YouVersion လိုဂို
ရှာရန် အိုင်ကွန်

ဟေ​ရှာ​ယ 41:1-10

ဟေ​ရှာ​ယ 41:1-10 BCL

ဘု​ရား​သ​ခင်​က ``အ​ချင်း​ရပ်​ဝေး​နိုင်​ငံ​တို့၊ ဆိတ်​ဆိတ်​နေ​၍ ငါ​ပြော​သည်​ကို​နား​ထောင်​ကြ​လော့။ သင်​တို့​အ​မှု​ကို​ရုံး​တော်​သို့​တင်​ရန်​အ​သင့် ပြင်​ဆင်​ကြ​လော့။ သင်​တို့​သည်​လျှောက်​လဲ​ပြော​ဆို​နိုင်​ခွင့်​ရ​ရှိ​ကြ​လိမ့်​မည်။ အ​ဘယ်​သူ​မှန်​သည်​ကို​စီ​ရင်​ဆုံး​ဖြတ်​ရန် ငါ​တို့​စု​ဝေး​ကြ​ကုန်​အံ့။ အ​ရှေ့​ပြည်​မှ​စစ်​နိုင်​ဘု​ရင်​ကို​အ​ဘယ်​သူ ခေါ်​ဆောင်​တော်​မူ​ခဲ့​ပါ​သ​နည်း။ ရောက်​ရှိ​လေ​ရာ​အ​ရပ်​တို့​တွင် သူ့​အား​အ​ဘယ်​သူ​သည်​အောင်​မြင်​ခွင့်​ကို ပေး​တော်​မူ​ပါ​သ​နည်း။ အ​ဘယ်​သူ​သည်​သူ့​အား​ဘု​ရင်​တ​ကာ​တို့ အ​ပေါ်​၌​လည်း​ကောင်း လူ​မျိုး​တ​ကာ​တို့​အ​ပေါ်​၌​လည်း​ကောင်း အောင်​ပွဲ​ကို​ခံ​စေ​တော်​မူ​ပါ​သ​နည်း။ သူ​၏​ဋ္ဌား​သည်​ရန်​သူ​တို့​အား​မြေ​မှုန့်​သ​ဖွယ် ခုတ်​ချ​တတ်​ပါ​သည်​တ​ကား။ သူ​၏​လေး​မြား​တို့​သည်​လည်း​ထို​သူ​တို့​ကို လေ​တိုက်​ရာ​တွင်​လွင့်​ပါ​သွား​သည့်​ဖွဲ​ကဲ့​သို့ ကွဲ​လွင့်​စေ​တတ်​ပါ​သည်​တ​ကား။ သူ​သည်​ရန်​သူ​တို့​အား​လိုက်​လံ​တိုက်​ခိုက်​ကာ ဘေး​မဲ့​လုံ​ခြုံ​စွာ​ဆက်​လက်​ချီ​တက်​ရာ​တွင် လျင်​မြန်​လှ​သ​ဖြင့် သူ​၏​ခြေ​သည်​မြေ​၌​ပင်​မ​ထိ​တော့ ပါ​တ​ကား။ ဤ​သို့​ဖြစ်​ပျက်​စေ​သူ​ကား​အ​ဘယ်​သူ​နည်း။ အ​ဘယ်​သူ​သည်​သ​မိုင်း​၏​ဖြစ်​ရပ်​များ​ကို စီ​ရင်​ဖန်​တီး​တော်​မူ​ပါ​သ​နည်း။ ငါ​ထာ​ဝ​ရ​ဘု​ရား​သည်​ကပ်​ကာ​လ​အ​စ က​ပင်​လျှင် ရှိ​နေ​တော်​မူ​ခဲ့​၍၊ ထာ​ဝ​ရ​အ​ရှင်​ငါ​ဘု​ရား​သ​ခင်​သည်​ကပ် ကာ​လ အ​ဆုံး​၌​လည်း​ရှိ​နေ​တော်​မူ​လတ္တံ့။ ``ရပ်​ဝေး​နိုင်​ငံ​များ​မှ​လူ​တို့​သည်​ငါ​ပြု သည့်​အ​မှု​ကို တွေ့​မြင်​ရ​ကြ​လေ​ပြီ။ သူ​တို့​သည်​ထိတ်​လန့်​လျက်​ကြောက်​ဒူး​တုန်​၍ နေ​ကြ​သ​ဖြင့် လာ​ရောက်​စု​ဝေး​ကြ​ကုန်​၏။ လက်​မှု​ပ​ညာ​သည်​တို့​သည်​အ​ချင်း​ချင်း​ကူ​ညီ ရိုင်း​ပင်း​လျက်​အား​ပေး​စ​ကား​ပြော​ကြား​ကြ​၏။ လက်​သ​မား​က​ပန်း​ထိမ်​သည်​အား `သင်​၏​လက်​ရာ​သည်​ကောင်း​လေ​စွ' ဟု​ဆို​၏။ ရုပ်​တု​ကို​အ​ချော​ထု​ရိုက်​သူ​က ယင်း​၏​အ​စိတ်​အ​ပိုင်း​များ​ကို​ဆက်​စပ်​သူ​အား၊ အား​ပေး​စ​ကား​ပြော​ကြား​လေ​၏။ `ဂ​ဟေ​ဆက်​ပုံ​မှာ​ကောင်း​ပေ​သည်' ဟု ပြော​ဆို​သူ​က​ပြော​ဆို​လျက်၊ သူ​တို့​သည်​ရုပ်​တု​ကို​နေ​ရာ​တ​ကျ​သံ​နှင့်​ရိုက်​၍ စိုက်​ထူ​ထား​ကြ​တော့​၏။ ``သို့​ရာ​တွင်​ငါ​၏​အ​စေ​ခံ​ဣ​သ​ရေ​လ​အ​မျိုး သား​တို့၊ ငါ​ရွေး​ချယ်​ထား​သည့်​သင်​တို့​သည်​ငါ​၏​မိတ်​ဆွေ အာ​ဗြ​ဟံ​၏​သား​မြေး​များ​ဖြစ်​ကြ​၏။ ငါ​သည်​သင်​တို့​အား​ကမ္ဘာ​မြေ​ကြီး​အ​စွန်း​မှ ခေါ်​ယူ​ခဲ့​၏။ မြေ​စွန်း​ရပ်​ဖျား​များ​မှ​ခေါ်​ယူ​ကာ၊သင်​တို့​သည် ကား၊ ငါ​၏​အ​စေ​ခံ​များ​တည်း​ဟု​ဆို​ခဲ့​၏။ ငါ​သည်​သင်​တို့​အား​ပစ်​ပယ်​မည့်​အ​စား ရွေး​ချယ်​တော်​မူ​ခဲ့​၏။ မ​ကြောက်​ကြ​နှင့်၊ ငါ​သည်​သင်​တို့​နှင့်​အ​တူ ရှိ​၏။ ငါ​သည်​သင်​တို့​၏​ဘု​ရား​သ​ခင်​ဖြစ်​တော် မူ​၏။ အ​ဘယ်​အ​မှု​အ​ရာ​ကို​မျှ​ငါ​တို့​အား​တုန်​လှုပ် ချောက်​ချား​မှု​မ​ဖြစ်​စေ​နှင့်။ ငါ​သည်​သင်​တို့​အား​ကြံ့​ခိုင်​စေ​၍​ကူ​မ​မည်။ သင်​တို့​ကို​ကာ​ကွယ်​စောင့်​ရှောက်​၍ ကယ်​တင်​မည်။