တမန်တော် 20
20
မာကေဒေါနိပြည်နှင့်အခါယပြည်သို့
1ထိုရုန်းရင်းခတ်သော အမှုငြိမ်းသောအခါ ပေါလုသည်၊ တပည့်တော်တို့ကိုခေါ်၍ နှုတ်ဆက်ပြီးမှ မာကေဒေါနိပြည်သို့ သွားလေ၏။- 2ထိုအရပ်များကိုလျှောက်သွား၍ တပည့်တော်တို့ကို စကားများနှင့် ဆုံးမပြီးမှ ဟေလသပြည်သို့ ရောက်လာ၏။- 3သုံးလနေပြီးလျှင် ပင်လယ်ကိုကူး၍ ရှုရိပြည်သို့ သွားမည်ပြုသော်၊ ယုဒလူတို့သည် မကောင်းသောအကြံကို ကြံသောကြောင့်၊ မာကေဒေါနိပြည်လမ်းဖြင့် ပြန်မည်ဟု အကြံရှိပြန်၏။- 4ပေါလုနှင့်အတူ အာရှိပြည်သို့ လိုက်သောသူ ဟူမူကား၊ ဗေရိမြို့သားဖြစ်သော ပုရု၏သား သောပတရု၊ သက်သာလောနိတ်မြို့သား အာရိတ္တာခုနှင့် သေကုန္ဒု၊ ဒေရဗေမြို့သားဂါယု၊ လုတ္တရမြို့သား တိမောသေ၊ အာရှိပြည်သားတုခိတ်နှင့် တရောဖိမ်တည်း။- 5ဤသူတို့သည် ငါတို့အရင်သွား၍ တရောမြို့၌ ငံ့လင့်လျက် နေကြ၏။- 6အဇုမပွဲနေ့ရက်လွန်ပြီးမှ ငါတို့သည် ဖိလိပ္ပိမြို့မှ သင်္ဘောနှင့်လွှင့်၍ ငါးရက်အတွင်းတွင် သူတို့ရှိရာ တရောမြို့သို့ရောက်၍ ခုနစ်ရက် နေကြ၏။
တရောမြို့သို့နောက်ဆုံးအကြိမ်
7ခုနစ်ရက်တွင် ပထမနေ့ရက်၌ မုန့်ကိုဖဲ့ခြင်းငှာ စည်းဝေးကြသောအခါ၊ ပေါလုသည် နက်ဖြန်နေ့၌ ထွက်သွားမည်ဖြစ်၍၊ သန်းခေါင်တိုင်အောင် ဟောပြောလျက် နေလေ၏။- 8စည်းဝေးရာအထက်ခန်း၌ မီးခွက်များရှိ၏။- 9ဥတုခုအမည်ရှိသော လုလင်တစ်ယောက်သည် ပြတင်းပေါက် နားမှာထိုင်၍ အိပ်ပျော်ကျူးလွန်လျက် နေ၏။ ပေါလုသည် ကြာမြင့်စွာ ဟောပြောသည်တွင်၊ ထိုသူသည် အိပ်ပျော်လျက် အိမ်သုံးဆင့်အထက်မှ အောက်သို့လျော့ကျ၍ သေသည်ကို သူတို့သည် ချီကြွကြ၏။- 10ပေါလုသည်လည်း အောက်သို့ဆင်း၍ သူ၏အပေါ်သို့ ကိုယ်ကိုလှဲလျက် ဖက်ယမ်းပြီးမှ၊ အုတ်အုတ်သဲသဲ မပြုကြနှင့်။ သူသည် အသက်ရှိ၏ဟုဆို၍ တက်ပြန်လေ၏။- 11မုန့်ကိုဖဲ့၍စားကြသည်နှင့် မိုးလင်းသည်တိုင်အောင် ကြာမြင့်စွာ စကားပြောပြီးမှ ထွက်သွား၏။- 12အသက်ရှင်လျက်ရှိသော ထိုလုလင်ကို ဆောင်ယူခဲ့၍၊ အလွန်သက်သာခြင်း ရှိကြ၏။
တရောမြို့မှမိလက်မြို့သို့
13ငါတို့သည် ပေါလုအရင် သင်္ဘောသို့သွား၍၊ အဿုမြို့၌ သူ့ကိုခံယူမည်အကြံနှင့် ထိုမြို့သို့ လွှင့်ကြ၏။ ပေါလုသည်ထိုမြို့သို့ ကုန်းကြောင်းသွားမည်အကြံရှိ၍ ထိုသို့စီရင်လေ၏။- 14အဿုမြို့၌ သူသည် ငါတို့နှင့်တွေ့မိလျှင်၊ သူ့ကိုခံယူ၍ မိတုလင်မြို့သို့သွားကြ၏။- 15ထိုမြို့မှလွှင့်ပြန်လျှင် နက်ဖြန်နေ့၌ ခိအုကျွန်းနားမှာ လျှောက်သွား၍ နောက်တစ်နေ့၌ သာမုကျွန်းသို့ ရောက်သဖြင့်၊ တရောဂုလိအငူစွန်း၌ နေကြ၏။ နောက်တစ်နေ့၌လည်း မိလက်မြို့သို့ရောက်ကြ၏။- 16ပေါလုသည် ပင်တေကုတ္တေပွဲနေ့မလွန်မီ ယေရုရှလင်မြို့သို့ ရောက်နိုင်လျှင်ရောက်ခြင်းငှာ ကြိုးစားသည်ဖြစ်၍ အာရှိပြည်၌ တာရှည်စွာမနေလိုသဖြင့် ဧဖက်မြို့မှာ မဆိုက်ဘဲ လွှင့်သွားမည်ဟု စိတ်ပြဋ္ဌာန်းလျက်ရှိနှင့်သတည်း။
ဧဖက်အသင်းတော်လူကြီးတို့အား နှုတ်ဆက်ခြင်း
17မိလက်မြို့သို့ရောက်မှ ပေါလုသည် ဧဖက်မြို့သို့ စေလွှတ်၍ သင်းအုပ်များကို ခေါ်လေ၏။- 18သူတို့သည် ရောက်ကြသောအခါ၊ ပေါလုက၊ ငါသည် အာရှိပြည်သို့ရောက်သော နေ့မှစ၍ ယခုတိုင်အောင် သင်တို့ရှေ့မှာ အဘယ်သို့ ကျင့်နေသည်ကို သင်တို့သိကြ၏။- 19အလွန်နှိမ့်ချသောစိတ်ရှိလျက်၊ မျက်ရည်ကျလျက်၊ ယုဒလူတို့၏ မကောင်းသောအကြံအားဖြင့် စုံစမ်းနှောင့်ယှက်ခြင်းကိုခံလျက်၊ သခင်ဘုရား၏ အမှုတော်ကို ငါဆောင်ရွက်သည် အကြောင်းအရာကို သင်တို့သိကြ၏။- 20သင်တို့အကျိုးပြုစုရာ တစ်စုံတစ်ခုကိုမျှ ငါမထိမ်မဝှက်။ လူစုဝေးရာ၌လည်းကောင်း၊ အိမ်များ၌လည်းကောင်း၊ သင်တို့အားဟောပြော၍ ဆုံးမဩဝါဒ ပေးသဖြင့်၊- 21ဘုရားသခင့်ရှေ့တော်၌ နောင်တရခြင်းတရားကိုလည်းကောင်း၊ ငါတို့သခင်ယေရှုခရစ်ကို ယုံကြည်ခြင်းတရားကိုလည်းကောင်း၊ ယုဒလူ၊ ဟေလသလူတို့အား သက်သေခံသည် အကြောင်းအရာကို သင်တို့သိကြ၏။
22ယခုမှာငါသည် ဝိညာဉ်တော်အားဖြင့် ချည်နှောင်ခြင်းကိုခံ၍၊ ယေရုရှလင်မြို့သို့သွားရ၏။ ထိုမြို့၌ အဘယ်အမှုရောက်မည်ကို မသိ။- 23သို့သော်လည်း ချည်နှောင်ခြင်း၊ ညှဉ်းဆဲနှိပ်စက်ခြင်းအမှုတို့သည် ငါ့ကိုဆိုင်းလင့်သည်ဟု သန့်ရှင်းသောဝိညာဉ်တော်သည် ခပ်သိမ်းသောမြို့တို့၌ ငါ့အား သက်သေခံတော်မူ၏။- 24သို့ရာတွင် ဘုရားသခင်၏ ကျေးဇူးတော်နှင့်ယှဉ်သော ဧဝံဂေလိတရားကို သက်သေခံစေခြင်းငှာ၊ သခင်ယေရှု၏လက်မှ ငါခံခဲ့ပြီးသောဓမ္မဆရာ အမှုတည်းဟူသော ငါဆောင်ရွက်ရသောအမှုကို ဝမ်းမြောက်စွာ ပြီးစီးစေမည်အကြောင်း၊ ထိုညှဉ်းဆဲခြင်းအမှု တစ်စုံတစ်ခုကိုမျှ ငါသည်ပမာဏမပြု၊ ကိုယ်အသက်ကိုလည်း နှမြောခြင်းမရှိ၊-#၂တိ၊ ၄:၇။ 25ယခုမူကား၊ ငါလှည့်လည်၍ ဘုရားသခင်၏ နိုင်ငံတော်အကြောင်းကို ဟောပြောရာ၊ သင်တို့ရှိသမျှသည် နောက်တစ်ဖန် ငါ့မျက်နှာကို မမြင်ရကြဟုငါသိ၏။- 26ထိုကြောင့်၊ လူအပေါင်းတို့၏အသွေးနှင့် ငါကင်းလွတ်သည်ဟု ယနေ့၌ သင်တို့အား ငါသက်သေခံ၏။- 27ဘုရားသခင်၏အလိုတော်ကို သင်တို့အား အကုန်အစင် ဟောပြောပြသခြင်းအမှုကို ငါသည်မလွှဲမရှောင်ဘဲ ပြုခဲ့ပြီ။
28ထိုကြောင့် သင်တို့သည် ကိုယ်ကို သတိနှင့် ကြည့်ရှုကြလော့။ ဘုရားသခင်သည် မိမိအသွေးနှင့် ဝယ်တော်မူသောအသင်းတော်ကို လုပ်ကျွေးစေခြင်းငှာ၊ သန့်ရှင်းသောဝိညာဉ်တော်သည် သင်တို့ကို အအုပ်အချုပ် ခန့်ထားတော်မူသော သိုးစုတစ်စုလုံးကိုလည်း သတိနှင့် ကြည့်ရှုကြလော့။- 29အကြောင်းမူကား၊ ငါမရှိသည်နောက်၊ ကြမ်းတမ်းသော တောခွေးတို့သည် သိုးများကို မသနားဘဲ သင်တို့အထဲသို့ဝင်မည်ကိုလည်းကောင်း၊- 30တပည့်တော်များကိုသွေးဆောင်ခြင်းငှာ၊ မှားသောစကားကို ပြောတတ်သောလူတို့သည် သင်တို့အထဲ၌လည်း ပေါ်လာမည်ကိုလည်းကောင်း ငါသိ၏။- 31ထိုကြောင့် စောင့်ရှောက်၍နေကြလော့။ ငါသည်သုံးနှစ်ပတ်လုံး နေ့ညမပြတ်လူအပေါင်းတို့ကို မျက်ရည်နှင့်တကွ ဆုံးမ၍ နေကြောင်းကို အောက်မေ့ကြလော့။
32ညီအစ်ကိုတို့၊ ယခုငါသည်သင်တို့ကို ဘုရားသခင်၌ အပ်နှံ၏။ သင်တို့ကို တည်ဆောက်ခြင်းငှာလည်းကောင်း၊ သန့်ရှင်းသောသူအပေါင်းတို့နှင့် အတူ သင်တို့အား အမွေပေးခြင်းငှာလည်းကောင်း၊ တတ်နိုင်သောဘုရားသခင်၏ ကျေးဇူးတော်တရား၌လည်း သင်တို့ကိုငါအပ်နှံ၏။- 33သူ့ရွှေငွေ အဝတ်တန်ဆာတို့ကို ငါသည်တပ်မက်ခြင်းမရှိပြီ။- 34ဤလက်တို့သည် ငါ့ကိုလည်းကောင်း၊ ငါ့အပေါင်းအဖော်တို့ကိုလည်းကောင်း၊ လုပ်ကျွေးပြီဟု သင်တို့သည် ကိုယ်တိုင်သိကြ၏။- 35ထိုသို့သင်တို့သည်လည်း အလုပ်လုပ်၍ အားနည်းသော သူတို့ကို မစရမည်ကိုလည်းကောင်း၊ အစွန့်အကြဲခံခြင်းအရာထက် စွန့်ကြဲခြင်း အရာသည်သာ၍ မင်္ဂလာရှိသည်ဟု သခင်ယေရှုမိန့်တော်မူသော စကားတော်ကို အောက်မေ့ရမည်ကိုလည်းကောင်း၊ အရာရာ၌ သင်တို့အား ငါပြသပြီဟု၊- 36ပေါလုဆိုပြီးလျှင်၊ ဒူးထောက်၍ ထိုသူအပေါင်းတို့နှင့်တကွ ဆုတောင်းလေ၏။- 37ထိုသူအပေါင်းတို့သည် အလွန်ငိုကြွေး၍၊ ပေါလု၏လည်ပင်းကို ဖက်ယမ်းလျက် သူ့ကိုနမ်းကြ၏။- 38နောက်တစ်ဖန် သူ၏မျက်နှာကို မမြင်ရဟူသော စကားကြောင့် သာ၍ကြေကွဲသောစိတ်နှင့် ပေါလုကို သင်္ဘောသို့ ပို့လိုက်ကြ၏။
လက်ရှိရွေးချယ်ထားမှု
တမန်တော် 20: JBMLE
အရောင်မှတ်ချက်
မျှဝေရန်
ကူးယူ
မိမိစက်ကိရိယာအားလုံးတွင် မိမိအရောင်ချယ်သောအရာများကို သိမ်းဆည်းထားလိုပါသလား။ စာရင်းသွင်းပါ (သို့) အကောင့်ဝင်လိုက်ပါ
Judson Bible Revision © Bible Society of Myanmar, 2021.