တမန်တော် 10:9-23
တမန်တော် 10:9-23 Judson Bible (JBMLE)
နက်ဖြန်နေ့၌ ထိုသူတို့သည် သွား၍ ယုပ္ပေမြို့အနီးသို့ ရောက်ကြသောအခါ၊ နှစ်ချက်တီးအချိန်တွင် ပေတရုသည် ဆုတောင်းခြင်းငှာ အိမ်မိုးပေါ်သို့ တက်လေ၏။- ဆာမွတ်၍ အစာအာဟာရကို အလိုရှိလျှင် သူတစ်ပါးတို့သည် အစာအာဟာရကို ပြင်ဆင်ကြစဉ်အခါ ပေတရုသည် ဘဝင်ဖြစ်၍နေသဖြင့်၊- ကောင်းကင်ဖွင့်လှစ်သည်ကိုလည်းကောင်း၊ ခြုံထည်ကဲ့သို့ လေးထောင့်ချုပ်၍ မြေသို့ချလွှတ်သော တန်ဆာသည် မိမိဆီသို့ ဆင်းသက်လာသည်ကိုလည်းကောင်း မြင်လေ၏။- ထိုတန်ဆာထဲ၌ သားရဲမှစ၍ မြေ၌ကျင်လည် သောသားမျိုး၊ တွားတတ်သော တိရစ္ဆာန်မျိုး၊ မိုးကောင်းကင်၌ ကျင်လည်သော ငှက်မျိုးတို့သည် ရှိကြ၏။- စကားအသံသည်လည်း၊ ပေတရုထ၍ သတ်စားလော့ဟု လာ၏။- ပေတရုကလည်း၊ မဖြစ်နိုင်ပါသခင်။ ညစ်ညူးသောအရာနှင့် မစင်ကြယ်သောအရာကို အကျွန်ုပ်သည် တစ်ရံတစ်ခါမျှ မစားဖူးပါဟု ပြောဆို၏။- နောက်တစ်ဖန် စကားသံကား၊ ဘုရားသခင် စင်ကြယ်စေတော်မူသောအရာကို ညစ်ညူးသည်မထင်နှင့်ဟု လာပြန်၏။- ထိုသို့ သုံးကြိမ်မြောက်အောင်လာပြီးလျှင်၊ ထိုတန်ဆာကို ကောင်းကင်ထဲသို့ သိမ်းရုပ်ပြန်လေ၏။ ပေတရုသည် မိမိမြင်ရသော ဗျာဒိတ်ရူပါရုံကား၊ အဘယ်သို့ ဆိုလိုသနည်းဟု တွေးတောဆင်ခြင်၍ နေစဉ်တွင်၊ ကော်နေလိစေလွှတ်သောသူတို့သည် ရှိမုန်အိမ်ကို မေးမြန်းရှာဖွေ၍ တံခါးရှေ့မှာရပ်လျက်၊ ပေတရုအမည်သစ်ကိုရသော ရှိမုန်သည် ဤမှာတည်းနေပါ သလောဟု မေးမြန်းဟစ်ခေါ်ကြ၏။ ပေတရုသည် ထိုဗျာဒိတ်ရူပါရုံကို ဆင်ခြင်၍နေစဉ်တွင် ဝိညာဉ်တော်က၊ လူသုံးယောက်တို့သည် သင့်ကိုရှာကြ၏။- ထ၍ဆင်းလော့။ တွေးတောခြင်းမရှိဘဲ ထိုသူတို့နှင့်အတူ လိုက်သွားလော့။ အကြောင်းမူကား၊ ထိုသူတို့သည် ငါစေလွှတ်သော သူဖြစ်ကြသည်ဟု မိန့်တော်မူလျှင်၊- ပေတရုသည်ဆင်း၍၊ ငါကား၊ သင်တို့ရှာသောသူ ဖြစ်၏။ အဘယ်အကြောင်းရှိ၍ လာကြသနည်းဟု ထိုသူတို့အားမေး၏။- ထိုသူတို့ကလည်း ဘုရားသခင်ကိုကြောက်ရွံ့၍၊ ယုဒလူအပေါင်းတို့တွင် အသရေရှိသော သူတော်ကောင်းတည်းဟူသော တပ်မှူးကော်နေလိသည်၊ ကိုယ်တော်ကို မိမိအိမ်သို့ခေါ်ပင့်၍ ကိုယ်တော်၏စကားကို နားထောင်ရမည်အကြောင်း၊ သန့်ရှင်းသော ကောင်းကင်တမန်အားဖြင့် ဗျာဒိတ်တော်ကို ခံရပါသည်ဟု ပြန်ပြောကြ၏။- ပေတရုသည်လည်း ထိုသူတို့ကို အိမ်ထဲသို့ခေါ်၍ ဧည့်သည်ဝတ်ကို ပြုလေ၏။ နက်ဖြန်နေ့၌ထ၍ ထိုသူတို့နှင့်အတူ သွားသဖြင့်၊ ယုပ္ပေမြို့သားဖြစ်သော ညီအစ်ကို အချို့တို့သည် လိုက်ကြ၏။
တမန်တော် 10:9-23 Common Language Bible (BCL)
ထိုသူတို့သည်ခရီးပြုကြရာနောက်တစ်နေ့ ၌ယုပ္ပေမြို့အနီးသို့ရောက်ကြ၏။ မွန်းတည့် ချိန်ခန့်တွင်ပေတရုသည် ဆုတောင်းရန်အိမ် အမိုးပေါ်သို့တက်လေသည်။- သူသည်ဆာလောင်မွတ်သိပ်သဖြင့်အစား အစာကိုတောင့်တ၏။ သူ၏အတွက်အစား အစာများပြင်ဆင်နေကြစဉ်သူသည်ဗျာ ဒိတ်ရူပါရုံကိုမြင်ရလေသည်။- ထိုဗျာဒိတ်ရူပါရုံတွင်မိုးကောင်းကင်ကွဲဟ သည်ကိုလည်းကောင်း၊ ထောင့်လေးထောင့်မှချုပ် ကိုင်ထားသောရွက်ထည်ကြီးနှင့်တူသည့် အရာမြေသို့ကျလာသည်ကိုလည်းကောင်း တွေ့မြင်ရ၏။- ထိုအရာထဲတွင်ခြေလေးချောင်းသတ္တဝါ မျိုး၊ တွားတတ်သည့်သတ္တဝါအမျိုးမျိုးနှင့် ကောင်းကင်ငှက်အမျိုးမျိုးတို့ဖြင့်ပါရှိ၏။- ``ပေတရု၊ ထလော့၊ သတ်၍စားလော့'' ဟူသော အသံကိုသူကြားရ၏။ ပေတရုက``အရှင်ဘုရား၊ အဘယ်နည်းနှင့်မျှ မဖြစ်နိုင်ပါ။ အကျွန်ုပ်သည်ညစ်ညမ်းသောအရာ သို့မဟုတ်မသန့်စင်သည့်အရာကို အဘယ် အခါ၌မျှမစားဘူးပါ'' ဟုလျှောက်၏။ ထိုအခါဗျာဒိတ်သံက ``ဘုရားသခင်သန့်စင် သည်ဟုဆိုသည့်အရာကိုသင်ကညစ်ညမ်းသည် ဟုမဆိုရ'' ဟုမိန့်တော်မူ၏။- ဤသို့သုံးကြိမ်တိုင်တိုင်ဖြစ်ပျက်ပြီးနောက် ချက်ချင်းပင်ရွက်ထည်နှင့်တူသောအရာသည် မိုးကောင်းကင်သို့ပြန်လည်ရုပ်သိမ်းခြင်းကို ခံရလေသည်။ ပေတရုသည်ထိုဗျာဒိတ်ရူပါရုံ၏အနက် အဋ္ဌိပ္ပါယ်ကိုဆင်ခြင်စဉ်းစားလျက်နေ၏။ ထို အချိန်၌ကော်နေလိစေလွှတ်လိုက်သောလူ တို့သည် ရှိမုန်၏အိမ်ကိုမေးမြန်းရှာဖွေ၍ ယခုအိမ်ရှေ့သို့ရောက်ရှိလာကြ၏။- ထိုသူတို့က ``ပေတရုခေါ်ရှိမုန်သည်ဤ အိမ်တွင်ရှိပါ၏လော'' ဟုအော်၍မေးမြန်း ကြ၏။ ပေတရုသည်ဗျာဒိတ်ရူပါရုံအကြောင်း ကိုစဉ်းစားနေစဉ်ဝိညာဉ်တော်က ``လူသုံး ယောက်တို့သည်သင့်ကိုရှာနေကြ၏။- ထ၍ဆင်းသွားလော့။ ငါပင်သူတို့ကိုစေလွှတ် လိုက်သည်ဖြစ်၍ မဆိုင်းမတွဘဲသူတို့နှင့် အတူလိုက်သွားလော့'' ဟုမိန့်တော်မူ၏။- သို့ဖြစ်၍ပေတရုသည်ထိုသူတို့ထံသို့ဆင်း သွားပြီးလျှင် ``သင်တို့ရှာနေသူကားငါပင် ဖြစ်သည်။ အဘယ်အကြောင်းကြောင့်သင်တို့ ရောက်လာကြပါသနည်း'' ဟုမေး၏။ ထိုသူတို့က ``ကောင်းကင်တမန်တစ်ပါးသည် တပ်ခွဲမှူးကော်နေလိအားအရှင့်ကိုခေါ်ဖိတ် ၍ အရှင်၏တရားစကားကိုကြားနာရန်ညွှန် ကြားခဲ့ပါသည်။ ကော်နေလိသည်လူကောင်း တစ်ယောက်ဖြစ်၍ဘုရားသခင်ကိုကြောက်ရွံ့ ရိုသေသူဖြစ်ပါသည်။ ယုဒအမျိုးသား အပေါင်းတို့၏ကြည်ညိုလေးစားမှုကို လည်းခံရသူဖြစ်ပါ၏'' ဟုပြောကြား၏။- ပေတရုသည်ထိုသူတို့အားအိမ်ထဲသို့ ခေါ်ဖိတ်၍ထိုညအိပ်စေ၏။ နောက်တစ်နေ့၌သူသည်ထိုသူတို့နှင့်အတူ ထွက်ခွာသွားသောအခါ ယုပ္ပေမြို့မှယုံကြည်သူ ညီအစ်ကိုအချို့တို့လည်းလိုက်ပါသွားကြ၏။
တမန်တော် 10:9-23 မြန်မာ့စံမီသမ္မာကျမ်း (MSBU)
နောက်တစ်နေ့တွင် ထိုသူတို့သည် ခရီးပြုလျက် ယုပ္ပေမြို့အနီးသို့ရောက်လာကြစဉ် မွန်းတည့်ချိန်ဝန်းကျင်၌ ပေတရုသည် ဆုတောင်းရန် လေသာဆောင်ပေါ်သို့ တက်သွားလေ၏။ ထိုအချိန်တွင် သူသည် ဆာလောင်လျက် အစာစားလိုစိတ်ဖြစ်ပေါ်လေ၏။ သို့သော် အစားအစာများကို လူတို့ပြင်ဆင်နေကြစဉ် ပေတရုသည် အာရုံမှုန်ဝါးတွေဝေ၍ ကောင်းကင်သည်ပွင့်လျက် ထောင့်လေးခုမှထိန်းထားပြီး မြေပေါ်သို့လျှောကျလာသည့် ရွက်ထည်စကြီးနှင့်တူသောအရာတစ်ခု နိမ့်ဆင်းလာသည်ကို တွေ့ရ၏။ ထိုအရာထဲတွင် မြေကြီးပေါ်ရှိခြေလေးချောင်းသတ္တဝါများမှစ၍ တွားသွားသတ္တဝါများနှင့် မိုးကောင်းကင်ငှက်အမျိုးမျိုးပါ၏။ ထို့နောက်“ပေတရု၊ ထ၍သတ်စားလော့”ဟူသောအသံသည် သူ့ထံသို့ရောက်လာ၏။ သို့သော် ပေတရုက “မဖြစ်နိုင်ပါ သခင်ဘုရား၊ အကြောင်းမူကား အကျွန်ုပ်သည် ညစ်ညူးသောအရာနှင့်မစင်ကြယ်သောအရာ တစ်စုံတစ်ခုကိုမျှ မစားဖူးပါ”ဟု လျှောက်လေ၏။ ထိုအခါ ဒုတိယအကြိမ် အသံထပ်မံထွက်ပေါ်လာ၍“ဘုရားသခင်စင်ကြယ်စေသည့်အရာကို ညစ်ညူးသည်ဟု သင်မဆိုနှင့်”ဟု ဆိုလေ၏။ ဤသို့ သုံးကြိမ်တိုင်တိုင်ဖြစ်ပြီးနောက် ထိုအရာသည် ကောင်းကင်သို့ ချက်ချင်းဆောင်ယူသွားခြင်းခံရ၏။ မိမိမြင်ရသောရူပါရုံသည် မည်သည့်အရာကိုဆိုလိုကြောင်း ပေတရုသည် စိတ်ထဲ၌ ဝေခွဲမရဖြစ်နေစဉ် ကော်နေလိစေလွှတ်လိုက်သောလူတို့သည် ရှိမုန်၏အိမ်ကိုမေးမြန်းရှာဖွေပြီး အိမ်တံခါးရှေ့သို့ ရောက်လာကြ၏။ သူတို့သည် လှမ်းခေါ်၍ “ပေတရုဟုခေါ်သောရှိမုန်သည် ဤအိမ်တွင် တည်းခိုနေပါသလော”ဟု မေးမြန်းကြ၏။ ပေတရုသည် ရူပါရုံအကြောင်းကို စဉ်းစားဆင်ခြင်လျက်နေစဉ် ဝိညာဉ်တော်က “လူသုံးဦးတို့သည် သင့်ကိုရှာနေကြ၏။ သူတို့ကို ငါစေလွှတ်လိုက်သည်ဖြစ်၍ ထပြီး အောက်သို့ဆင်းသွားကာ သံသယမရှိဘဲ သူတို့နှင့်အတူလိုက်သွားလော့”ဟု မိန့်တော်မူ၏။ ထို့ကြောင့် ပေတရုသည် ဆင်းသွား၍ “သင်တို့ရှာနေသောသူမှာ ငါပင်ဖြစ်၏။ မည်သည့်အကြောင်းကိစ္စရှိ၍ လာခဲ့ကြသနည်း”ဟု သူတို့အား မေးလေ၏။ သူတို့ကလည်း “ဖြောင့်မတ်၍ ဘုရားသခင်ကိုကြောက်ရွံ့သောသူဖြစ်ပြီး ဂျူးလူမျိုးအားလုံးတို့တွင် ဂုဏ်သတင်းကောင်းသောတပ်မှူးကော်နေလိသည် သင့်ကို မိမိအိမ်သို့ခေါ်ဖိတ်၍ သင့်ထံမှ တရားစကားကိုနားထောင်ရန် သန့်ရှင်းသောကောင်းကင်တမန်၏ဗျာဒိတ်တော်ကို ခံရပါသည်”ဟု ဆိုကြ၏။ ထိုအခါ ပေတရုသည် သူတို့ကို အိမ်ထဲသို့ခေါ်ဖိတ်လျက် တည်းခိုစေပြီးလျှင် နောက်တစ်နေ့၌ ထ၍ ထိုသူတို့နှင့်အတူ ထွက်ခွာသွားလေ၏။ ယုပ္ပေမြို့မှ ညီအစ်ကိုအချို့တို့သည်လည်း သူနှင့်အတူလိုက်သွားကြ၏။