ယောဟန် 10
10
သိုးထိန်းကောင်းနှင့် သူ၏သိုးများ
1“သင်တို့အား ငါအမှန်ဆို၏။ သိုးခြံထဲသို့ ဝင်းတံခါးမှ မဝင်ဘဲ ခြံကိုကျော်၍ ဝင်သောသူသည် သူခိုး၊ ဓားပြဖြစ်၏။ 2ဝင်းတံခါးမှ ဝင်သောသူသာလျှင် သိုးထိန်းဖြစ်၏။ 3တံခါးစောင့်သည် ထိုသူကို တံခါးဖွင့်ပေးတတ်၏။ သိုးတို့သည်လည်း သူ၏ အသံကို မှတ်မိ၍ သူ့ထံသို့ လာကြ၏။ သူသည် မိမိသိုးတို့ကို နာမည်ဖြင့်ခေါ်၍ ထုတ်ဆောင်သွားတတ်၏။ 4သူသည် မိမိသိုးတို့ကို ထုတ်ပြီးနောက် ရှေ့မှ သွားသောအခါ သိုးတို့သည် သူ၏ အသံကို သိသောကြောင့် သူ့နောက်သို့ လိုက်ကြ၏။ 5သိုးတို့သည် လူစိမ်း၏ အသံကို မသိသောကြောင့် လူစိမ်းနောက်သို့ မလိုက်ဘဲ ပြေးကြလိမ့်မည်” ဟု မိန့်တော်မူ၏။
6ယေရှုသည် သူတို့ကို ဤပုံဥပမာ ဟောပြောသော်လည်း သူတို့သည် အနက်အဓိပ္ပာယ်ကို နားမလည်ကြပေ။ 7ထို့ကြောင့် တစ်ဖန် ယေရှုက “သင်တို့အား ငါအမှန်ဆို၏။ ငါသည် သိုးခြံဝင်းတံခါးဖြစ်၏။ 8ငါ့ရှေ့တွင် ရောက်လာကြသူအားလုံးသည် သူခိုးနှင့် ဓားပြများဖြစ်ကြ၏။ သို့သော် သိုးတို့သည် ထိုသူတို့၏ စကားကို နားမထောင်ကြပေ။ 9ငါသည် တံခါးဝဖြစ်၏။ ဤတံခါးဝမှ ဝင်သောသူသည် ဘေးကင်း၍ ဝင်ထွက်သွားလာလျက် ကျက်စားရာအရပ်ကို တွေ့လိမ့်မည်။ 10သူခိုးသည် ခိုးဝှက်ရန်၊ သတ်ဖြတ်ရန်နှင့် ဖျက်ဆီးရန်အတွက်သာ လာ၏။ ငါသည် သိုးတို့ကို အသက်ကို ရရှိစေရန်သာမက ထိုအသက်ကို ကြွယ်ဝပြည့်စုံစွာ ရရှိစေရန်လည်း လာ၏။
11ငါသည် သိုးထိန်းကောင်းဖြစ်၏။ သိုးထိန်းကောင်းသည် သိုးတို့အတွက် မိမိအသက်ကို စွန့်တတ်၏။ 12အငှားသိုးထိန်းမှာမူ ဝံပုလွေလာသည်ကို မြင်လျှင် ထွက်ပြေးတတ်၏။ သူသည် သိုးထိန်း မဟုတ်။ သိုးရှင်လည်း မဟုတ်သောကြောင့် သိုးတို့ကို စွန့်ပစ်ထားလိမ့်မည်။ ထိုအခါ ဝံပုလွေသည် သိုးအုပ်ကို ဝင်ဆွဲ၍ တကွဲတပြားဖြစ်စေတတ်၏။ 13ထိုသို့ အငှားသိုးထိန်း ထွက်ပြေးရခြင်းမှာ သူသည် အခကြေးငွေအတွက်သာ လုပ်ဆောင်တတ်ပြီး သိုးတို့ကို ဂရုမစိုက်သောကြောင့် ဖြစ်၏။
14-15ငါသည် သိုးထိန်းကောင်းဖြစ်၏။ ခမည်းတော်သည် ငါ့ကို သိတော်မူ၍ ငါသည်လည်း ခမည်းတော်ကို သိ၏။ ထိုကဲ့သို့ပင် ငါ့သိုးတို့ကို ငါသိ၍ ငါ့သိုးတို့သည်လည်း ငါ့ကို သိကြ၏။ ငါသည် ထိုသိုးတို့အတွက် အသက်ကို စွန့်၏။ 16ဤသိုးခြံမှ မဟုတ်သော အခြားသိုးတို့ကိုလည်း ငါပိုင်သေး၏။ ထိုသိုးတို့ကိုလည်း ငါခေါ်ဆောင်လာရမည်။ ထိုသိုးတို့သည် ငါ့စကားသံကို နားထောင်ကြလိမ့်မည်။ သို့ဖြစ်၍ သိုးတစ်အုပ်တည်းနှင့် သိုးထိန်းတစ်ပါးတည်း ဖြစ်လာလိမ့်မည်။
17ငါသည် အသက်ကို ပြန်လည်ရယူရန် ကိုယ့်အသက်ကို စွန့်သောကြောင့် ခမည်းတော်သည် ငါ့ကို ချစ်တော်မူ၏။ 18မည်သူကမျှ ငါ့အသက်ကို စွန့်စေသည်မဟုတ်။ မိမိသဘောဖြင့်သာ ငါစွန့်၏။ အဘယ်ကြောင့်ဆိုသော် ငါ့အသက်ကို စွန့်ရန်နှင့် ပြန်ယူရန် ငါ့ထံ၌ အခွင့်အာဏာရှိသောကြောင့်ဖြစ်၏။ ထိုအမိန့်ကို ခမည်းတော်ထံမှ ငါရရှိ၏” ဟု မိန့်တော်မူ၏။
19ထိုစကားတော်တို့ကြောင့် ယေရှုအကြောင်းနှင့်ပတ်သက်၍ ဂျူးလူမျိုးတို့အထဲတွင် သဘောထားကွဲလွဲကြပြန်၏။ 20တချို့က “ဤသူသည် နတ်ဆိုးပူး၍ ရူးနေ၏။ ဤကဲ့သို့သောသူ၏ စကားကို အဘယ်ကြောင့် နားထောင်ကြသနည်း” ဟု ပြောဆိုကြ၏။ 21အခြားသူများက “သူ၏ စကားတို့သည် နတ်ဆိုးပူးသောသူ၏ စကားများနှင့် မတူပါ။ နတ်ဆိုးသည် မျက်မမြင်တို့ကို မြင်စေနိုင်မည်လော” ဟု ပြောဆိုကြ၏။
ဘုရားသားတော်ဖြစ်ကြောင်း ယေရှုကြွေးကြော်တော်မူခြင်း
22ထိုကာလသည် ဆောင်းရာသီဖြစ်၏။ ထိုအချိန်၌ ဂျေရုဆလင်မြို့တွင် ဗိမာန်တော်ရည်စူးဆက်ကပ်သည့် အင်ကဲနိပွဲတော် ကျင်းပလျက်ရှိ၏။ 23ယေရှုသည် ဗိမာန်တော်အတွင်းရှိ ရှောလမုန်ဆင်ဝင်သို့ ကြွတော်မူစဉ် 24ဂျူးလူမျိုးတို့သည် ယေရှုထံတော်သို့ စုဝေးလာ၍ “သင်သည် မည်မျှကြာသည်အထိ ငါတို့ကို ဝေခွဲဆုံးဖြတ်ရခက်စေမည်နည်း။ အကယ်၍ သင်သည် ခရစ်တော်#10:24 ဂရိဘာသာအားဖြင့် “ခရစ်တော်၊” ဟေဗြဲဘာသာအားဖြင့် “မေရှိယ” ဖြစ်ပြီး ထိုနှစ်ခုလုံး၏ အဓိပ္ပာယ်မှာ “ဘိသိက်ခံရသူ၊” သို့မဟုတ် “ရွေးကောက်ခံရသူ” ဖြစ်သည်။မှန်လျှင် ငါတို့ကို အတိအလင်းပြောပါ” ဟု ဆိုကြ၏။
25ယေရှုက “သင်တို့ကို ငါပြောခဲ့ပြီးဖြစ်၏။ သို့သော်လည်း သင်တို့မယုံကြည်ကြ။ ခမည်းတော်၏ အခွင့်တော်#10:25 မူရင်းဂရိကျမ်းတွင် “အမည်နာမတော်ဖြင့်” ဟု ပါရှိသည်။အားဖြင့် ငါပြုသော အမှုတို့သည် သက်သေဖြစ်ကြ၏။ 26သင်တို့သည် ငါ့သိုးများမဟုတ်သောကြောင့် ငါ့ကို မယုံကြည်ကြ။ 27ငါ့သိုးတို့သည် ငါ့စကားသံကို နားထောင်၍ ငါ့နောက်သို့ လိုက်ကြ၏။ ထိုသိုးတို့ကိုလည်း ငါသိ၏။ 28သူတို့အား ထာဝရအသက်ကို ငါပေးသဖြင့် သူတို့သည် သေခြင်းနှင့်ကင်းလွတ်ကြလိမ့်မည်။ မည်သူမျှ သူတို့ကို ငါ့လက်မှ လုယူသွားနိုင်မည်မဟုတ်။ 29ထိုသိုးတို့ကို ငါ့အား ပေးအပ်တော်မူသော ခမည်းတော်သည် ခပ်သိမ်းသောသူတို့ထက် ကြီးမြတ်တော်မူ၏။ ထို့ကြောင့် မည်သူကမျှ ထိုသိုးတို့ကို ခမည်းတော်၏ လက်တော်မှ လုယူသွားနိုင်မည်မဟုတ်။ 30ခမည်းတော်နှင့် ငါသည် တစ်သားတည်းဖြစ်၏” ဟု မိန့်တော်မူ၏။
31ထိုအခါ ဂျူးတို့သည် ကိုယ်တော်ကို ပေါက်သတ်ရန် ကျောက်ခဲများကို ကောက်ကြပြန်၏။ 32ယေရှုက “ခမည်းတော်၏ ညွှန်ကြားချက်နှင့်အညီ ကောင်းသောအမှုများကို ငါပြခဲ့၏။ ထိုအမှုများထဲမှ မည်သည့်အမှုကြောင့် ငါ့ကို ခဲနှင့် ပေါက်သတ်ကြမည်နည်း” ဟု မေးတော်မူ၏။
33ဂျူးတို့က “ကောင်းသောအမှုကို သင်ပြုသောကြောင့် သင့်ကို ခဲနှင့် ပေါက်သတ်မည်မဟုတ်။ သင်သည် သာမန်လူဖြစ်လျက်နှင့်ပင် သင့်ကိုယ်သင် ဘုရားသခင်အဖြစ် ကြွေးကြော်၍ ဘုရားသခင်ကို စော်ကားသောကြောင့် ခဲနှင့်ပေါက်သတ်မည်” ဟု ဆိုကြ၏။
34ယေရှုက “ကျမ်းစာ#10:34 မူရင်းဂရိကျမ်းတွင် “သင်တို့၏ပညတ်တရား” ဟု ပါရှိသည်။တွင် ဘုရားသခင်က ‘သင်တို့သည် ဘုရားများဖြစ်ကြ၏’#10:34 ဆာ ၈၂:၆။ ဟူ၍ ဖော်ပြထားသည်မဟုတ်လော။ 35ကျမ်းစာတော်ကို မပယ်ဖျက်နိုင်ကြောင်းကို သင်တို့သိကြ၏။ ထို့ကြောင့် ဘုရားသခင်က မိမိ၏ နှုတ်ကပတ်တော်ကို လက်ခံရရှိသောသူတို့ကို ဘုရားများဟု ခေါ်ဆိုတော်မူလျှင် 36ခမည်းတော်ရွေးချယ်၍ လောကသို့ စေလွှတ်ခံရသော ငါက ‘ငါသည် ဘုရားသခင်၏ သားတော်ဖြစ်သည်’ ဟု ပြောဆိုသည်ကို သင်တို့က ‘ဘုရားသခင်ကို စော်ကားသည်’ ဟု ဆိုကြသလော။ 37ခမည်းတော်၏ အမှုတော်တို့ကို ငါမလုပ်ဆောင်ပါက ငါ့ကို မယုံကြည်ကြနှင့်။ 38ငါလုပ်ဆောင်ပါက ငါ့ကို မယုံသော်လည်း ငါလုပ်ဆောင်ခဲ့သောအမှုတော်တို့ကို ယုံလော့။ ထိုသို့ ယုံကြည်လျှင် ခမည်းတော်သည် ငါ၌ တည်တော်မူသည်ကိုလည်းကောင်း၊ ငါသည် ခမည်းတော်၌ တည်သည်ကိုလည်းကောင်း သင်တို့သိကြလိမ့်မည်” ဟု မိန့်တော်မူ၏။
39ထိုအခါ သူတို့သည် ယေရှုကို ဖမ်းဆီးရန် ကြိုးစားကြပြန်၏။ သို့သော်လည်း ယေရှုသည် သူတို့ထံမှ ရှောင်တိမ်း၍ ထွက်ကြွတော်မူ၏။ 40ထို့နောက် ဂျော်ဒန်မြစ်တစ်ဖက်ကမ်းရှိ ယခင်က ယောဟန်နှစ်ခြင်းမင်္ဂလာပေးခဲ့သောအရပ်သို့ ကြွ၍ ထိုအရပ်တွင် နေတော်မူ၏။ 41လူများစွာတို့သည် ယေရှုထံတော်သို့ ရောက်လာကြ၏။ သူတို့က “ယောဟန်သည် နိမိတ်လက္ခဏာများကို မပြုခဲ့ပါ။ သို့သော်လည်း ဤသူနှင့်ပတ်သက်၍ ယောဟန်ပြောခဲ့သမျှသည် မှန်ကန်၏” ဟု ပြောဆိုကြ၏။ 42ဤသို့ဖြင့် ထိုအရပ်၌ လူများစွာသည် ယေရှုကို ယုံကြည်ကြ၏။
လက်ရှိရွေးချယ်ထားမှု
ယောဟန် 10: BCB
အရောင်မှတ်ချက်
မျှဝေရန်
ကူးယူ
မိမိစက်ကိရိယာအားလုံးတွင် မိမိအရောင်ချယ်သောအရာများကို သိမ်းဆည်းထားလိုပါသလား။ စာရင်းသွင်းပါ (သို့) အကောင့်ဝင်လိုက်ပါ
ခေတ်သစ်မြန်မာ သမ္မာကျမ်း™
မူပိုင်ခွင့်၊ © Biblica Inc. ၁၉၈၅၊ ၂၀၂၄
ခွင့်ပြုချက်ဖြင့် အသုံးပြုသည်။ ကမ္ဘာတစ်ဝန်းမူပိုင်ခွင့်များရယူပြီးဖြစ်သည်။
Burmese Contemporary Bible™
Copyright © 1985, 2024 by Biblica, Inc.
Used with permission. All rights reserved worldwide.