YouVersion လိုဂို
ရှာရန် အိုင်ကွန်

တမန်တော်ဝတ္ထု 11

11
ဂျေရုဆလင်မြို့ရှိအသင်းတော်သို့ ပေတရုအစီရင်ခံခြင်း
1လူမျိုးခြား​တို့​သည်​လည်း ဘုရားသခင်​၏​နှုတ်ကပတ်​တရား​ကို လက်ခံ​ကြ​ကြောင်း တမန်တော်​တို့​နှင့် ယုဒ​ပြည်​တစ်လျှောက်​တွင်​ရှိ​သော​ညီအစ်ကို​တို့​သည် ကြားသိ​ကြ​၏။ 2သို့ဖြစ်၍ ပေတရု​သည် ဂျေရုဆလင်​မြို့​သို့ တက်​ရောက်​လာ​သောအခါ အရေဖျား​လှီး​ထား​သော​သူ​တို့​က 3“သင်​သည် အရေဖျား​မ​လှီး​သော​သူ​တို့​အိမ်​သို့​ဝင်​၍ သူ​တို့​နှင့်အတူ​စား​သောက်​ပါ​သည်​တကား”​ဟု သူ့​ကို​ပြစ်တင်​ပြောဆို​ကြ​၏။
4ထိုအခါ ပေတရု​သည် ထို​အကြောင်းအရာ​ကို သူ​တို့​အား အစဉ်လိုက်​ရှင်းပြ​ကာ 5“ငါ​သည် ယုပ္ပေ​မြို့​၌ ဆုတောင်း​လျက်​နေ​စဉ် အာရုံ​မှုန်ဝါး​တွေဝေ​၍ ရူပါရုံ​တစ်​ခု​ကို​မြင်​ရ​၏။ ထောင့်​လေး​ခု​မှ​ထိန်းထား​ပြီး ကောင်းကင်​မှ​လျှောကျ​လာ​သည့် ရွက်ထည်စ​ကြီး​နှင့်တူ​သော​အရာ​တစ်​ခု​သည် နိမ့်ဆင်း​လာ​၍ ငါ့​ထံသို့​ရောက်လာ​၏။ 6ငါ​သည် ထို​အရာ​ထဲသို့ စူးစိုက်​၍​စေ့စေ့​ကြည့်​လိုက်​ရာ မြေကြီး​ပေါ်​ရှိ​ခြေ​လေး​ချောင်း​သတ္တဝါ​များ၊ သားရဲ​တိရစ္ဆာန်​များ၊ တွားသွား​သတ္တဝါ​များ​နှင့် မိုး​ကောင်းကင်​ငှက်​များ​ကို မြင်​ရ​၏။ 7ထို့နောက်‘ပေတရု၊ ထ​၍​သတ်​စား​လော့’​ဟု ငါ့​အား​ပြော​သော​အသံ​ကို​လည်း ငါ​ကြား​ရ​၏။ 8သို့သော် ငါ​က ‘မ​ဖြစ်​နိုင်​ပါ သခင်​ဘုရား၊ အကြောင်းမူကား မစင်ကြယ်​သော​အရာ​၊ သို့မဟုတ် ညစ်ညူး​သော​အရာ​သည် အကျွန်ုပ်​ခံတွင်း​ထဲသို့ မ​ဝင်​ဖူး​ပါ’​ဟု လျှောက်​၏။
9ထိုအခါ ဒုတိယ​အကြိမ်​ကောင်းကင်​မှ အသံ​ထွက်ပေါ်​လာ​၍‘ဘုရားသခင်​စင်ကြယ်​စေ​သည့်​အရာ​ကို ညစ်ညူး​သည်​ဟု သင်​မ​ဆို​နှင့်’​ဟု ဆို​လေ​၏။ 10ဤသို့ သုံး​ကြိမ်​တိုင်တိုင်​ဖြစ်​ပြီးနောက် ထို​အရာ​အားလုံး​သည် ကောင်းကင်​သို့ ပြန်လည်​ရုပ်သိမ်း​ခြင်း​ခံရ​၏။
11ထို​ခဏချင်း​တွင် ဆီဇာရီးယား​မြို့​မှ ငါ့​ထံသို့​စေလွှတ်​လိုက်​သည့် လူ​သုံး​ဦး​တို့​သည် ငါ​ရှိ​နေ​သော​အိမ်​သို့ ရောက်လာ​ကြ​၏။ 12ထိုအခါ သန့်ရှင်း​သော​ဝိညာဉ်​တော်​က ‘သံသယ​မ​ရှိ​ဘဲ သူ​တို့​နှင့်အတူ​လိုက်သွား​လော့’​ဟု ငါ့​အား မိန့်​တော်မူ​၏။ ဤ​ညီအစ်ကို​ခြောက်​ဦး​တို့​သည်​လည်း ငါ​နှင့်အတူ​လိုက်သွား​၍ ငါ​တို့​သည် ထို​သူ​၏​အိမ်​သို့​ဝင်​ကြ​၏။ 13ထို​သူ​က ကောင်းကင်တမန်​သည် သူ့​အိမ်​ထဲ၌​ရပ်​လျက် ‘ယုပ္ပေ​မြို့​သို့ လူ​လွှတ်​၍ ပေတရု​ဟု​ခေါ်​သော​ရှိမုန်​ကို ခေါ်ဖိတ်​လော့။ 14သူ​သည် သင်​နှင့် သင်​၏​မိသားစု​အားလုံး ကယ်တင်​ခြင်း​ရရှိ​စေ​မည့်​တရား​စကား​ကို သင့်​အား ဟောပြော​လိမ့်မည်’​ဟု မြွက်ဆို​သည်​ကို သူ​မြင်​ရ​ကြောင်း ငါ​တို့​အား ပြောပြ​ခဲ့​၏။ 15ထို့နောက် ငါ​စတင်​ဟောပြော​လေ​ရာ သန့်ရှင်း​သော​ဝိညာဉ်​တော်​သည် အစအဦး​က ငါ​တို့​အပေါ်သို့​သက်ရောက်​သကဲ့သို့ ထို​သူ​တို့​အပေါ်သို့​လည်း သက်ရောက်​တော်မူ​၏။ 16ထိုအခါ‘ယောဟန်​သည် ရေ​၌​ဗတ္တိဇံ​ပေး​၏။ သင်​တို့​မူကား သန့်ရှင်း​သော​ဝိညာဉ်​တော်​၌ ဗတ္တိဇံ​ခံရ​ကြ​လိမ့်မည်’​ဟု သခင်​ဘုရား​မိန့်​တော်မူ​သော​စကား​ကို ငါ​သတိရ​၏။ 17ဤသို့ဖြင့် ဘုရားသခင်​သည် သခင်​ယေရှု​ခရစ်တော်​ကို​ယုံကြည်​သော​ငါ​တို့​အား ပေး​တော်မူ​သကဲ့သို့ ထို​သူ​တို့​ကို​လည်း တူညီ​သော​ကောင်းချီး​လက်ဆောင်​ကို ပေး​တော်မူ​လျှင် ငါ​သည် မည်သို့​သော​သူ​ဖြစ်​၍ ဘုရားသခင်​ကို တားဆီး​နိုင်​မည်နည်း”​ဟု ဆို​လေ​၏။
18သူ​တို့​သည် ထို​စကား​ကို​ကြား​သောအခါ တိတ်ဆိတ်​သွား​ကြ​၏။ ထို့နောက် ဘုရားသခင်​၏​ဘုန်း​တော်​ကို​ချီးမွမ်း​လျက် “သို့ဖြစ်လျှင် ဘုရားသခင်​သည် အသက်ရှင်​ခြင်း​သို့​ရောက်​စေ​သည့်​နောင်တ​တရား​ကို လူမျိုးခြား​တို့​အား​လည်း ပေး​တော်မူ​ပြီ”​ဟု ဆို​ကြ​၏။
အန္တိအုတ်မြို့ရှိအသင်းတော်
19သတေဖန်​နှင့်​ဆက်စပ်​၍ ဖြစ်ပေါ်​လာ​သည့်​နှိပ်စက်​ခြင်း​ကြောင့် ကွဲလွင့်​သွား​ကြ​သော​သူ​တို့​သည် ဖိုနီးရှား​နယ်​မှစ၍ ဆိုက်ပရပ်​ကျွန်း​နှင့် အန္တိအုတ်​မြို့​အထိ ရောက်သွား​ကြ​၏။ သူ​တို့​သည် ဂျူး​လူမျိုး​တို့​မှတစ်ပါး မည်သူ့​ကို​မျှ နှုတ်ကပတ်​တရား​ကို​မ​ဟောပြော​ကြ​ချေ။ 20သို့သော် ထို​သူ​တို့​တွင် ဆိုက်ပရပ်​ကျွန်း​နှင့်​ကုရေနေ​မြို့​မှ လူ​အချို့​တို့​ပါ​၍ သူ​တို့​သည် အန္တိအုတ်​မြို့​သို့​သွား​ပြီးလျှင် ဂရိ​စကား​ပြော​သော​သူ​တို့​နှင့်​စကားပြော​လျက် သခင်​ယေရှု​အကြောင်း​ကို ဟောပြော​ကြ​၏။ 21သခင်​ဘုရား​၏​လက်​တော်​သည်​လည်း သူ​တို့​နှင့်အတူ​ရှိ​သဖြင့် များစွာ​သော​သူ​တို့​သည်​ယုံကြည်​၍ သခင်​ဘုရား​ထံသို့​ပြောင်းလဲ​လာ​ကြ​၏။
22ထို​သူ​တို့​နှင့်ပတ်သက်​သည့်​သတင်း​ကို ဂျေရုဆလင်​မြို့​၌​ရှိ​သော အသင်းတော်​သည်​ကြား​လျှင် ဗာနဗ​ကို အန္တိအုတ်​မြို့​အထိ​သွား​ရန် စေလွှတ်​လေ​၏။ 23ဗာနဗ​သည် ရောက်လာ​၍ ဘုရားသခင်​၏​ကျေးဇူး​တော်​ကို​မြင်​သောအခါ ဝမ်းမြောက်​လျက် ထို​သူ​အပေါင်း​တို့​အား စိတ်နှလုံး​ခိုင်မြဲ​စွာ​ဖြင့် သခင်​ဘုရား​၌ ဆက်လက်​တည်နေ​ကြ​ရန် တိုက်တွန်း​နှိုးဆော်​လေ​၏။ 24အကြောင်းမူကား သူ​သည် သူတော်ကောင်း​ဖြစ်​၍ သန့်ရှင်း​သော​ဝိညာဉ်​တော်​နှင့်​လည်းကောင်း၊ ယုံကြည်​ခြင်း​နှင့်​လည်းကောင်း ပြည့်ဝ​သော​သူ​ဖြစ်​၏။ ထိုအခါ များစွာ​သော​လူ​တို့​သည် သခင်​ဘုရား​ထံသို့ ပြောင်းလဲ​လာ​ကြ​၏။
25ထို့နောက် ဗာနဗ​သည် ရှောလု​ကို​ရှာ​ရန် တာရှု​မြို့​သို့​ထွက်သွား​၍ 26သူ့​ကို​တွေ့​လျှင် အန္တိအုတ်​မြို့​သို့​ခေါ်လာ​၏။ သူ​တို့​သည် တစ်​နှစ်​ပတ်လုံး အသင်းတော်​၌​စုဝေး​လျက် များစွာ​သော​လူ​တို့​ကို သွန်သင်​ကြ​၏။ တပည့်​တော်​တို့​သည် ထို​အန္တိအုတ်​မြို့​၌ “ခရစ်ယာန်”​ဟု ပထမ​ဦးဆုံး​ခေါ်ဝေါ်​ခြင်း​ခံရ​ကြ​၏။
ငတ်မွတ်ခေါင်းပါးမှုကယ်ဆယ်ရေး
27ထို​နေ့ရက်​များ​၌ ပရောဖက်​တို့​သည် ဂျေရုဆလင်​မြို့​မှ အန္တိအုတ်​မြို့​သို့ ဆင်းလာ​ကြ​၏။ 28ထို​သူ​တို့​အထဲမှ အာဂဗု​အမည်​ရှိ​သူ​တစ်​ဦး​သည် ထ​၍ ကမ္ဘာ​တစ်ဝန်းလုံး​၌ ကြီးစွာ​သော​ငတ်မွတ်​ခေါင်းပါး​ခြင်း​ဘေး ကျရောက်​တော့မည်​ဟု ဝိညာဉ်​တော်​အားဖြင့် ကြိုတင်​ဟောပြော​၏။ ထို​ဘေး​သည် ကလောဒိ​မင်း​၏​လက်ထက်​တွင် ဖြစ်ပေါ်​ခဲ့​၏။ 29ထိုအခါ တပည့်​တော်​တို့​သည် အသီးသီး​တတ်နိုင်​သည့်​အတိုင်း ယုဒ​ပြည်​၌​နေထိုင်​ကြ​သော ညီအစ်ကို​တို့​အား အထောက်အပံ့​ပို့ပေး​ရန် ဆုံးဖြတ်​ကြ​၏။ 30သူ​တို့​သည် ထို​အတိုင်း​ပြု​လျက် ၎င်း​ကို ဗာနဗ​နှင့်​ရှောလု​တို့​၏​လက်​မှ​တစ်ဆင့် အသင်းတော်​အကြီးအကဲ​များ​ထံသို့ ပေးပို့​ကြ​၏။

လက်ရှိရွေးချယ်ထားမှု

တမန်တော်ဝတ္ထု 11: MSBU

အရောင်မှတ်ချက်

မျှဝေရန်

ကူးယူ

None

မိမိစက်ကိရိယာအားလုံးတွင် မိမိအရောင်ချယ်သောအရာများကို သိမ်းဆည်းထားလိုပါသလား။ စာရင်းသွင်းပါ (သို့) အကောင့်ဝင်လိုက်ပါ