YouVersion လိုဂို
ရှာရန် အိုင်ကွန်

ယောဟန် 10

10
သိုးထိန်းကောင်း​နှင့် သူ​၏​သိုးများ
1“သင်တို့​အား ငါ​အမှန်​ဆို၏။ သိုးခြံ​ထဲသို့ ဝင်းတံခါး​မှ မဝင်ဘဲ ခြံ​ကို​ကျော်​၍ ဝင်သော​သူ​သည် သူခိုး၊ ဓားပြ​ဖြစ်၏။ 2ဝင်းတံခါး​မှ ဝင်သော​သူ​သာလျှင် သိုးထိန်း​ဖြစ်၏။ 3တံခါးစောင့်​သည် ထို​သူ​ကို တံခါး​ဖွင့်ပေးတတ်၏။ သိုးတို့​သည်လည်း သူ​၏ အသံ​ကို မှတ်မိ​၍ သူ့​ထံသို့ လာကြ၏။ သူ​သည် မိမိ​သိုးတို့​ကို နာမည်​ဖြင့်​ခေါ်​၍ ထုတ်ဆောင်သွားတတ်၏။ 4သူ​သည် မိမိ​သိုးတို့​ကို ထုတ်​ပြီးနောက် ရှေ့​မှ သွား​သောအခါ သိုးတို့​သည် သူ​၏ အသံ​ကို သိ​သောကြောင့် သူ့​နောက်သို့ လိုက်ကြ၏။ 5သိုးတို့​သည် လူစိမ်း​၏ အသံ​ကို မသိ​သောကြောင့် လူစိမ်း​နောက်သို့ မလိုက်ဘဲ ပြေးကြ​လိမ့်မည်” ဟု မိန့်တော်မူ၏။
6ယေရှု​သည် သူတို့​ကို ဤ​ပုံဥပမာ ဟောပြော​သော်လည်း သူတို့​သည် အနက်အဓိပ္ပာယ်​ကို နားမလည်ကြပေ။ 7ထို့ကြောင့် တစ်ဖန် ယေရှု​က “သင်တို့​အား ငါ​အမှန်​ဆို၏။ ငါ​သည် သိုးခြံဝင်း​တံခါး​ဖြစ်၏။ 8ငါ့​ရှေ့​တွင် ရောက်လာကြသူ​အားလုံး​သည် သူခိုး​နှင့် ဓားပြများ​ဖြစ်ကြ၏။ သို့သော် သိုးတို့​သည် ထို​သူတို့​၏ စကား​ကို နားမထောင်ကြပေ။ 9ငါ​သည် တံခါးဝ​ဖြစ်၏။ ဤ​တံခါးဝ​မှ ဝင်သောသူ​သည် ဘေးကင်း​၍ ဝင်ထွက်သွားလာ​လျက် ကျက်စားရာ​အရပ်​ကို တွေ့​လိမ့်မည်။ 10သူခိုး​သည် ခိုးဝှက်​ရန်၊ သတ်ဖြတ်​ရန်​နှင့် ဖျက်ဆီး​ရန်အတွက်​သာ လာ၏။ ငါ​သည် သိုးတို့​ကို အသက်​ကို ရရှိ​စေရန်​သာမက ထို​အသက်​ကို ကြွယ်ဝပြည့်စုံ​စွာ ရရှိ​စေရန်​လည်း လာ၏။
11ငါ​သည် သိုးထိန်းကောင်း​ဖြစ်၏။ သိုးထိန်းကောင်း​သည် သိုးတို့​အတွက် မိမိ​အသက်​ကို စွန့်တတ်၏။ 12အငှား​သိုးထိန်း​မှာမူ ဝံပုလွေ​လာသည်​ကို မြင်​လျှင် ထွက်ပြေးတတ်၏။ သူ​သည် သိုးထိန်း မဟုတ်။ သိုးရှင်​လည်း မဟုတ်​သောကြောင့် သိုးတို့​ကို စွန့်ပစ်ထား​လိမ့်မည်။ ထိုအခါ ဝံပုလွေ​သည် သိုးအုပ်​ကို ဝင်ဆွဲ​၍ တကွဲတပြား​ဖြစ်စေတတ်၏။ 13ထိုသို့ အငှား​သိုးထိန်း ထွက်ပြေးရခြင်း​မှာ သူ​သည် အခကြေးငွေ​အတွက်​သာ လုပ်ဆောင်တတ်​ပြီး သိုးတို့​ကို ဂရုမစိုက်​သောကြောင့် ဖြစ်၏။
14-15ငါ​သည် သိုးထိန်းကောင်း​ဖြစ်၏။ ခမည်းတော်​သည် ငါ့​ကို သိတော်မူ​၍ ငါ​သည်လည်း ခမည်းတော်​ကို သိ၏။ ထိုကဲ့သို့ပင် ငါ့​သိုးတို့​ကို ငါ​သိ​၍ ငါ့​သိုးတို့​သည်လည်း ငါ့​ကို သိကြ၏။ ငါ​သည် ထို​သိုးတို့​အတွက် အသက်​ကို စွန့်၏။ 16ဤ​သိုးခြံ​မှ မဟုတ်သော အခြား​သိုးတို့​ကိုလည်း ငါ​ပိုင်သေး၏။ ထို​သိုးတို့​ကိုလည်း ငါ​ခေါ်ဆောင်လာ​ရမည်။ ထို​သိုးတို့​သည် ငါ့​စကားသံ​ကို နားထောင်ကြ​လိမ့်မည်။ သို့ဖြစ်၍ သိုး​တစ်အုပ်တည်း​နှင့် သိုးထိန်း​တစ်ပါးတည်း ဖြစ်လာ​လိမ့်မည်။
17ငါ​သည် အသက်​ကို ပြန်လည်ရယူ​ရန် ကိုယ့်​အသက်​ကို စွန့်​သောကြောင့် ခမည်းတော်​သည် ငါ့​ကို ချစ်တော်မူ၏။ 18မည်သူ​ကမျှ ငါ့​အသက်​ကို စွန့်စေသည်​မဟုတ်။ မိမိ​သဘော​ဖြင့်သာ ငါ​စွန့်၏။ အဘယ်ကြောင့်ဆိုသော် ငါ့​အသက်​ကို စွန့်​ရန်​နှင့် ပြန်ယူ​ရန် ငါ့​ထံ၌ အခွင့်အာဏာ​ရှိ​သောကြောင့်​ဖြစ်၏။ ထို​အမိန့်​ကို ခမည်းတော်​ထံမှ ငါ​ရရှိ၏” ဟု မိန့်တော်မူ၏။
19ထို​စကားတော်တို့​ကြောင့် ယေရှု​အကြောင်း​နှင့်​ပတ်သက်၍ ဂျူးလူမျိုးတို့​အထဲ​တွင် သဘောထား​ကွဲလွဲကြပြန်၏။ 20တချို့​က “ဤ​သူ​သည် နတ်ဆိုးပူး​၍ ရူးနေ၏။ ဤ​ကဲ့သို့သော​သူ​၏ စကား​ကို အဘယ်ကြောင့် နားထောင်ကြသနည်း” ဟု ပြောဆိုကြ၏။ 21အခြား​သူများ​က “သူ​၏ စကားတို့​သည် နတ်ဆိုးပူးသော​သူ​၏ စကားများ​နှင့် မတူပါ။ နတ်ဆိုး​သည် မျက်မမြင်တို့​ကို မြင်စေနိုင်မည်လော” ဟု ပြောဆိုကြ၏။
ဘုရား​သားတော်​ဖြစ်ကြောင်း ယေရှု​ကြွေးကြော်တော်မူခြင်း
22ထို​ကာလ​သည် ဆောင်းရာသီ​ဖြစ်၏။ ထို​အချိန်​၌ ဂျေရုဆလင်မြို့​တွင် ဗိမာန်တော်​ရည်စူးဆက်ကပ်သည့် အင်ကဲနိ​ပွဲတော် ကျင်းပ​လျက်​ရှိ၏။ 23ယေရှု​သည် ဗိမာန်တော်​အတွင်း​ရှိ ရှောလမုန်​ဆင်ဝင်​သို့ ကြွတော်မူ​စဉ် 24ဂျူးလူမျိုးတို့​သည် ယေရှု​ထံတော်သို့ စုဝေးလာ​၍ “သင်​သည် မည်မျှ​ကြာသည်​အထိ ငါတို့​ကို ဝေခွဲဆုံးဖြတ်ရ​ခက်စေမည်နည်း။ အကယ်၍ သင်​သည် ခရစ်တော်#10:24 ဂရိဘာသာ​အားဖြင့် “ခရစ်တော်၊” ဟေဗြဲဘာသာ​အားဖြင့် “မေရှိယ” ဖြစ်ပြီး ထို​နှစ်ခုလုံး​၏ အဓိပ္ပာယ်​မှာ “ဘိသိက်ခံရသူ၊” သို့မဟုတ် “ရွေးကောက်ခံရသူ” ဖြစ်သည်။​မှန်​လျှင် ငါတို့​ကို အတိအလင်း​ပြောပါ” ဟု ဆိုကြ၏။
25ယေရှု​က “သင်တို့​ကို ငါ​ပြောခဲ့ပြီး​ဖြစ်၏။ သို့သော်လည်း သင်တို့​မယုံကြည်ကြ။ ခမည်းတော်​၏ အခွင့်တော်#10:25 မူရင်း​ဂရိကျမ်း​တွင် “အမည်​နာမတော်​ဖြင့်” ဟု ပါရှိသည်။​အားဖြင့် ငါ​ပြုသော အမှုတို့​သည် သက်သေ​ဖြစ်ကြ၏။ 26သင်တို့​သည် ငါ့​သိုးများ​မဟုတ်​သောကြောင့် ငါ့​ကို မယုံကြည်ကြ။ 27ငါ့​သိုးတို့​သည် ငါ့​စကားသံ​ကို နားထောင်​၍ ငါ့​နောက်သို့ လိုက်ကြ၏။ ထို​သိုးတို့​ကိုလည်း ငါ​သိ၏။ 28သူတို့​အား ထာဝရ​အသက်​ကို ငါ​ပေး​သဖြင့် သူတို့​သည် သေခြင်း​နှင့်​ကင်းလွတ်ကြ​လိမ့်မည်။ မည်သူ​မျှ သူတို့​ကို ငါ့​လက်​မှ လုယူသွားနိုင်မည်​မဟုတ်။ 29ထို​သိုးတို့​ကို ငါ့​အား ပေးအပ်တော်မူသော ခမည်းတော်​သည် ခပ်သိမ်းသော​သူတို့​ထက် ကြီးမြတ်တော်မူ၏။ ထို့ကြောင့် မည်သူ​ကမျှ ထို​သိုးတို့​ကို ခမည်းတော်​၏ လက်တော်​မှ လုယူသွားနိုင်မည်​မဟုတ်။ 30ခမည်းတော်​နှင့် ငါ​သည် တစ်သားတည်း​ဖြစ်၏” ဟု မိန့်တော်မူ၏။
31ထိုအခါ ဂျူးတို့​သည် ကိုယ်တော်​ကို ပေါက်သတ်​ရန် ကျောက်ခဲများ​ကို ကောက်ကြပြန်၏။ 32ယေရှု​က “ခမည်းတော်​၏ ညွှန်ကြားချက်​နှင့်အညီ ကောင်းသော​အမှုများ​ကို ငါ​ပြခဲ့၏။ ထို​အမှုများ​ထဲမှ မည်သည့်​အမှု​ကြောင့် ငါ့​ကို ခဲ​နှင့် ပေါက်သတ်ကြမည်နည်း” ဟု မေးတော်မူ၏။
33ဂျူးတို့​က “ကောင်းသော​အမှု​ကို သင်​ပြု​သောကြောင့် သင့်​ကို ခဲ​နှင့် ပေါက်သတ်မည်​မဟုတ်။ သင်​သည် သာမန်လူ​ဖြစ်လျက်​နှင့်​ပင် သင့်​ကိုယ်​သင် ဘုရားသခင်​အဖြစ် ကြွေးကြော်​၍ ဘုရားသခင်​ကို စော်ကား​သောကြောင့် ခဲ​နှင့်​ပေါက်သတ်မည်” ဟု ဆိုကြ၏။
34ယေရှု​က “ကျမ်းစာ#10:34 မူရင်း​ဂရိကျမ်း​တွင် “သင်တို့​၏​ပညတ်တရား” ဟု ပါရှိသည်။​တွင် ဘုရားသခင်​က ‘သင်တို့​သည် ဘုရားများ​ဖြစ်ကြ၏’#10:34 ဆာ ၈၂:၆။ ဟူ၍ ဖော်ပြထားသည်​မဟုတ်လော။ 35ကျမ်းစာတော်​ကို မပယ်ဖျက်နိုင်ကြောင်း​ကို သင်တို့​သိကြ၏။ ထို့ကြောင့် ဘုရားသခင်​က မိမိ​၏ နှုတ်ကပတ်တော်​ကို လက်ခံရရှိသောသူတို့​ကို ဘုရားများ​ဟု ခေါ်ဆိုတော်မူ​လျှင် 36ခမည်းတော်​ရွေးချယ်​၍ လောက​သို့ စေလွှတ်ခံရသော ငါ​က ‘ငါ​သည် ဘုရားသခင်​၏ သားတော်​ဖြစ်သည်’ ဟု ပြောဆိုသည်​ကို သင်တို့​က ‘ဘုရားသခင်​ကို စော်ကားသည်’ ဟု ဆိုကြသလော။ 37ခမည်းတော်​၏ အမှုတော်တို့​ကို ငါ​မလုပ်ဆောင်​ပါက ငါ့​ကို မယုံကြည်ကြနှင့်။ 38ငါ​လုပ်ဆောင်​ပါက ငါ့​ကို မယုံ​သော်လည်း ငါ​လုပ်ဆောင်ခဲ့သော​အမှုတော်တို့​ကို ယုံလော့။ ထိုသို့ ယုံကြည်​လျှင် ခမည်းတော်​သည် ငါ​၌ တည်တော်မူသည်​ကို​လည်းကောင်း၊ ငါ​သည် ခမည်းတော်​၌ တည်သည်​ကို​လည်းကောင်း သင်တို့​သိကြ​လိမ့်မည်” ဟု မိန့်တော်မူ၏။
39ထိုအခါ သူတို့​သည် ယေရှု​ကို ဖမ်းဆီး​ရန် ကြိုးစားကြပြန်၏။ သို့သော်လည်း ယေရှု​သည် သူတို့​ထံမှ ရှောင်တိမ်း​၍ ထွက်ကြွတော်မူ၏။ 40ထို့နောက် ဂျော်ဒန်မြစ်​တစ်ဖက်ကမ်း​ရှိ ယခင်​က ယောဟန်​နှစ်ခြင်းမင်္ဂလာ​ပေးခဲ့သော​အရပ်​သို့ ကြွ​၍ ထို​အရပ်​တွင် နေတော်မူ၏။ 41လူများစွာတို့​သည် ယေရှု​ထံတော်သို့ ရောက်လာကြ၏။ သူတို့​က “ယောဟန်​သည် နိမိတ်​လက္ခဏာများ​ကို မပြုခဲ့ပါ။ သို့သော်လည်း ဤ​သူ​နှင့်​ပတ်သက်၍ ယောဟန်​ပြောခဲ့သမျှ​သည် မှန်ကန်၏” ဟု ပြောဆိုကြ၏။ 42ဤသို့ဖြင့် ထို​အရပ်​၌ လူများစွာ​သည် ယေရှု​ကို ယုံကြည်ကြ၏။

လက်ရှိရွေးချယ်ထားမှု

ယောဟန် 10: BCB

အရောင်မှတ်ချက်

မျှဝေရန်

ကူးယူ

None

မိမိစက်ကိရိယာအားလုံးတွင် မိမိအရောင်ချယ်သောအရာများကို သိမ်းဆည်းထားလိုပါသလား။ စာရင်းသွင်းပါ (သို့) အကောင့်ဝင်လိုက်ပါ

ယောဟန် 10 အကြောင်း ဗီဒီယိုများ