YouVersion လိုဂို
ရှာရန် အိုင်ကွန်

ဟေရှာယအနာဂတ္တိကျမ်း 41:1-10

ဟေရှာယအနာဂတ္တိကျမ်း 41:1-10 MSBU

ကမ်းရိုးတန်းဒေသ​တို့​၊ ငါ့​ရှေ့​မှာ​တိတ်ဆိတ်​စွာ​နေ​ကြ​လော့​။ လူမျိုးတကာ​တို့​၊ အား​သစ်​မွေး​ကြ​။ လာ​၍ တိုင်ပင်ဆွေးနွေး​ကြ​။ တရားဆိုင်​ဖို့ အတူတူ​ဆုံ​၍ တရားဆိုင်​ကြ​စို့​။ ဖြောင့်မတ်​သော​သူ​ကို အရှေ့​အရပ်​မှ ပေါ်ထွန်း​စေ​သော​သူ​ကား မည်သူ​နည်း​။ သူ့​ထံ လူမျိုးတကာ​တို့​ကို အပ်နှံ​သော​သူ​၊ သူ့​အား ရှင်ဘုရင်​တို့​ကို အုပ်စိုး​ရ​သော​အခွင့် ပေး​သော​သူ​ကား မည်သူ​နည်း​။ ထို​သူ​တို့​ကို သူ​၏​ဓား​ဖြင့် မြေမှုန့်​ကဲ့သို့​ဖြစ်စေ​၍ သူ​၏​လေး​ဖြင့် ဖွဲ​ကဲ့သို့​လွင့်​စေ​သော​သူ​ကား မည်သူ​နည်း​။ မိမိ​ခြေ​မ​ချ​ဖူး​သော​လမ်း​ဖြင့် ထို​သူ​တို့​ကို လိုက်လံတိုက်ခိုက်​ရာ​၌ ဘေးကင်းလုံခြုံ​ခွင့်​ကို​ပေး​သော​သူ​ကား မည်သူ​နည်း​။ အစအဦး​ကပင် မျိုးဆက်​တစ်ဆက်​ပြီး​တစ်ဆက် ပေါ်ထွန်း​စေ​သော​အမှု​ကို ပြု​သော​သူ​ကား မည်သူ​နည်း​။ ထို​သူ​ကား အဦးဆုံး​သော​သူ​ဖြစ်၍ နောက်ဆုံး​သော​သူ​တို့​နှင့်အတူ​ရှိ​သော ငါ​ထာဝရဘုရား​ပင်တည်း​။ ကမ်းရိုးတန်းဒေသ​တို့​သည် မြင်​၍ ကြောက်ရွံ့​ကြ​ပြီ​။ မြေကြီး​စွန်း​တို့​သည် ကြောက်ရွံ့တုန်လှုပ်​ကြ​ပြီ​။ သူ​တို့​သည် ချဉ်းကပ်​လာ​ကြ​ပြီ​။ သူ​တို့​အချင်းချင်း ကူညီမစ​ကြ​၏​။ မိမိ​ညီအစ်ကို​အား “​အားယူ​လော့​”​ဟု ဆို​ကြ​၏​။ ပန်းတဉ်းသမား​သည် ပန်းထိမ်သမား​ကို အားပေး​၏​။ တူ​နှင့်​အချောသပ်​သော​သူ​သည် ပေ​ပေါ်တွင် ထု​သော​သူ​ကို အားပေး​၏​။ ဂဟေဆက်​ထား​သည်​မှာ “​ကောင်း​သည်​”​ဟု ဆို​၏​။ သူ​တို့​သည် ရုပ်တု​ကို ခိုင်ခံ့​စေရန် သံ​ဖြင့် ရိုက်​ထား​ကြ​၏​။ သို့သော် ငါ့​အစေအပါး အစ္စရေး​၊ ငါ​ရွေးချယ်​သော​သူ ယာကုပ်​၊ ငါ့​မိတ်ဆွေ အာဗြဟံ​၏​သားစဉ်မြေးဆက်​၊ မြေကြီး​စွန်း​မှ ငါ​ဆွဲလာ​သူ​၊ အဝေးဆုံး​အရပ်​မှ ငါ​ခေါ်လာ​သူ “​သင်​သည် ငါ​၏​အစေအပါး​ဖြစ်​၏​။ သင့်​ကို ငါ​ရွေးချယ်​ပြီ​။ သင့်​ကို ငါ​မ​စွန့်ပစ်​”​ဟု သင့်​အား ငါ​မိန့်ဆို​၏​။ မ​ကြောက်​နှင့်​၊ ငါ​သည် သင်​နှင့်အတူ​ရှိ​၏​။ မ​စိုးရိမ်​နှင့်​။ ငါ​သည် သင်​၏​ဘုရားသခင်​ဖြစ်​၏​။ အကယ်စင်စစ် သင့်​ကို ခိုင်ခံ့​စေ​မည်​။ သင့်​ကို ကူညီမစ​မည်​။ ငါ​၏​ဖြောင့်မတ်​သော​လက်ယာ​လက်​ဖြင့် သင့်​ကို ငါ​ထောက်မ​မည်​။