YouVersion လိုဂို
ရှာရန် အိုင်ကွန်

၃ ဓမ္မရာဇဝင် 7

7
ရှော​လ​မုန်​၏​နန်း​တော်
1တစ်​ဖန် ရှော​လ​မုန်​သည် တစ်​ဆယ်​သုံး​နှစ်​ပတ်​လုံး နန်း​တော်​ကို​တည်​ဆောက်၍ လက်​စ​သတ်​လေ၏။ 2နန်း​တော်​ကို လေ​ဗ​နုန်​တော​သစ်​သား​ဖြင့် ဆောက်၍၊ အ​လျား​အ​တောင်​တစ်​ရာ၊ အ​နံ​အ​တောင်​ငါး​ဆယ်၊ အ​မြင့်​အ​တောင်​သုံး​ဆယ်​ရှိ၏။ အာ​ရဇ်​တိုင်​လေး​စဉ်၊ အာ​ရဇ်​ရက်​မ​များ​နှင့် ဆောက်၏။ 3တိုင်​တစ်​စဉ်​လျှင် ဆယ်​ငါး​တိုင်​စီ​ရှိ၍ တိုင်​ပေါင်း​လေး​ဆယ်​ငါး​အ​ပေါ်​မှာ အ​ခြင်​တို့​ကို တင်​လျက်၊ အာ​ရဇ်​ပျဉ်​ပြား​နှင့် မိုး​လေ၏။ 4အ​လင်း​ဝင်​စ​ရာ ပြ​တင်း​ပေါက်​သုံး​တန်း​စီ အ​ဆင့်​ဆင့်​မျက်​နှာ​ချင်း​ဆိုင်​လျက် တစ်​ဖက်​တစ်​ချက်၌ ရှိ​ကြ၏။ 5တံ​ခါး​ပေါက်​ရှိ​သ​မျှ တံ​ခါး​တိုင်​ရှိ​သ​မျှ​တို့​သည် စ​တု​ရန်း​လေး​ထောင့်​ဖြစ်​ကြ၏။ 6တိုင်​များ၊ ထုပ်​ကြီး​များ​နှင့်​ပြည့်​စုံ၍ အ​လျား​အ​တောင်​ငါး​ဆယ်၊ အ​နံ​အ​တောင်​သုံး​ဆယ်​ရှိ​သော က​နား​ပြင်​ကို​လည်း​လုပ်​လေ၏။ 7တ​ရား​စီ​ရင်​ရာ က​နား​ပြင်​တည်း​ဟူ​သော တ​ရား​ပ​လ္လင်​တည်​ရာ က​နား​ပြင်​ကို​လည်း​လုပ်၍၊ ကြမ်း​တစ်​ဖက်​မှ တစ်​ဖက်​တိုင်​အောင် အာ​ရဇ်​ပျဉ်​ပြား​တို့​နှင့် မိုး​လေ၏။ 8နန်း​တော်​နှင့်​ဆိုင်​သော ထို​က​နား​ပြင်​နှစ်​ဆောင်​စပ်​ကြား​မှာ တံ​တိုင်း​လည်း​ရှိ၏။ ရှော​လ​မုန်​စုံ​ဖက်​သော ဖာ​ရော​ဘု​ရင်၏​သ​မီး​စံ​နန်း​ကို​လည်း တ​ရား​စီ​ရင်​ရာ က​နား​ပြင်​နှင့်​တူ​အောင် ဆောက်​လေ၏။#၃​ရာ၊ ၃:၁။ 9တံ​တိုင်း​ကြီး ပြင်​ဘက်​တိုင်​အောင်​လည်း​ကောင်း၊ အ​မြစ်​မှ​စ၍ ထိပ်​တိုင်​အောင်​လည်း​ကောင်း၊ ကျောက်​ဆစ်​ပ​မာ​ဏ​နှင့်​အ​ညီ၊ နှစ်​ဖက်​စ​လုံး လွှ​နှင့်​တိုက်​သော​ကျောက်၊ ထူး​ဆန်း​သော ကျောက်​တို့​ဖြင့် ပြီး​ကြ၏။ 10အ​မြစ်​သည်​လည်း အ​လျား​ရှစ်​တောင်၊ ဆယ်​တောင်​ရှိ​သော​ကျောက်၊ ထူး​ဆန်း​သော​ကျောက်​ကြီး​တို့​ဖြင့်​ပြီး၏။ 11အ​မြစ်​ပေါ်​မှာ​လည်း ကျောက်​ဆစ်​ပ​မာ​ဏ​နှင့်​အ​ညီ လုပ်​သော​ကျောက်၊ ထူး​ဆန်း​သော​ကျောက်​နှင့် အာ​ရဇ်​သစ်​သား​ရှိ၏။ 12တံ​တိုင်း​ကြီး​သည် ဆစ်​သော​ကျောက်​သုံး​တန်း၊ အာ​ရဇ်​သစ်​ကြီး​တစ်​တန်း​ဖြင့် ပြီး၏။ ဗိ​မာန်​တော်​အ​တွင်း​တံ​တိုင်း၊ နန်း​တော်​က​နား​ပြင် တံ​တိုင်း​တို့​သည် ထို​အ​တူ​ပြီး​ကြ၏။
ဟိ​ရံ​၏​အ​လုပ်​တာ​ဝန်
13ရှော​လ​မုန်​သည်​လည်း၊ လူ​ကို​စေ​လွှတ်၍ တု​ရု​မြို့​မှ ဟိ​ရံ​ကို​ခေါ်​လေ၏။ 14ထို​ဟိ​ရံ​ကား၊ နဿ​လိ​အ​မျိုး​မု​ဆိုး​မ​သား​ဖြစ်၏။ သူ၏​အ​ဘ​ကား၊ တု​ရု​အ​မျိုး​သား​ပန်း​တဉ်း​သ​မား​ဖြစ်၏။ သား​သည်​လည်း ကြေး​ဝါ​အ​လုပ်​ခပ်​သိမ်း​ကို လုပ်​တတ်​သော​ဉာဏ်​ပ​ညာ​နှင့်​ပြည့်​စုံ​သ​ဖြင့်၊ ရှော​လ​မုန်​မင်း​ကြီး​ထံ​သို့​လာ၍ အ​လုပ်​ရှိ​သ​မျှ​ကို ပြီး​စီး​စေ၏။
ကြေး​ဝါ​တိုင်​ကြီး​နှစ်​လုံး
(၆​ရာ၊ ၃:၁၅-၁၇)
15ထို​သူ​သည် အ​မြင့်​တစ်​ဆယ်​ရှစ်​တောင်၊ လုံး​ပတ်​တစ်​ဆယ်​နှစ်​တောင်​ရှိ​သော ကြေး​ဝါ​တိုင်​နှစ်​တိုင်​ကို သွန်း​လေ၏။ 16တိုင်​အ​ပေါ်​မှာ​တင်​စ​ရာ​ဖို့ အ​မြင့်​ငါး​တောင်​ရှိ​သော ကြေး​ဝါ​တိုင်​ထိပ်​နှစ်​ခု​ကို​လည်း သွန်း​လေ၏။ 17ကြေး​ဝါ​ကွန်​ရွက်​နှင့် ကြေး​ဝါ​ကြိုး​တို့​ကို​လည်း​လုပ်၍၊ တိုင်​တစ်​တိုင်​လျှင် ကွန်​ရွက်​ခု​နစ်​ခု​စီ​ဖြင့် တိုင်​ထိပ်​ပေါ်​မှာ ဖုံး​လွှမ်း​လေ၏။ 18ကြေး​ဝါ​သ​လဲ​သီး​တို့​ကို​လည်း လုပ်၍၊ တိုင်​ထိပ်​ကွန်​ရွက်​အ​ပေါ်​မှာ ထိပ်​တစ်​ခု​လျှင် သ​လဲ​သီး​နှစ်​တန်း​စီ​ဖြင့် တန်​ဆာ​ဆင်​လေ၏။ 19က​နား​ပြင်​ထဲ​မှာ စိုက်​ထား​သော ထို​တိုင်​ထိပ်​တို့​သည် ကြာ​ပွင့်​နှင့်​ပုံ​တူ၍ အ​ချင်း​လေး​တောင်​ရှိ၏။ 20တိုင်​ထိပ်​နှစ်​ခု​တို့​သည် ကွန်​ရွက်​နှင့်​နီး​စပ်​သော ထု​ပိ​ကာ​အ​ပေါ်​မှာ​တည်​လျက်၊ တိုင်​ထိပ်​တစ်​ခု၌ သ​လဲ​သီး​နှစ်​တန်း​စီ​နှင့် အ​လုံး​နှစ်​ရာ​စီ​ရှိ​ကြ၏။ 21ထို​တိုင်​တို့​ကို ဗိ​မာန်​တော် က​နား​ပြင်​ထဲ​မှာ စိုက်​ထား၍ လက်​ယာ​တိုင်​ကို​ယာ​ခိန်၊ လက်​ဝဲ​တိုင်​ကို ဗော​ဇ​အ​မည်​ဖြင့် မှည့်​လေ၏။ 22တိုင်​ထိပ်​အ​ပေါ်​မှာ ကြာ​ပွင့်​အ​ပြောက်​ရှိ​သည်​ဖြစ်၍ တိုင်​တို့​သည်​စေ့​စုံ​ကြ၏။
ကြေး​ဝါ​ရေ​ကန်
(၆​ရာ၊ ၄:၂-၅)
23အ​ချင်း​ဆယ်​တောင်၊ အ​ဝန်း​အ​တောင်​သုံး​ဆယ်၊ အ​ဇောက်​ငါး​တောင်​ရှိ​သော ကြေး​ဝါ​ရေ​ကန်​ကို​လည်း​လုပ်​လေ၏။ 24ရေ​ကန်​အ​နား​ပတ်​အောက်​ပတ်​လည်၌ အ​တောင်​တစ်​တောင်​လျှင် ဘူး​သီး​ဆယ်​လုံး​စီ​စေ့​အောင် ဘူး​သီး​နှစ်​ပတ်​ကို ရေ​ကန်​နှင့်​တစ်​စပ်​တည်း သွန်း​လေ၏။ 25ထို​ရေ​ကန်​သည် နွား​တစ်​ဆယ်​နှစ်​ခု​အ​ပေါ်​မှာ တည်​လျက်​ရှိ၏။ နွား​တို့​သည် အ​တွင်း​သို့​နောက်​ခိုင်း၍ အ​ရှေ့​အ​နောက်​တောင်​မြောက် အ​ရပ်​လေး​မျက်​နှာ​သို့ တစ်​မျက်​နှာ​လျှင် သုံး​ခု​စီ​မျက်​နှာ​ပြု​ကြ၏။ 26ရေ​ကန်​သည် ဒု​လက်​တစ်​ဝါး​ရှိ၏။ အ​ပေါ်​အ​နား​ပတ်​လည် ဖ​လား​အ​နား​ပတ်​ကဲ့​သို့ ကြာ​ပွင့်​အ​ပြောက်​နှင့် ပြည့်​စုံ၏။ ရေ​ဗတ်​နှစ်​ထောင်​ဝင်၏။
ကြေး​ဝါ​လက်​တွန်း​လှည်း​များ
27တစ်​ဖန် အ​လျား​လေး​တောင်၊ အ​နံ​လေး​တောင် အ​မြင့်​သုံး​တောင်​ပ​မာ​ဏ​ရှိ​သော ကြေး​ဝါ​ခုံ​တစ်​ဆယ်​ကို​လုပ်​လေ၏။ 28ထို​ခုံ​ပုံ​သ​ဏ္ဌာန်​ဟူ​မူ​ကား၊ ခုံ​ပတ်​လည်၌ အ​နား​ရစ်​အ​ဆင့်​ဆင့်​ရှိ၍ အ​နား​ရစ်​ကြား​မှာ၊ 29ခြင်္သေ့၊ နွား၊ ခေ​ရု​ဗိမ်​အ​ပြောက်​ရှိ၏။ အ​နား​ရစ်​အ​ပေါ်​မှာ ခုံ​တစ်​ခု​တင်​လျက်​ရှိ၏။ ခြင်္သေ့​နှင့်​နွား​အောက်၌​လည်း အ​ပြောက်​မျိုး​ရှိ၏။ 30ခုံ​တစ်​ခု၌ ကြေး​ဝါ​လှည်း​ဘီး​လေး​ခု​စီ၊ ကြေး​ဝါ​ဝင်​ရိုး​နှင့်​တ​ကွ ရှိ၏။ အင်​တုံ​တင်​စ​ရာ​ဖို့ ခုံ​လေး​ထောင့်၌ ပ​ခုံး​တို့​ကို ခုံ​နှင့်​တစ်​စပ်​တည်း သွန်း​လေ၏။ 31အင်​တုံ​ဝ၌​ပါ​သော အ​ကွပ်​သည် အ​ကျယ်​တစ်​တောင်​ရှိ၏။ အ​ဝ​သည် ဝိုင်း၍ အ​ချင်း​တစ်​တောင်​ထွာ ရှိ၏။ စ​တု​ရန်း​လေး​ထောင့်၌ အ​ပြောက်​နှင့်​ပြည့်​စုံ၏။ 32ဘီး​လေး​ခု​တို့​သည် ခုံ​မျက်​နှာ​အောက်​မှာ နေ​ရာ​ကျ​လျက်၊ ဝင်​ရိုး​တို့​သည် ခုံ​နှင့်​စပ်​လျက်၊ ဘီး​အ​မြင့် တစ်​တောင်​ထွာ​ရှိ၏။ 33ဘီး​ပုံ​ကား ရ​ထား​ဘီး​နှင့်​တူ၏။ ဝင်​ရိုး၊ ဝင်​ရိုး​အိမ်၊ အ​ကန့်၊ အ​ကွပ်​များ​ကို သွန်း​လေ၏။ 34ခုံ​လေး​ထောင့်၌ တစ်​စပ်​တည်း​သွန်း​သော ပ​ခုံး​လေး​ခု​ရှိ​သ​ဖြင့်၊ 35ထို​ပ​ခုံး​ပေါ်​မှာ လုံး​ပတ်​တစ်​ထွာ​ရှိ​သော ကွင်း​ကို​တပ်၍၊ ခုံ​ပေါ်​မှာ အ​နား​ရစ်​နှင့် ကိုင်​စ​ရာ​များ​တို့​ကို ခုံ​နှင့်​တစ်​စပ်​တည်း​သွန်း​လေ၏။ 36ကိုင်​စ​ရာ​မျက်​နှာ​နှင့် ခုံ​မျက်​နှာ​ပြင်၌ ခေ​ရု​ဗိမ်၊ ခြင်္သေ့၊ စွန်​ပ​လွံ​ပင်​အ​စ​ရှိ​သော အ​ပြောက်​မျိုး အ​သီး​အ​သီး ထင်​ပေါ်​လျက်​ရှိ၏။ 37ထို​သို့​ပုံ​သ​ဏ္ဌာန်​အ​လုံး​အ​ရပ်​တူ​အောင်၊ အင်​တုံ​တင်​ရာ​ခုံ တစ်​ဆယ်​ကို သွန်း၍​ပြီး​လေ၏။ 38အ​ဝန်း​လေး​တောင်​ကျယ်၍၊ ရေ​ဗတ်​လေး​ဆယ်​ဝင်​နိုင်​သော ကြေး​ဝါ​အင်​တုံ​တစ်​ဆယ်​ကို​လည်း​လုပ်၍၊ ခုံ​တစ်​ခု​ပေါ်​မှာ အင်​တုံ​တစ်​လုံး​စီ တင်​ထား​လေ၏။#ထွ၊ ၃၀:၁၇-၂၁။ 39အိမ်​တော်​လက်​ယာ​ဘက်၌ ခုံ​ငါး​ခု၊ လက်​ဝဲ​ဘက်၌​ငါး​ခု​ကို​ထား၍ ရေ​ကန်​ကို​ကား၊ အိမ်​တော်​လက်​ယာ​ဘက် အ​ရှေ့​တောင်​ထောင့်၌ နေ​ရာ​ချ၏။
ဗိ​မာန်​တော်​ပ​စ္စည်း​တန်​ဆာ​စာ​ရင်း​အ​ချုပ်
(၆​ရာ၊ ၄:၁၁-၅:၁)
40ဟိ​ရံ​သည် အိုး​များ၊ ရေ​မှုတ်​များ၊ အင်​တုံ​ငယ်​များ​ကို​လည်း​လုပ်​သ​ဖြင့်၊ ရှော​လ​မုန်​မင်း​ကြီး​အ​ဖို့ ထာ​ဝ​ရ​ဘု​ရား၏​အိမ်​တော်၌ လက်​စ​သတ်​သော​အ​ရာ​များ​ဟူ​မူ​ကား၊ 41တိုင်​နှစ်​တိုင်၊ တိုင်​ထိပ်​အထွတ်​နှစ်​ခု၊ တိုင်​ထိပ်​အ​ထွဋ်​ကို ဖုံး​လွှမ်း​စ​ရာ​ကွန်​ရွက်​နှစ်​ရွက်၊ 42ဖုံး​လွှမ်း​စ​ရာ​ကွန်​ရွက်​တစ်​ရွက်​အ​ဖို့ သ​လဲ​သီး​နှစ်​တန်း​စီ၊ သ​လဲ​သီး​ပေါင်း​လေး​ရာ၊ 43ခုံ​ဆယ်​ခု၊ ခုံ​ပေါ်​မှာ​တင်​ထား​သော အင်​တုံ​ဆယ်​လုံး၊ 44ရေ​ကန်​တစ်​ကန်၊ ရေ​ကန်​ကို​ထောက်​သော နွား​တစ်​ဆယ်​နှစ်​ခု၊ 45အိုး​များ၊ ရေ​မှုတ်​များ၊ အင်​တုံ​ငယ်​များ​တည်း။ ရှော​လ​မုန်​မင်း​ကြီး​အ​ဖို့ ဟိ​ရံ​လုပ်​သ​မျှ​သော ထာ​ဝ​ရ​ဘု​ရား၏ အိမ်​တော်​တန်​ဆာ​တို့​သည် ပြောင်​ပြောင်​တောက်​သော ကြေး​ဝါ​ဖြင့် ပြီး​ကြ၏။ 46ယော်​ဒန်​ချိုင့်၊ သ​ကုတ်​မြို့​နှင့် ဇာ​သန်​မြို့​စပ်​ကြား​တွင် သ​ရွတ်​လုပ်​စ​ရာ​ကောင်း​သော​မြေ၌ ရှင်​ဘု​ရင်​သွန်း​လေ၏။ 47ထို​တန်​ဆာ​တို့​သည် အ​လွန်​များ​သော​ကြောင့်၊ ရှော​လ​မုန်​သည် မ​ချိန်​ဘဲ​သွန်း​ထား၏။ ကြေး​ဝါ​အ​ချိန်​ကို အ​ဘယ်​သူ​မျှ​မ​သိ။
48ရှော​လ​မုန်​သည်​လည်း ထာ​ဝ​ရ​ဘု​ရား၏​အိမ်​တော်​နှင့် ဆိုင်​သ​မျှ​သော တန်​ဆာ​များ​တည်း​ဟူ​သော​ရွှေ​ယဇ်​ပ​လ္လင်၊ ရှေ့​တော်​မုန့်​တင်​စ​ရာ ရွှေ​စား​ပွဲ၊#ထွ၊ ၃၀:၁-၃၊ ၂၅:၂၃-၃၀။ 49ဗျာ​ဒိတ်​ဌာ​န​တော်​ရှေ့၊ လက်​ယာ​ဘက်၌ ရွှေ​စင်​မီး​ခုံ​ငါး​ခု၊ လက်​ဝဲ​ဘက်၌​ငါး​ခု၊ ရွှေ​ပန်း​ပွင့်၊ ရွှေ​မီး​ခွက်၊ မီး​ကိုင်​တန်​ဆာ၊#ထွ၊ ၂၅: ၃၁-၄၀၊ ၇:၅၁။ ၂​ရာ၊ ၈:၁၁။ ၅​ရာ၊ ၁၈:၁၁။ 50ရွှေ​စင်​ဖြင့်​ပြီး​သော​ခွက်​များ၊ မီး​ညှပ်၊ လင်​ပန်း၊ ဇွန်း၊ ပြာ​ခံ​စ​ရာ​အိုး​များ၊ အ​လွန်​သန့်​ရှင်း​ရာ​ဌာ​န​တော် အ​တွင်း​ခန်း​တံ​ခါး​နှင့် ဗိ​မာန်​တော်​ပြင်​ခန်း​တံ​ခါး ဆွဲ​ထား​သော ရွှေ​ပ​တ္တာ​များ​တို့​ကို​လုပ်​လေ၏။ 51ထို​သို့ ရှော​လ​မုန်​မင်း​ကြီး​သည် ထာ​ဝ​ရ​ဘု​ရား၏​အိမ်​တော်​အ​ဖို့ ပြု​လုပ်​စီ​ရင်​သ​မျှ​အ​လုံး​စုံ​တို့​ကို လက်​စ​သတ်​ပြီး​မှ၊ ခ​မည်း​တော်​ဒါ​ဝိဒ်​လှူ​သော ရွှေ​ငွေ​တန်​ဆာ​များ​ကို​ဆောင်​ခဲ့၍၊ ထာ​ဝ​ရ​ဘု​ရား၏​အိမ်​တော်​ဘ​ဏ္ဍာ​စု​ထဲ​မှာ သွင်း​ထား​လေ၏။#၂​ရာ၊ ၈:၁၁။ ၅​ရာ၊ ၁၈:၁၁။

လက်ရှိရွေးချယ်ထားမှု

၃ ဓမ္မရာဇဝင် 7: JBMLE

အရောင်မှတ်ချက်

မျှဝေရန်

ကူးယူ

None

မိမိစက်ကိရိယာအားလုံးတွင် မိမိအရောင်ချယ်သောအရာများကို သိမ်းဆည်းထားလိုပါသလား။ စာရင်းသွင်းပါ (သို့) အကောင့်ဝင်လိုက်ပါ