YouVersion လိုဂို
ရှာရန် အိုင်ကွန်

ဟေရှာယအနာဂတ္တိကျမ်း 41

41
လူမျိုးတကာတို့၏ဘုရားအများနှင့် ဘုရားသခင်တရားဆိုင်ခြင်း
1ကမ်းရိုးတန်းဒေသ​တို့​၊ ငါ့​ရှေ့​မှာ​တိတ်ဆိတ်​စွာ​နေ​ကြ​လော့​။ လူမျိုးတကာ​တို့​၊ အား​သစ်​မွေး​ကြ​။ လာ​၍ တိုင်ပင်ဆွေးနွေး​ကြ​။ တရားဆိုင်​ဖို့ အတူတူ​ဆုံ​၍ တရားဆိုင်​ကြ​စို့​။ 2ဖြောင့်မတ်​သော​သူ​ကို အရှေ့​အရပ်​မှ ပေါ်ထွန်း​စေ​သော​သူ​ကား မည်သူ​နည်း​။ သူ့​ထံ လူမျိုးတကာ​တို့​ကို အပ်နှံ​သော​သူ​၊ သူ့​အား ရှင်ဘုရင်​တို့​ကို အုပ်စိုး​ရ​သော​အခွင့် ပေး​သော​သူ​ကား မည်သူ​နည်း​။ ထို​သူ​တို့​ကို သူ​၏​ဓား​ဖြင့် မြေမှုန့်​ကဲ့သို့​ဖြစ်စေ​၍ သူ​၏​လေး​ဖြင့် ဖွဲ​ကဲ့သို့​လွင့်​စေ​သော​သူ​ကား မည်သူ​နည်း​။ 3မိမိ​ခြေ​မ​ချ​ဖူး​သော​လမ်း​ဖြင့် ထို​သူ​တို့​ကို လိုက်လံတိုက်ခိုက်​ရာ​၌ ဘေးကင်းလုံခြုံ​ခွင့်​ကို​ပေး​သော​သူ​ကား မည်သူ​နည်း​။ 4အစအဦး​ကပင် မျိုးဆက်​တစ်ဆက်​ပြီး​တစ်ဆက် ပေါ်ထွန်း​စေ​သော​အမှု​ကို ပြု​သော​သူ​ကား မည်သူ​နည်း​။ ထို​သူ​ကား အဦးဆုံး​သော​သူ​ဖြစ်၍ နောက်ဆုံး​သော​သူ​တို့​နှင့်အတူ​ရှိ​သော ငါ​ထာဝရဘုရား​ပင်တည်း​။#ဟေရှာ 44:6၊ 48:12၊ ဗျာ 1:17၊ 2:8၊ 21:6။ 5ကမ်းရိုးတန်းဒေသ​တို့​သည် မြင်​၍ ကြောက်ရွံ့​ကြ​ပြီ​။ မြေကြီး​စွန်း​တို့​သည် ကြောက်ရွံ့တုန်လှုပ်​ကြ​ပြီ​။ သူ​တို့​သည် ချဉ်းကပ်​လာ​ကြ​ပြီ​။ 6သူ​တို့​အချင်းချင်း ကူညီမစ​ကြ​၏​။ မိမိ​ညီအစ်ကို​အား “​အားယူ​လော့​”​ဟု ဆို​ကြ​၏​။ 7ပန်းတဉ်းသမား​သည် ပန်းထိမ်သမား​ကို အားပေး​၏​။ တူ​နှင့်​အချောသပ်​သော​သူ​သည် ပေ​ပေါ်တွင် ထု​သော​သူ​ကို အားပေး​၏​။ ဂဟေဆက်​ထား​သည်​မှာ “​ကောင်း​သည်​”​ဟု ဆို​၏​။ သူ​တို့​သည် ရုပ်တု​ကို ခိုင်ခံ့​စေရန် သံ​ဖြင့် ရိုက်​ထား​ကြ​၏​။ 8သို့သော် ငါ့​အစေအပါး အစ္စရေး​၊ ငါ​ရွေးချယ်​သော​သူ ယာကုပ်​၊ ငါ့​မိတ်ဆွေ အာဗြဟံ​၏​သားစဉ်မြေးဆက်​၊ 9မြေကြီး​စွန်း​မှ ငါ​ဆွဲလာ​သူ​၊ အဝေးဆုံး​အရပ်​မှ ငါ​ခေါ်လာ​သူ “​သင်​သည် ငါ​၏​အစေအပါး​ဖြစ်​၏​။ သင့်​ကို ငါ​ရွေးချယ်​ပြီ​။ သင့်​ကို ငါ​မ​စွန့်ပစ်​”​ဟု သင့်​အား ငါ​မိန့်ဆို​၏​။ 10မ​ကြောက်​နှင့်​၊ ငါ​သည် သင်​နှင့်အတူ​ရှိ​၏​။ မ​စိုးရိမ်​နှင့်​။ ငါ​သည် သင်​၏​ဘုရားသခင်​ဖြစ်​၏​။ အကယ်စင်စစ် သင့်​ကို ခိုင်ခံ့​စေ​မည်​။ သင့်​ကို ကူညီမစ​မည်​။ ငါ​၏​ဖြောင့်မတ်​သော​လက်ယာ​လက်​ဖြင့် သင့်​ကို ငါ​ထောက်မ​မည်​။ 11သင့်​ကို အမျက်ထွက်​သော​သူ​အားလုံး အရှက်ကွဲ​ရ​လိမ့်မည်​၊ အသရေပျက်​ရ​လိမ့်မည်​။ သင့်​ကို​ရန်ပြု​သော​သူ​တို့​သည် ဘာမျှမဟုတ်​သော​သူ​ကဲ့သို့​ဖြစ်သွား​ပြီး ပျက်စီး​ခြင်း​သို့​ရောက်​ကြ​ရ​လိမ့်မည်​။ 12သင့်​ကို ရန်မူ​သော​သူ​တို့​ကို သင်​ရှာ​သော်လည်း တွေ့​လိမ့်မည်​မ​ဟုတ်​။ သင့်​ကို တိုက်ခိုက်​သော​သူ​တို့​သည် ဘာမျှမဟုတ်​သော​သူ​၊ အရာမရောက်​သော​သူ​ကဲ့သို့ ဖြစ်သွား​ကြ​လိမ့်မည်​။ 13သင်​၏​ဘုရားသခင် ငါ​ထာဝရဘုရား​သည် သင်​၏​လက်ယာ​လက်​ကို​ကိုင်​လျက် သင့်​အား “​မ​ကြောက်​နှင့်​။ သင့်​ကို​ငါ​ကူညီမစ​မည်​”​ဟု မြွက်ဆို​သော​သူ​ဖြစ်​၏​။ 14“​အို ပိုးကောင်​ယာကုပ်​၊ အို အစ္စရေး​လူမျိုး​တို့​၊ မ​ကြောက်​နှင့်​။ သင့်​ကို ငါ​ကူညီမစ​မည်​”​ဟု ထာဝရဘုရား မိန့်​တော်မူ​၏​။ သင့်​ကို​ရွေးနုတ်​သော​သူ​သည် အစ္စရေး​လူမျိုး​၏​သန့်ရှင်း​သော​အရှင် ဖြစ်​တော်မူ​၏​။ 15ကြည့်ရှု​လော့​။ ငါ​သည် သင့်​ကို အသွား​ထက်​သည့် ကောက်နယ်​တန်ဆာပလာ​အသစ်​ဖြစ်စေ​မည်​။ သင်​သည် တောင်ကြီး​တို့​ကို နင်းနယ်​၍ ညက်ညက်ကြေ​စေ​မည်​။ တောင်ငယ်​တို့​ကို ဖွဲ​ကဲ့သို့​ဖြစ်စေ​မည်​။ 16ထို​တောင်​တို့​ကို သင်​သည် လှေ့​မည်​။ လေ​သည် သယ်ဆောင်​သွား​မည်​။ မုန်တိုင်း​သည် လွင့်စဉ်​စေ​မည်​။ သင်​သည် ထာဝရဘုရား​၌ ရွှင်လန်း​မည်​။ အစ္စရေး​လူမျိုး​၏​သန့်ရှင်း​သော​ဘုရား​၌ ဝါကြွား​မည်​။ 17ဆင်းရဲ​နွမ်းပါး​သော​သူ​တို့​သည် ရေ​ကို​ရှာ​ကြ​၏​။ ရေ​မ​ရှိ​သောကြောင့် သူ​တို့​သည် ရေငတ်​၍ အာခေါင်​ခြောက်ကပ်​သောအခါ ငါ​ထာဝရဘုရား​သည် သူ​တို့​ကို​ထူး​မည်​။ အစ္စရေး​လူမျိုး​၏​ဘုရားသခင် ငါ​သည် သူ​တို့​ကို စွန့်ပစ်​မည်​မ​ဟုတ်​။ 18ငါ​သည် တောင်ကတုံး​ပေါ်တွင် မြစ်​ကို​လည်းကောင်း​၊ ချိုင့်ဝှမ်း​အလယ်​တွင် စမ်းရေ​ကို​လည်းကောင်း စီးဆင်း​စေ​မည်​။ တောကန္တာရ​ကို ရေအိုင်​ဖြစ်စေ​၍ ခြောက်သွေ့​သော​အရပ်​ကို စမ်းရေတွင်း​ဖြစ်စေ​မည်​။ 19တောကန္တာရ​၌ သစ်ကတိုးပင်​၊ အကေရှားပင်#41:19 “ထနောင်းမျိုး”။​၊ မုရတုပင်#41:19 “ချုံပင်တစ်မျိုး”။​၊ သံလွင်ပင်​တို့​ကို ပေါက်​စေ​မည်​။ သဲကန္တာရ​၌ ထင်းရှူးပင်​၊ တဒေရပင်#41:19 “ထင်းရှူးပင်တစ်မျိုး”။​၊ ကျောက်ပန်းပင်​တို့​ကို အတူတကွ ပေါက်ရောက်​စေ​မည်​။ 20ထိုသို့​သော​အားဖြင့် ထာဝရဘုရား​၏​လက်​တော်​သည် ဤ​အမှု​ကို​ပြု​တော်မူ​ကြောင်း​၊ အစ္စရေး​လူမျိုး​၏​သန့်ရှင်း​သော​အရှင်​သည် ဤ​အမှု​ကို​ဖြစ်စေ​တော်မူ​ကြောင်း လူ​အားလုံး တွေ့မြင်​သိရှိ​ကြ​လိမ့်မည်​။ ဆင်ခြင်​နားလည်​ကြ​လိမ့်မည်​။ 21“​သင်​တို့​၏​အမှု​ကို တင်ပြ​ကြ​လော့​”​ဟု ထာဝရဘုရား​မိန့်​တော်မူ​၏​။ “​သင်​တို့​၏​ခိုင်လုံ​သော​သက်သေ​တို့​ကို ယူဆောင်​လာ​ကြ​လော့​”​ဟု ယာကုပ်​အမျိုး​၏​ရှင်ဘုရင်​မိန့်​တော်မူ​၏​။ 22သူ​တို့​သည် ထို​သက်သေ​တို့​ကို ယူဆောင်​လာ​ကြ​ပါစေ​။ မည်သည့်​အရာ​များ ဖြစ်ပျက်​လိမ့်မည်​ကို ငါ​တို့​အား ပြောပြ​ကြ​ပါစေ​။ ယခင်က မည်သည့်​အရာ​များ​ဖြစ်ပျက်​ခဲ့​သည်​ကို ငါ​တို့​အား​ပြောပြ​ကြ​လော့​။ သို့မှသာ ငါ​တို့​ဆင်ခြင်​၍ ထို​အရာ​တို့​၏​အကျိုးဆက်​ကို​သိ​နိုင်​မည်​။ သို့မဟုတ် ဖြစ်လာ​မည့်​အရာ​များ​ကို ငါ​တို့​အား​ပြောကြား​ကြ​လော့​။ 23သင်​တို့​သည် ဘုရား​များ​ဖြစ်​သည်​ကို ငါ​တို့​သိရှိ​နိုင်​မည့်​အကြောင်း နောင်​ဖြစ်လာ​မည့်​အရာ​တို့​ကို ပြောပြ​ကြ​လော့​။ ငါ​တို့​အားလုံး မြင်​၍ အံ့ဩ​တုန်လှုပ်​သွား​အောင် ကောင်း​သော​အမှု​ကို​ဖြစ်စေ​၊ ဆိုးညစ်​သော​အမှု​ကို​ဖြစ်စေ လုပ်ပြ​ကြ​လော့​။ 24သင်​တို့​သည် ဘာမျှမဟုတ်​သော​အရာ​ဖြစ်​၏​။ သင်​တို့​၏​လုပ်ဆောင်ချက်​သည် အချည်းနှီးသက်သက်​ဖြစ်​၏​။ သင်​တို့​ကို ရွေးချယ်​သော​သူ​သည် စက်ဆုပ်ရွံရှာဖွယ်​ဖြစ်​၏​။ 25မြောက်အရပ်​မှ တစ်စုံတစ်ဦး​ကို ငါ​လှုံ့ဆော်​၍ သူ​သည် နေထွက်​ရာ​အရပ်​မှ​လာ​လေ​ပြီ​။ သူ​သည် ငါ့​နာမ​ကို​ဟစ်ခေါ်​လိမ့်မည်​။ အိုးထိန်းသည်​သည် မြေစေး​ကို​နင်း​သကဲ့သို့ သူ​သည် မင်းအရာရှိ​တို့​ကို ရွှံ့​သဖွယ်​နင်း​လိမ့်မည်​။ 26ငါ​တို့ သိရှိ​နိုင်​ရန် အစအဦး​ကတည်းက မည်သူ​ပြောပြ​ဖူး​သနည်း​။ “​မှန်ပေ​၏​”​ဟု ငါ​တို့​ပြော​နိုင်​ရန် မည်သူ​ကြိုတင်​ပြောပြ​ဖူး​သနည်း​။ ပြောပြ​သော​သူ တစ်ယောက်မျှ​မ​ရှိ​။ ပြောကြား​သော​သူ တစ်ယောက်မျှ​မ​ရှိ​။ သင်​တို့​စကား​ကို ကြား​ဖူး​သော​သူ တစ်ယောက်​မျှ​မ​ရှိ​။ 27ဇိအုန်​တောင်​အား “​ကြည့်ရှု​လော့​။ သူ​တို့​ကို​ကြည့်ရှု​လော့​”​ဟု အဦးဆုံး ပြော​သော​သူ​မှာ ငါ​ဖြစ်​၏​။ ကောင်းမြတ်​သော​သတင်း​ယူဆောင်​လာ​သော​သူ​ကို ဂျေရုဆလင်​မြို့​သို့ ငါ​စေလွှတ်​၏​။ 28ငါ​ကြည့်ရှု​သောအခါ တစ်စုံတစ်ယောက်​မျှ​မ​ရှိ​။ ငါ​မေးမြန်း​သောအခါ သူ​တို့​ထဲတွင် ပြန်​ဖြေကြား​နိုင်​သော​သူ တစ်ယောက်​မျှ​မ​ရှိ​၊ အကြံပေး​နိုင်​သော​သူ တစ်ယောက်​မျှ​မ​ရှိ​။ 29သူ​တို့​အားလုံး​သည် အနတ္တသက်သက်​၊ သူ​တို့​ပြု​သော​အမှု​တို့​သည် အချည်းနှီးသက်သက်​၊ သူ​တို့​သွန်းလုပ်သောရုပ်တု​တို့​သည် အလဟဿ​၊ အချည်းနှီး​ဖြစ်​၏​။

လက်ရှိရွေးချယ်ထားမှု

ဟေရှာယအနာဂတ္တိကျမ်း 41: MSBU

အရောင်မှတ်ချက်

မျှဝေရန်

ကူးယူ

None

မိမိစက်ကိရိယာအားလုံးတွင် မိမိအရောင်ချယ်သောအရာများကို သိမ်းဆည်းထားလိုပါသလား။ စာရင်းသွင်းပါ (သို့) အကောင့်ဝင်လိုက်ပါ

YouVersion သည် မိမိအတွေ့အကြုံကို စိတ်ကြိုက်ပြင်ဆင်ရန် ကွတ်ကီးများကို အသုံးပြုသည်။ ကျွန်ုပ်တို့၏ဝဘ်ဆိုဒ်ကိုအသုံးပြုခြင်းဖြင့် ကျွန်ုပ်တို့၏ ကိုယ်ရေးကိုယ်တာမူဝါဒတွင်ဖော်ပြထားသည့်အတိုင်း ကျွန်ုပ်တို့၏ cookies အသုံးပြုမှုကို လက်ခံပါသည်။