေး​၊ ငါ​ရွေးချယ်​သော​သူ ယာကုပ်​၊ ငါ့​မိတ်ဆွေ အာဗြဟံ​၏​သားစဉ်မြေးဆက်​၊ မြေကြီး​စွန်း​မှ ငါ​ဆွဲလာ​သူ​၊ အဝေးဆုံး​အရပ်​မှ ငါ​ခေါ်လာ​သူ “​သင်​သည် ငါ​၏​အစေအပါး​ဖြစ်​၏​။ သင့်​ကို ငါ​ရွေးချယ်​ပြီ​။ သင့်​ကို ငါ​မ​စွန့်ပစ်​”​ဟု သင့်​အား ငါ​မိန့်ဆို​၏​။ မ​ကြောက်​နှင့်​၊ ငါ​သည် သင်​နှင့်အတူ​ရှိ​၏​။ မ​စိုးရိမ်​နှင့်​။ ငါ​သည် သင်​၏​ဘုရားသခင်​ဖြစ်​၏​။ အကယ်စင်စစ် သင့်​ကို ခိုင်ခံ့​စေ​မည်​။ သင့်​ကို ကူညီမစ​မည်​။ ငါ​၏​ဖြောင့်မတ်​သော​လက်ယာ​လက်​ဖြင့် သင့်​ကို ငါ​ထောက်မ​မည်​။

YouVersion သည် မိမိအတွေ့အကြုံကို စိတ်ကြိုက်ပြင်ဆင်ရန် ကွတ်ကီးများကို အသုံးပြုသည်။ ကျွန်ုပ်တို့၏ဝဘ်ဆိုဒ်ကိုအသုံးပြုခြင်းဖြင့် ကျွန်ုပ်တို့၏ ကိုယ်ရေးကိုယ်တာမူဝါဒတွင်ဖော်ပြထားသည့်အတိုင်း ကျွန်ုပ်တို့၏ cookies အသုံးပြုမှုကို လက်ခံပါသည်။