YouVersion လိုဂို
ရှာရန် အိုင်ကွန်

တမန်တော်ဝတ္ထု 10:9-23

တမန်တော်ဝတ္ထု 10:9-23 MSBU

နောက်တစ်နေ့​တွင် ထို​သူ​တို့​သည် ခရီး​ပြု​လျက် ယုပ္ပေ​မြို့​အနီး​သို့​ရောက်လာ​ကြ​စဉ် မွန်းတည့်​ချိန်​ဝန်းကျင်​၌ ပေတရု​သည် ဆုတောင်း​ရန် လေသာဆောင်​ပေါ်သို့ တက်​သွား​လေ​၏။ ထို​အချိန်​တွင် သူ​သည် ဆာလောင်​လျက် အစာ​စား​လို​စိတ်​ဖြစ်ပေါ်​လေ​၏။ သို့သော် အစားအစာ​များ​ကို လူ​တို့​ပြင်ဆင်​နေ​ကြ​စဉ် ပေတရု​သည် အာရုံ​မှုန်ဝါး​တွေဝေ​၍ ကောင်းကင်​သည်​ပွင့်​လျက် ထောင့်​လေး​ခု​မှ​ထိန်းထား​ပြီး မြေ​ပေါ်သို့​လျှောကျ​လာ​သည့် ရွက်ထည်စ​ကြီး​နှင့်တူ​သော​အရာ​တစ်​ခု နိမ့်ဆင်း​လာ​သည်​ကို တွေ့​ရ​၏။ ထို​အရာ​ထဲတွင် မြေကြီး​ပေါ်​ရှိ​ခြေ​လေး​ချောင်း​သတ္တဝါ​များ​မှစ၍ တွားသွား​သတ္တဝါ​များ​နှင့် မိုး​ကောင်းကင်​ငှက်​အမျိုးမျိုး​ပါ​၏။ ထို့နောက်“ပေတရု၊ ထ​၍​သတ်​စား​လော့”​ဟူသော​အသံ​သည် သူ့​ထံသို့​ရောက်လာ​၏။ သို့သော် ပေတရု​က “မ​ဖြစ်​နိုင်​ပါ သခင်​ဘုရား၊ အကြောင်းမူကား အကျွန်ုပ်​သည် ညစ်ညူး​သော​အရာ​နှင့်​မစင်ကြယ်​သော​အရာ တစ်စုံတစ်ခု​ကို​မျှ မ​စား​ဖူး​ပါ”​ဟု လျှောက်​လေ​၏။ ထိုအခါ ဒုတိယ​အကြိမ် အသံ​ထပ်မံ​ထွက်ပေါ်​လာ​၍“ဘုရားသခင်​စင်ကြယ်​စေ​သည့်​အရာ​ကို ညစ်ညူး​သည်​ဟု သင်​မ​ဆို​နှင့်”​ဟု ဆို​လေ​၏။ ဤသို့ သုံး​ကြိမ်​တိုင်တိုင်​ဖြစ်​ပြီးနောက် ထို​အရာ​သည် ကောင်းကင်​သို့ ချက်ချင်း​ဆောင်ယူ​သွား​ခြင်း​ခံရ​၏။ မိမိ​မြင်​ရ​သော​ရူပါရုံ​သည် မည်သည့်​အရာ​ကို​ဆိုလို​ကြောင်း ပေတရု​သည် စိတ်​ထဲ၌ ဝေခွဲမရ​ဖြစ်​နေ​စဉ် ကော်နေလိ​စေလွှတ်​လိုက်​သော​လူ​တို့​သည် ရှိမုန်​၏​အိမ်​ကို​မေးမြန်း​ရှာဖွေ​ပြီး အိမ်​တံခါး​ရှေ့သို့ ရောက်လာ​ကြ​၏။ သူ​တို့​သည် လှမ်းခေါ်​၍ “ပေတရု​ဟု​ခေါ်​သော​ရှိမုန်​သည် ဤ​အိမ်​တွင် တည်းခို​နေ​ပါ​သလော”​ဟု မေးမြန်း​ကြ​၏။ ပေတရု​သည် ရူပါရုံ​အကြောင်း​ကို စဉ်းစား​ဆင်ခြင်​လျက်​နေ​စဉ် ဝိညာဉ်​တော်​က “လူ​သုံး​ဦး​တို့​သည် သင့်​ကို​ရှာ​နေ​ကြ​၏။ သူ​တို့​ကို ငါ​စေလွှတ်​လိုက်​သည်​ဖြစ်၍ ထ​ပြီး အောက်​သို့​ဆင်း​သွား​ကာ သံသယ​မ​ရှိ​ဘဲ သူ​တို့​နှင့်အတူ​လိုက်​သွား​လော့”​ဟု မိန့်​တော်မူ​၏။ ထို့ကြောင့် ပေတရု​သည် ဆင်းသွား​၍ “သင်​တို့​ရှာ​နေ​သော​သူ​မှာ ငါ​ပင်​ဖြစ်​၏။ မည်သည့်​အကြောင်း​ကိစ္စ​ရှိ​၍ လာ​ခဲ့​ကြ​သနည်း”​ဟု သူ​တို့​အား မေး​လေ​၏။ သူ​တို့​က​လည်း “ဖြောင့်မတ်​၍ ဘုရားသခင်​ကို​ကြောက်ရွံ့​သော​သူ​ဖြစ်​ပြီး ဂျူး​လူမျိုး​အားလုံး​တို့​တွင် ဂုဏ်​သတင်း​ကောင်း​သော​တပ်မှူး​ကော်နေလိ​သည် သင့်​ကို မိမိ​အိမ်​သို့​ခေါ်ဖိတ်​၍ သင့်​ထံမှ တရား​စကား​ကို​နားထောင်​ရန် သန့်ရှင်း​သော​ကောင်းကင်တမန်​၏​ဗျာဒိတ်​တော်​ကို ခံရ​ပါ​သည်”​ဟု ဆို​ကြ​၏။ ထိုအခါ ပေတရု​သည် သူ​တို့​ကို အိမ်​ထဲသို့​ခေါ်ဖိတ်​လျက် တည်းခို​စေ​ပြီးလျှင် နောက်တစ်နေ့​၌ ထ​၍ ထို​သူ​တို့​နှင့်အတူ ထွက်ခွာ​သွား​လေ​၏။ ယုပ္ပေ​မြို့​မှ ညီအစ်ကို​အချို့​တို့​သည်​လည်း သူ​နှင့်အတူ​လိုက်သွား​ကြ​၏။

​တမန်တော်ဝတ္ထု 10:9-23 နှင့်ပတ်သက်သည့် အခမဲ့ ဖတ်ရှုခြင်းအစီအစဉ်နှင့် ဝိညာဉ်ရေးရာအချက်အလက်များ။