YouVersion လိုဂို
ရှာရန် အိုင်ကွန်

တမန်တော်ဝတ္ထု 10

10
ပေတရုနှင့်ကော်နေလိ
1ဆီဇာရီးယား​မြို့​တွင် အီတလီ​တပ်​ဟု​ခေါ်​သော​တပ်ဖွဲ့​မှ ကော်နေလိ​အမည်​ရှိ​သော တပ်မှူး​တစ်​ယောက်​ရှိ​၏။ 2သူ​သည် ဘုရား​ဝတ်​၌​မွေ့လျော်​သော​သူ​ဖြစ်​ပြီး သူ​၏​အိမ်သူအိမ်သား​အားလုံး​နှင့်တကွ ဘုရားသခင်​ကို​ကြောက်ရွံ့​ရိုသေ​၍ ဂျူး​လူမျိုး​တို့​အား များစွာ​ပေးကမ်း​စွန့်ကြဲ​ကာ ဘုရားသခင်​ထံ အမြဲ​ဆုတောင်း​လျက်​နေ​၏။ 3တစ်​နေ့​သောအခါ မွန်းလွဲ​သုံး​နာရီ​အချိန်​ခန့်​တွင် သူ​သည် မိမိ​ထံသို့​ဘုရားသခင်​၏​ကောင်းကင်တမန်​တစ်​ပါး​ဝင်လာ​၍ “ကော်နေလိ”​ဟု ခေါ်​သည်​ကို ရူပါရုံ​၌ ထင်ရှား​စွာ​မြင်​လေ​၏။ 4ထို​ကောင်းကင်တမန်​ကို စေ့စေ့​ကြည့်​ရင်း သူ​သည် ကြောက်လန့်​၍ “သခင်ဘုရား၊ မည်သည့်​အကြောင်းအရာ​ရှိ​ပါ​သနည်း”​ဟု မေး​လေ​၏။ ကောင်းကင်တမန်​က​လည်း “သင်​၏​ဆုတောင်း​ခြင်း​နှင့်​ပေးကမ်း​စွန့်ကြဲ​ခြင်း​တို့​သည် အမှတ်ရ​စရာ​အဖြစ် ဘုရားသခင်​၏​ရှေ့​တော်​သို့​ရောက်​လေ​ပြီ။ 5ထို့ကြောင့် ယခု သင်​သည် ယုပ္ပေ​မြို့​သို့ လူ​တို့​ကို​စေလွှတ်​၍ ပေတရု​ဟု​ခေါ်​သော​ရှိမုန်​ကို ခေါ်ဖိတ်​လော့။ 6သူ​သည် သားရေနယ်သမား​ရှိမုန်​အိမ်​၌ တည်းခို​နေ​၏။ ထို​အိမ်​သည် ပင်လယ်​ကမ်းနား​တွင်​ရှိ​၏”​ဟု မြွက်ဆို​လေ​၏။
7မိမိ​အား​မြွက်ဆို​သော​ကောင်းကင်တမန်​ထွက်ခွာ​သွား​သောအခါ ကော်နေလိ​သည် အစေခံ​နှစ်​ဦး​နှင့် မိမိ​အနီးအပါး​တွင်​တာဝန်​ထမ်းဆောင်​နေ​သော​သူ​တို့​ထဲမှ ဘုရား​ဝတ်​၌​မွေ့လျော်​သော စစ်သား​တစ်​ဦး​ကို​ခေါ်​၍ 8အကြောင်းစုံ​ကို​ပြောပြ​ပြီးလျှင် သူ​တို့​ကို ယုပ္ပေ​မြို့​သို့ စေလွှတ်​လေ​၏။
ပေတရုမြင်ရသောရူပါရုံ
9နောက်တစ်နေ့​တွင် ထို​သူ​တို့​သည် ခရီး​ပြု​လျက် ယုပ္ပေ​မြို့​အနီး​သို့​ရောက်လာ​ကြ​စဉ် မွန်းတည့်​ချိန်​ဝန်းကျင်​၌ ပေတရု​သည် ဆုတောင်း​ရန် လေသာဆောင်​ပေါ်သို့ တက်​သွား​လေ​၏။ 10ထို​အချိန်​တွင် သူ​သည် ဆာလောင်​လျက် အစာ​စား​လို​စိတ်​ဖြစ်ပေါ်​လေ​၏။ သို့သော် အစားအစာ​များ​ကို လူ​တို့​ပြင်ဆင်​နေ​ကြ​စဉ် ပေတရု​သည် အာရုံ​မှုန်ဝါး​တွေဝေ​၍ 11ကောင်းကင်​သည်​ပွင့်​လျက် ထောင့်​လေး​ခု​မှ​ထိန်းထား​ပြီး မြေ​ပေါ်သို့​လျှောကျ​လာ​သည့် ရွက်ထည်စ​ကြီး​နှင့်တူ​သော​အရာ​တစ်​ခု နိမ့်ဆင်း​လာ​သည်​ကို တွေ့​ရ​၏။ 12ထို​အရာ​ထဲတွင် မြေကြီး​ပေါ်​ရှိ​ခြေ​လေး​ချောင်း​သတ္တဝါ​များ​မှစ၍ တွားသွား​သတ္တဝါ​များ​နှင့် မိုး​ကောင်းကင်​ငှက်​အမျိုးမျိုး​ပါ​၏။ 13ထို့နောက်“ပေတရု၊ ထ​၍​သတ်​စား​လော့”​ဟူသော​အသံ​သည် သူ့​ထံသို့​ရောက်လာ​၏။ 14သို့သော် ပေတရု​က “မ​ဖြစ်​နိုင်​ပါ သခင်​ဘုရား၊ အကြောင်းမူကား အကျွန်ုပ်​သည် ညစ်ညူး​သော​အရာ​နှင့်​မစင်ကြယ်​သော​အရာ တစ်စုံတစ်ခု​ကို​မျှ မ​စား​ဖူး​ပါ”​ဟု လျှောက်​လေ​၏။
15ထိုအခါ ဒုတိယ​အကြိမ် အသံ​ထပ်မံ​ထွက်ပေါ်​လာ​၍“ဘုရားသခင်​စင်ကြယ်​စေ​သည့်​အရာ​ကို ညစ်ညူး​သည်​ဟု သင်​မ​ဆို​နှင့်”​ဟု ဆို​လေ​၏။
16ဤသို့ သုံး​ကြိမ်​တိုင်တိုင်​ဖြစ်​ပြီးနောက် ထို​အရာ​သည် ကောင်းကင်​သို့ ချက်ချင်း​ဆောင်ယူ​သွား​ခြင်း​ခံရ​၏။
ကော်နေလိထံ ပေတရုရောက်ရှိခြင်း
17မိမိ​မြင်​ရ​သော​ရူပါရုံ​သည် မည်သည့်​အရာ​ကို​ဆိုလို​ကြောင်း ပေတရု​သည် စိတ်​ထဲ၌ ဝေခွဲမရ​ဖြစ်​နေ​စဉ် ကော်နေလိ​စေလွှတ်​လိုက်​သော​လူ​တို့​သည် ရှိမုန်​၏​အိမ်​ကို​မေးမြန်း​ရှာဖွေ​ပြီး အိမ်​တံခါး​ရှေ့သို့ ရောက်လာ​ကြ​၏။ 18သူ​တို့​သည် လှမ်းခေါ်​၍ “ပေတရု​ဟု​ခေါ်​သော​ရှိမုန်​သည် ဤ​အိမ်​တွင် တည်းခို​နေ​ပါ​သလော”​ဟု မေးမြန်း​ကြ​၏။
19ပေတရု​သည် ရူပါရုံ​အကြောင်း​ကို စဉ်းစား​ဆင်ခြင်​လျက်​နေ​စဉ် ဝိညာဉ်​တော်​က “လူ​သုံး​ဦး​တို့​သည် သင့်​ကို​ရှာ​နေ​ကြ​၏။ 20သူ​တို့​ကို ငါ​စေလွှတ်​လိုက်​သည်​ဖြစ်၍ ထ​ပြီး အောက်​သို့​ဆင်း​သွား​ကာ သံသယ​မ​ရှိ​ဘဲ သူ​တို့​နှင့်အတူ​လိုက်​သွား​လော့”​ဟု မိန့်​တော်မူ​၏။ 21ထို့ကြောင့် ပေတရု​သည် ဆင်းသွား​၍ “သင်​တို့​ရှာ​နေ​သော​သူ​မှာ ငါ​ပင်​ဖြစ်​၏။ မည်သည့်​အကြောင်း​ကိစ္စ​ရှိ​၍ လာ​ခဲ့​ကြ​သနည်း”​ဟု သူ​တို့​အား မေး​လေ​၏။ 22သူ​တို့​က​လည်း “ဖြောင့်မတ်​၍ ဘုရားသခင်​ကို​ကြောက်ရွံ့​သော​သူ​ဖြစ်​ပြီး ဂျူး​လူမျိုး​အားလုံး​တို့​တွင် ဂုဏ်​သတင်း​ကောင်း​သော​တပ်မှူး​ကော်နေလိ​သည် သင့်​ကို မိမိ​အိမ်​သို့​ခေါ်ဖိတ်​၍ သင့်​ထံမှ တရား​စကား​ကို​နားထောင်​ရန် သန့်ရှင်း​သော​ကောင်းကင်တမန်​၏​ဗျာဒိတ်​တော်​ကို ခံရ​ပါ​သည်”​ဟု ဆို​ကြ​၏။
23ထိုအခါ ပေတရု​သည် သူ​တို့​ကို အိမ်​ထဲသို့​ခေါ်ဖိတ်​လျက် တည်းခို​စေ​ပြီးလျှင် နောက်တစ်နေ့​၌ ထ​၍ ထို​သူ​တို့​နှင့်အတူ ထွက်ခွာ​သွား​လေ​၏။ ယုပ္ပေ​မြို့​မှ ညီအစ်ကို​အချို့​တို့​သည်​လည်း သူ​နှင့်အတူ​လိုက်သွား​ကြ​၏။ 24နောက်တစ်နေ့​၌ သူ​သည် ဆီဇာရီးယား​မြို့​သို့ ရောက်​လေ​၏။ ကော်နေလိ​သည် မိမိ​၏​ဆွေမျိုး​များ​နှင့် ရင်းနှီး​သော​မိတ်ဆွေ​များ​ကို စုရုံး​ထား​လျက် သူ​တို့​ကို​စောင့်မျှော်​နေ​၏။ 25ပေတရု​ဝင်​လာ​သောအခါ ကော်နေလိ​သည် သူ့​ကို​ကြိုဆို​၍ သူ​၏​ခြေရင်း​၌​ပျပ်ဝပ်​လျက် ရှိခိုး​လေ​၏။ 26သို့သော် ပေတရု​သည် သူ့​ကို​ထူမ​၍ “ထ​ပါ။ ငါ​ကိုယ်တိုင်​လည်း သာမန်​လူသား​တစ်​ယောက်​ဖြစ်​သည်”​ဟု ဆို​လေ​၏။
27ထို့နောက် ကော်နေလိ​နှင့်​စကား​ပြော​ရင်း အိမ်​ထဲသို့​ဝင်​လျှင် လူ​များစွာ​တို့​စုဝေး​နေ​ကြ​သည်​ကို တွေ့​လေ​၏။ 28ထိုအခါ ပေတရု​က “ဂျူး​လူမျိုး​တို့​အတွက် လူမျိုးခြား​ထံ အလည်အပတ်​သွား​ခြင်း​၊ သို့မဟုတ် သူ​တို့​နှင့်​ပေါင်းဖော်​ခြင်း​သည် တရား​တော်​နှင့်​မ​ညီ​ကြောင်း သင်​တို့​သိ​ကြ​၏။ သို့သော် မည်သူ့​ကို​မျှ ညစ်ညူး​သော​သူ​၊ သို့မဟုတ် မစင်ကြယ်​သော​သူ​ဟူ၍ မ​ခေါ်​ရ​မည့်​အကြောင်း ဘုရားသခင်​သည် ငါ့​အား ပြသ​တော်မူ​ပြီ။ 29ထို့ကြောင့် ငါ​သည် ခေါ်ဖိတ်​ခြင်း​ခံရ​သောအခါ မ​ငြင်းဆို​ဘဲ လာ​ခဲ့​၏။ သို့ဖြစ်၍ ငါ့​အား မည်သည့်​အကြောင်း​ကြောင့် ခေါ်ဖိတ်​ကြ​သည်​ကို ငါ​မေး​လို​သည်”​ဟု ဆို​လေ​၏။ 30ကော်နေလိ​က​လည်း “လွန်ခဲ့သော​သုံး​ရက်​က ဤ​အချိန်​မွန်းလွဲ​သုံး​နာရီ​တွင် အကျွန်ုပ်​အိမ်​၌ အကျွန်ုပ်​ဆုတောင်း​နေ​စဉ် တောက်ပ​သည့်​အဝတ်​ကို ဝတ်​ထား​သော​လူ​တစ်​ဦး​သည် အကျွန်ုပ်​ရှေ့​၌​ရပ်​လျက် 31‘ကော်နေလိ၊ သင်​၏​ဆုတောင်း​သံ​ကို ဘုရားသခင်​နားညောင်း​တော်မူ​၍ သင်​၏​ပေးကမ်း​စွန့်ကြဲ​ခြင်း​တို့​သည်​လည်း ဘုရားသခင်​ရှေ့​တော်​၌ အောက်မေ့​စရာ​ဖြစ်​လေ​ပြီ။ 32ထို့ကြောင့် ယုပ္ပေ​မြို့​သို့ လူ​လွှတ်​၍ ပေတရု​ဟု​ခေါ်​သော​ရှိမုန်​ကို ခေါ်ဖိတ်​လော့။ သူ​သည် ပင်လယ်​ကမ်းနား​ရှိ သားရေနယ်သမား​ရှိမုန်​၏​အိမ်​၌ တည်းခို​နေ​၏’​ဟု မြွက်ဆို​ခဲ့​ပါ​သည်။ 33သို့ဖြစ်၍ အကျွန်ုပ်​သည် သင့်​ထံသို့ ချက်ချင်း​လူ​လွှတ်​ခဲ့​ပါ​သည်။ သင်​သည်​လည်း ကြွရောက်​လာ​သောကြောင့် ကျေးဇူး​တင်​ပါ​သည်။ ယခု အကျွန်ုပ်​တို့​အားလုံး​သည် သင့်​အား သခင်​ဘုရား​မိန့်မှာ​တော်မူ​သမျှ​တို့​ကို ကြားနာ​ရန် ဘုရားသခင်​ရှေ့​တော်​၌ ရှိ​နေ​ကြ​ပါ​သည်”​ဟု ဆို​လေ​၏။
လူမျိုးခြားများအတွက် ကောင်းမြတ်သောသတင်း
34ထိုအခါ ပေတရု​သည် နှုတ်​ကို​ဖွင့်​၍ “ဘုရားသခင်​သည် မျက်နှာလိုက်​ခြင်း​မ​ရှိ​ဘဲ 35မည်သည့်​လူမျိုး​မဆို ကိုယ်တော်​ကို​ကြောက်ရွံ့​လျက် ဖြောင့်မတ်​စွာ​ပြုကျင့်​လျှင် နှစ်သက်​လက်ခံ​တော်မူ​ကြောင်း ငါ​အမှန်​ပင်​သဘောပေါက်​ပြီ။ 36ဘုရားသခင်​သည် လူ​အပေါင်း​တို့​၏​အရှင်​သခင်​ဖြစ်​တော်မူ​သော ယေရှု​ခရစ်တော်​အားဖြင့် ငြိမ်သက်​ခြင်း​နှင့်ဆိုင်သည့် ကောင်းမြတ်​သော​သတင်း​ကို​ဟောပြော​၍ အစ္စရေး​အမျိုးသား​တို့​ထံသို့ ပေးပို့​တော်မူ​သော​နှုတ်ကပတ်​တရား​ကို သင်​တို့​သိ​ကြ​၏။ 37ထို့ပြင် ယောဟန်​သည် ဗတ္တိဇံ​တရား​ကို​ဟောပြော​သည့်​နောက်တွင် ဂါလိလဲ​နယ်​မှ​အစပြု​၍ ယုဒ​နယ်​တစ်လျှောက်​လုံး​၌ ဖြစ်ပျက်​ခဲ့​သည့်​အကြောင်းအရာ​ကို​လည်းကောင်း၊ 38ဘုရားသခင်​သည် နာဇရက်​မြို့သား​ယေရှု​ကို သန့်ရှင်း​သော​ဝိညာဉ်​တော်​နှင့်​တန်ခိုး​တော်​တို့​ဖြင့် မည်ကဲ့သို့​ဘိသိက်​ပေး​ခဲ့​သည်​ကို​လည်းကောင်း သင်​တို့​သိ​ကြ​၏။ ဘုရားသခင်​သည် ကိုယ်တော်​နှင့်အတူ​ရှိ​တော်မူ​သောကြောင့် ကိုယ်တော်​သည် လှည့်လည်​၍ ကောင်း​သော​အမှု​ကို​ပြု​ကာ မာရ်နတ်​၏​ဖိနှိပ်​ခြယ်လှယ်​မှု​ခံရ​သူ​အပေါင်း​တို့​ကို ကျန်းမာ​စေ​တော်မူ​၏။
39ငါ​တို့​သည် ဂျေရုဆလင်​မြို့​မှစ၍ ဂျူး​လူမျိုး​တို့​၏​တိုင်းပြည်​၌ ကိုယ်တော်​ပြု​ခဲ့​သော​အရာ​အားလုံး​၏​သက်သေ​များ​ဖြစ်​ကြ​၏။ လူ​တို့​သည် ကိုယ်တော်​ကို သစ်​တိုင်​ပေါ်၌​ဆွဲ​ထား​၍ အသေ​သတ်​ခဲ့​ကြ​၏။ 40သို့သော် ဘုရားသခင်​သည် ကိုယ်တော်​ကို သုံး​ရက်​မြောက်​သော​နေ့​၌ ထမြောက်​စေ​၍ ကိုယ်​ထင်ရှား​ပြ​ရ​သော​အခွင့်​ကို ပေး​တော်မူ​၏။ 41သို့ရာတွင် လူ​အားလုံး​ထံ၌​မ​ဟုတ်​ဘဲ သက်သေ​အဖြစ် ဘုရားသခင်​ကြိုတင်​ခန့်​ထား​သော ငါ​တို့​ထံ၌​သာ ကိုယ်​ထင်ရှား​ပြ​တော်မူ​၏။ ကိုယ်တော်​သည် သေ​သော​သူ​တို့​ထဲမှ ထမြောက်​တော်မူ​ပြီးနောက် ငါ​တို့​သည် ကိုယ်တော်​နှင့်အတူ​စား​သောက်​ခဲ့​ကြ​၏။ 42ထို့နောက် ကိုယ်တော်​က ကိုယ်တော်​သာလျှင်​အသက်ရှင်​သော​သူ​နှင့်​သေလွန်​သော​သူ​တို့​ကို​တရား​စီရင်​သူ​အဖြစ် ဘုရားသခင်​ခန့်အပ်​ထား​တော်မူ​သော​အရှင်​ဖြစ်​ကြောင်း လူ​တို့​အား​ဟောပြော​ရန်​နှင့် သက်သေခံ​ရန် ငါ​တို့​အား မိန့်မှာ​တော်မူ​၏။ 43ထို​အရှင်​နှင့်​ပတ်သက်၍ ပရောဖက်​အားလုံး​တို့​သည်​လည်း ‘ကိုယ်တော်​ကို​ယုံကြည်​သော​သူ​တိုင်း ကိုယ်တော်​၏​နာမ​တော်​အားဖြင့် အပြစ်​များ​ခွင့်လွှတ်​ခြင်း​ကျေးဇူး​ကို​ခံစားရ​၏’​ဟု သက်သေခံ​ကြ​၏”​ဟူ၍ ပြောဆို​လေ​၏။
လူမျိုးခြားတို့ပြောင်းလဲ၍ ဗတ္တိဇံခံယူကြခြင်း
44ဤ​တရား​စကား​တို့​ကို ပေတရု​ဟောပြော​နေ​စဉ် သန့်ရှင်း​သော​ဝိညာဉ်​တော်​သည် နှုတ်ကပတ်​တရား​ကို ကြားနာ​နေ​သူ​အားလုံး​အပေါ်သို့ သက်ရောက်​တော်မူ​၏။ 45ပေတရု​နှင့်အတူ​လိုက်​ပါ​လာ​သည့် အရေဖျား​လှီး​ထား​သော ယုံကြည်​သူ​ရှိသမျှ​တို့​သည် သန့်ရှင်း​သော​ဝိညာဉ်​တော်​တည်းဟူသော​ကောင်းချီး​လက်ဆောင်​ကို လူမျိုးခြား​တို့​အပေါ်၌​လည်း သွန်းလောင်း​တော်မူ​သည့်​အတွက် အလွန်​အံ့ဩ​ကြ​၏။ 46အဘယ်ကြောင့်​ဆိုသော် ထို​လူမျိုးခြား​တို့​သည် အခြား​သော​ဘာသာ​စကား​များ​ပြောဆို​လျက် ဘုရားသခင်​အား​ချီးမွမ်း​ကြ​သည်​ကို သူ​တို့​ကြား​ရ​သောကြောင့်​ဖြစ်​၏။ ထိုအခါ ပေတရု​က 47“ငါ​တို့​ကဲ့သို့ သန့်ရှင်း​သော​ဝိညာဉ်​တော်​ကို ခံယူ​ရရှိ​ကြ​သော ဤ​သူ​တို့​အား ရေ​၌​ဗတ္တိဇံ​မ​ခံ​စေရန် မည်သူ​တားဆီး​နိုင်​သနည်း”​ဟု ဆို​လျက် 48ယေရှု​ခရစ်တော်​၏​နာမ​တော်​၌ ဗတ္တိဇံ​ခံ​ကြ​ရန် သူ​တို့​အား ညွှန်ကြား​လေ​၏။ ထို့နောက် သူ​တို့​သည် ပေတရု​အား ရက်​အနည်းငယ်​မျှ ဆက်၍​နေ​ရန် တောင်းပန်​ကြ​၏။

လက်ရှိရွေးချယ်ထားမှု

တမန်တော်ဝတ္ထု 10: MSBU

အရောင်မှတ်ချက်

မျှဝေရန်

ကူးယူ

None

မိမိစက်ကိရိယာအားလုံးတွင် မိမိအရောင်ချယ်သောအရာများကို သိမ်းဆည်းထားလိုပါသလား။ စာရင်းသွင်းပါ (သို့) အကောင့်ဝင်လိုက်ပါ