YouVersion လိုဂို
ရှာရန် အိုင်ကွန်

၃ ဓမ္မရာဇဝင် 8

8
ပ​ဋိ​ညာဉ်​သေ​တ္တာ​ကို​ဗိ​မာန်​တော်​သို့​ပ​င့်​ဆောင်​ခြင်း
(၆​ရာ၊ ၅:၂-၆:၂)
1ထို​အ​ခါ ထာ​ဝ​ရ​ဘု​ရား၏​ပ​ဋိ​ညာဉ်​သေ​တ္တာ​တော်​ကို ဇိ​အုန်​မည်​သော ဒါ​ဝိဒ်​မြို့​မှ ဆောင်​ခဲ့​လို​သော​ငှာ၊ ရှော​လ​မုန်​သည် ဣ​သ​ရေ​လ​အ​မျိုး အ​သက်​ကြီး​သူ​အ​ပေါင်း​တို့​နှင့် ဣ​သ​ရေ​လ​အ​ဆွေ​အ​မျိုး​အ​သီး​အ​သီး​ကို အုပ်​သော ခေါင်း​မင်း​အ​ပေါင်း​တို့​ကို ယေ​ရု​ရှ​လင်​မြို့၊ ရှင်​ဘု​ရင်​ထံ​သို့ ခေါ်​တော်​မူ​သည်​အ​တိုင်း၊#၂​ရာ၊ ၆: ၁၂-၁၆။ ၅​ရာ၊ ၁၅: ၂၅-၂၉။ 2ဣ​သ​ရေ​လ​လူ​အ​ပေါင်း​တို့​သည် ဧ​သ​နိမ်​အ​မည်​ရှိ​သော သ​တ္တ​မ​လ၌ လုပ်​သော​ပွဲ​အ​တွင်း​တွင် ရှော​လ​မုန်​မင်း​ကြီး​ထံ​သို့ စု​ဝေး​ရောက်​လာ​ကြ၏။#ဝတ်၊ ၂၃:၃၄။ 3ဣ​သ​ရေ​လ​အ​မျိုး​တွင် အ​သက်​ကြီး​သူ​အ​ပေါင်း​တို့​သည် လာ၍၊ ယဇ်​ပု​ရော​ဟိတ်​တို့​သည်​လည်း ထာ​ဝ​ရ​ဘု​ရား၏​သေ​တ္တာ​တော်​ကို ထမ်း​လျက်၊ 4ပ​ရိ​သတ်​စည်း​ဝေး​ရာ တဲ​တော်၊ တဲ​တော်​နှင့်​ဆိုင်၍ သန့်​ရှင်း​သော​တန်​ဆာ​အ​လုံး​စုံ​တို့​ကို ယဇ်​ပု​ရော​ဟိတ်​များ​နှင့် လေ​ဝိ​သား​များ​တို့​သည် ဆောင်​ခဲ့​ကြ၏။ 5ရှော​လ​မုန်​မင်း​ကြီး​မှ​စ၍ စည်း​ဝေး​သော ဣ​သ​ရေ​လ​ပ​ရိ​သတ်​အ​ပေါင်း​တို့​သည် မ​ရေ​တွက်​နိုင်။ အ​တိုင်း​မ​သိ​များ​စွာ​သော သိုး​နွား​တို့​ကို သေ​တ္တာ​တော်​ရှေ့​မှာ ယဇ်​ပူ​ဇော်​ကြ၏။ 6ယဇ်​ပု​ရော​ဟိတ်​တို့​သည်​လည်း ထာ​ဝ​ရ​ဘု​ရား၏​ပ​ဋိ​ညာဉ်​သေ​တ္တာ​တော်​ကို အိမ်​တော်​အ​တွင်း​သို့​သွင်း၍၊ အ​လွန်​သန့်​ရှင်း​ရာ ဌာ​န​တည်း​ဟူ​သော ဗျာ​ဒိတ်​ဌာ​န​တော်​ထဲ​မှာ ခေ​ရု​ဗိမ်​အ​တောင်​တို့​အောက်၊ သူ့​နေ​ရာ၌ ထား​ကြ၏။ 7ခေ​ရု​ဗိမ်​တို့​သည် မိ​မိ​အ​တောင်​နှစ်​ဖက်​ကို သေ​တ္တာ​တော်​နေ​ရာ​အ​ပေါ်​မှာ ဖြန့်၍၊ သေ​တ္တာ​တော်​နှင့် ထမ်း​ပိုး​တို့​ကို လွှမ်း​မိုး​လျက်​ရှိ​ကြ၏။ 8ထမ်း​ပိုး​တို့​ကို ဆွဲ​ထား​သ​ဖြင့် ထမ်း​ပိုး​ဖျား​တို့​သည် ပြင်​ခန်း၌​မ​ထင်။ သန့်​ရှင်း​ရာ​ဌာ​န၊ ဗျာ​ဒိတ်​ဌာ​န​တော်၌​သာ​ထင်၍ ယ​နေ့​တိုင်​အောင်​ရှိ​ကြ၏။ 9ဣ​သ​ရေ​လ​အ​မျိုး​သား​တို့​သည် အဲ​ဂု​တ္တု​ပြည်​မှ​ထွက်၍၊ ထာ​ဝ​ရ​ဘု​ရား​သည် သူ​တို့​နှင့် ပ​ဋိ​ညာဉ်​ဖွဲ့​တော်​မူ​သော​အ​ခါ၊ မော​ရှေ​သည် ဟော​ရပ်​အ​ရပ်၌​ရှိ​စဉ် သွင်း​ထား​သော ကျောက်​ပြား​နှစ်​ပြား​မှ​တစ်​ပါး သေ​တ္တာ​တော်​ထဲ၌ အ​ဘယ်​အ​ရာ​မျှ​မ​ရှိ။#တ​ရား၊ ၁၀:၅
10ယဇ်​ပု​ရော​ဟိတ်​တို့​သည် သန့်​ရှင်း​ရာ​ဌာ​န​ထဲ​က ထွက်​ကြ​သော​အ​ခါ၊ ထာ​ဝ​ရ​ဘု​ရား၏​အိမ်​တော်​သည် မိုး​တိမ်​နှင့်​ပြည့်၏။ 11ထို​သို့ ထာ​ဝ​ရ​ဘု​ရား၏ အိမ်​တော်​သည် ဘုန်း​တော်​နှင့်​ပြည့်​လျက်၊ မိုး​တိမ်​တော်​ကြောင့် ယဇ်​ပု​ရော​ဟိတ်​တို့​သည် အ​မှု​တော်​ကို​ဆောင်​ရွက်​လျက် ရပ်၍ မ​နေ​နိုင်​ကြ။#ထွ၊ ၄၀: ၃၄-၃၅။ 12ရှော​လ​မုန်​က​လည်း၊ ထာ​ဝ​ရ​ဘု​ရား​သည် ထူ​ထပ်​သော​မှောင်​မိုက်​ထဲ​မှာ​နေ​တော်​မူ​သည်​ဟု စ​ကား​တော်​ရှိ၏။#ဆာ၊ ၁၈:၁၁၊ ၉၇:၂။ 13အ​ကယ်​စင်​စစ် ကိုယ်​တော်​ကျိန်း​ဝပ်​တော်​မူ​ရာ​အိမ်၊ အ​စဉ်​အ​မြဲ​နေ​တော်​မူ​ရာ ဌာ​န​တော်​ကို အ​ကျွန်ုပ်​တည်​ဆောက်​ပါ​ပြီ​ဟု မြွက်​ဆို၏။
ရှော​လ​မုန်​မိ​န့်​ခွန်း​မြွက်​ကြား​ခြင်း
(၆​ရာ၊ ၆:၃-၁၁)
14တစ်​ဖန် ရှင်​ဘု​ရင်​သည် လှည့်​ကြည့်၍ ဣ​သ​ရေ​လ​အ​မျိုး ပ​ရိ​သတ်​အ​ပေါင်း​ကို ကောင်း​ချီး​ပေး​တော်​မူ၏။ ဣ​သ​ရေ​လ​အ​မျိုး​ပ​ရိ​သတ်​အ​ပေါင်း​တို့​သည် မတ်​တပ်​နေ​ကြ၏။ 15ရှင်​ဘု​ရင်​က​လည်း၊ ထာ​ဝ​ရ​ဘု​ရား၏​ဗျာ​ဒိတ်​တော်​စ​ကား​ဟူ​မူ​ကား၊ 16ငါ၏​ဣ​သ​ရေ​လ​အ​မျိုး​သား​တို့​ကို အဲ​ဂု​တ္တု​ပြည်​မှ​နုတ်​ဆောင်​သော​နေ့​က​စ၍ ငါ့​နာ​မ​တည်​ရာ​အိမ်​ကို ဆောက်​စေ​ခြင်း​ငှာ၊ ဣ​သ​ရေ​လ​ခ​ရိုင်​များ​တို့​တွင် မြို့​တစ်​စုံ​တစ်​မြို့​ကို ငါ​မ​ရွေး​သေး​သော်​လည်း၊ ငါ၏​လူ ဣ​သ​ရေ​လ အ​မျိုး​သား​တို့​ကို အုပ်​စိုး​စေ​ခြင်း​ငှာ၊ ဒါ​ဝိဒ်​ကို​ငါ​ရွေး​ပြီ​ဟု ငါ့​ခ​မည်း​တော်​ဒါ​ဝိဒ်​အား ဗျာ​ဒိတ်​တော်​ရှိ​သည်​အ​တိုင်း ပြု​တော်​မူ​သော ဣ​သ​ရေ​လ​အ​မျိုး၏​ဘု​ရား​သ​ခင် ထာ​ဝ​ရ​ဘု​ရား​သည် မင်္ဂ​လာ​ရှိ​တော်​မူ​စေ​သ​တည်း။#၂​ရာ၊ ၇:၄-၁၁။ ၅​ရာ၊ ၁၇:၃-၁၀။ 17ဣ​သ​ရေ​လ​အ​မျိုး၏ ဘု​ရား​သ​ခင်​ထာ​ဝ​ရ​ဘု​ရား၏ နာ​မ​တော်​အ​ဖို့ အိမ်​တော်​ကို တည်​ဆောက်​ခြင်း​ငှာ၊ ငါ့​ခ​မည်း​တော်​ဒါ​ဝိဒ်​သည် အ​ကြံ​ရှိ​သော​အ​ခါ၊#၂​ရာ၊ ၇:၁-၃။ ၅​ရာ၊ ၁၇:၁-၂။ 18ထာ​ဝ​ရ​ဘု​ရား​က၊ သင်​သည် ငါ့​နာ​မ​အ​ဖို့ အိမ်​တော်​တည်​ဆောက်​ခြင်း​ငှာ အ​ကြံ​ရှိ​သော​ကြောင့် ကောင်း​သော​အ​မှု​ကို ပြု​ပြီ။ 19သို့​သော်​လည်း သင်​သည် အိမ်​တော်​ကို မ​ဆောက်​ရ။ သင်၏​သား​ရင်း​သည် ငါ့​နာ​မ​အ​ဖို့​အိမ်​တော်​ကို​ဆောက်​ရ​မည်​ဟု ငါ့​ခ​မည်း​တော်​ဒါ​ဝိဒ်​အား မိန့်​တော်​မူ၏။#၂​ရာ၊ ၇:၁၂-၁၃။ ၅​ရာ၊ ၁၇:၁၁-၁၂။ 20ထာ​ဝ​ရ​ဘု​ရား​သည် အ​မိန့်​တော်​ရှိ​သည်​အ​တိုင်း​ပြု​တော်​မူ​သ​ဖြင့်၊ ငါ​သည် ငါ့​ခ​မည်း​တော်​ဒါ​ဝိဒ်၏​အ​ရိုက်​အ​ရာ​ကို​ခံ​ရ၍၊ ထာ​ဝ​ရ​ဘု​ရား က​တိ​တော်​ရှိ​သည်​အ​တိုင်း ဣ​သ​ရေ​လ​နိုင်​ငံ၏​ရာ​ဇ​ပ​လ္လင်​ပေါ်​မှာ ထိုင်​လျက်၊ ဣ​သ​ရေ​လ​အ​မျိုး၏ ဘု​ရား​သ​ခင် ထာ​ဝ​ရ​ဘု​ရား၏ နာ​မ​တော်​အ​ဖို့ အိမ်​တော်​ကို​တည်​ဆောက်​လေ​ပြီ။ 21ငါ​တို့​ဘိုး​ဘေး​များ​ကို အဲ​ဂု​တ္တု​ပြည်​မှ၊ ထာ​ဝ​ရ​ဘု​ရား​နုတ်​ဆောင်​သော​အ​ခါ၊ သူ​တို့​နှင့် ဖွဲ့​တော်​မူ​သော ပ​ဋိ​ညာဉ်​ကျောက်​စာ​ပါ​သော သေ​တ္တာ​တော်​ထား​ရာ​အ​ရပ်​ကို ထို​အိမ်​တော်၌​လုပ်​လေ​ပြီ​ဟု မြွက်​ဆို၏။
ရှော​လ​မုန်​၏​ဆု​တောင်း​ပ​တ္ထ​နာ
(၆​ရာ၊ ၆:၁၂-၄၂)
22တစ်​ဖန် ရှော​လ​မုန်​သည် ထာ​ဝ​ရ​ဘု​ရား၏​ယဇ်​ပ​လ္လင်​ရှေ့၊ ဣ​သ​ရေ​လ​အ​မျိုး ပ​ရိ​သတ်​အ​ပေါင်း​တို့ အ​လယ်​မှာ​နေ၍၊ လက်​ဝါး​တို့​ကို ကောင်း​ကင်​သို့​ဖြန့်​လျက်၊ 23အို ဣ​သ​ရေ​လ​အ​မျိုး၏ ဘု​ရား​သ​ခင်​ထာ​ဝ​ရ​ဘု​ရား၊ အ​ထက်​ကောင်း​ကင်​ဘုံ​နှင့် အောက်​အ​ရပ်​မြေ​ကြီး​ပေါ်​မှာ ကိုယ်​တော်​နှင့်​တူ​သော​ဘု​ရား တစ်​ဆူ​မျှ​မ​ရှိ​ပါ။ ရှေ့​တော်၌ စိတ်​နှ​လုံး​အ​ကြွင်း​မဲ့​ကျင့်​သော ကိုယ်​တော်၏​ကျွန်​တို့​အ​ဖို့ ပ​ဋိ​ညာဉ်​တ​ရား​နှင့် က​ရု​ဏာ​တ​ရား​ကို စောင့်​ရှောက်​တော်​မူ​ပြီ။ 24အ​ကျွန်ုပ်​အ​ဘ​ဒါ​ဝိဒ်၌​ထား​တော်​မူ​သော က​တိ​တော်​ကို​မ​ဖျက်၊ မိန့်​တော်​မူ​သည်​အ​တိုင်း ယ​နေ့​ပြု​တော်​မူ​ပြီ။ 25အို ဣ​သ​ရေ​လ​အ​မျိုး၏ ဘု​ရား​သ​ခင်​ထာ​ဝ​ရ​ဘု​ရား၊ ကိုယ်​တော်​က၊ သင်​သည် ငါ့​ရှေ့​မှာ​ကျင့်​သ​ကဲ့​သို့ သင်၏​သား​မြေး​တို့​သည် ငါ့​ရှေ့​မှာ ကျင့်​လို​သော​ငှာ၊ မိ​မိ​တို့​သွား​ရာ​လမ်း​ကို​သ​တိ​ပြု​လျှင်၊ ငါ့​မျက်​မှောက်၌ ဣ​သ​ရေ​လ​နိုင်​ငံ၏ ရာ​ဇ​ပ​လ္လင်​ပေါ်​မှာ​ထိုင်​ရ​သော သင်၏​အ​မျိုး​မင်း​ရိုး​မ​ပြတ်​ရ​ဟု ကိုယ်​တော်​ကျွန် အ​ကျွန်ုပ်​အ​ဘ​ဒါ​ဝိဒ်၌ ထား​တော်​မူ​သော က​တိ​တော်​ကို ယ​ခု​စောင့်​တော်​မူ​ပါ။#၃​ရာ၊ ၂:၄။ 26အို ဣ​သ​ရေ​လ​အ​မျိုး၏ ဘု​ရား​သ​ခင်​ထာ​ဝ​ရ​ဘု​ရား၊ ကိုယ်​တော်​ကျွန် အ​ကျွန်ုပ်​အ​ဘ​ဒါ​ဝိဒ်​အား မိန့်​တော်​မူ​သော​စ​ကား​တော်​ကို ယ​ခု​ပြည့်​စုံ​စေ​တော်​မူ​ပါ။ 27သို့​ရာ​တွင် ဘု​ရား​သ​ခင်​သည် မြေ​ကြီး​ပေါ်​မှာ ဧ​ကန်​အ​မှန်​ကျိန်း​ဝပ်​တော်​မူ​မည်​လော။ ကောင်း​ကင်​နှင့် ကောင်း​ကင်​တ​ကာ​တို့၏ အထွတ်​အ​မြင့်​ဆုံး​သော ကောင်း​ကင်​သည် ကိုယ်​တော်​ကို မ​ဆံ့​မ​ခံ​နိုင်​သည်​ဖြစ်၍၊ အ​ကျွန်ုပ်​တည်​ဆောက်​သော ဤ​အိမ်​ကို အ​ဘယ်​ဆို​ဖွယ်​ရာ​ရှိ​ပါ​သ​နည်း။#၆​ရာ၊ ၂:၆။ 28သို့​သော်​လည်း အို​အ​ကျွန်ုပ် ဘု​ရား​သ​ခင်​ထာ​ဝ​ရ​ဘု​ရား၊ ကိုယ်​တော်​ကျွန်​သည် ရှေ့​တော်၌​ယ​နေ့​ကြွေး​ကြော်​လျက် ပ​တ္ထ​နာ​ပြု၍ တောင်း​လျှောက်​သော​စ​ကား​ကို နား​ခံ​နာ​ယူ​တော်​မူ​ပါ။ 29ဤ​မည်​သော​အ​ရပ်၌ ငါ့​နာ​မ​တည်​ရ​မည်​ဟု မိန့်​တော်​မူ​သည်​အ​တိုင်း၊ ဤ​အ​ရပ်​ဌာ​န​နှင့် ဤ​အိမ်​တော်​ကို နေ့​ည​မ​ပြတ်​ကြည့်​ရှု၍၊ ကိုယ်​တော်​ကျွန်​သည် ဤ​အ​ရပ်​ဌာ​န၌ ဆု​တောင်း​သော​စ​ကား​ကို နား​ထောင်​တော်​မူ​ပါ။#တ​ရား၊ ၁၂:၁၁။ 30ကိုယ်​တော်​ကျွန်​မှ​စ၍ ကိုယ်​တော်၏​လူ​ဣ​သ​ရေ​လ​အ​မျိုး​သား​တို့​သည် ဤ​အ​ရပ်​ဌာ​န၌ ဆု​တောင်း​ပ​တ္ထ​နာ​ပြု​ကြ​သော​အ​ခါ၊ ကျိန်း​ဝပ်​တော်​မူ​ရာ ကောင်း​ကင်​ဘုံ၌ နား​ထောင်၍ အ​ပြစ်​မှ​လွှတ်​တော်​မူ​ပါ။
31လူ​သည် မိ​မိ​အိမ်​နီး​ချင်း​ကို​ပြစ်​မှား​သော​ကြောင့်၊ အ​ကျိန်​ခံ​ရ​မည်​ဟု အိမ်​နီး​ချင်း​ဆို​လျက်၊ ဤ​အိမ်​တော်၌ ကိုယ်​တော်၏​ယဇ်​ပ​လ္လင်​ရှေ့​မှာ အ​ကျိန်​တိုက်​လျှင်၊ 32ကောင်း​ကင်​ဘုံ၌ နား​ထောင်​တော်​မူ​ပါ။ မ​တ​ရား​သော​သူ​သည် မိ​မိ​အ​ပြစ်​နှင့်​အ​လျောက် ရှုံး​စေ​ခြင်း​ငှာ​လည်း​ကောင်း၊ ဖြောင့်​မတ်​သော​သူ​သည် မိ​မိ​ဖြောင့်​မတ်​ခြင်း​နှင့်​အ​လျောက် အ​ကျိုး​ကို​ခံ​ရ၍ အ​ပြစ်​မှ​လွတ်​စေ​ခြင်း​ငှာ​လည်း​ကောင်း၊ ကိုယ်​တော်​ကျွန်​တို့​ကို တ​ရား​စီ​ရင်​တော်​မူ​ပါ။
33ကိုယ်​တော်၏​လူ ဣ​သ​ရေ​လ​အ​မျိုး​သား​တို့​သည် ကိုယ်​တော်​ကို ပြစ်​မှား​သော​အ​ပြစ်​ကြောင့် ရန်​သူ​ရှေ့​မှာ​ရှုံး​ရ​သော​အ​ခါ၊ ကိုယ်​တော်​ထံ​သို့ ပြန်​လာ၍၊ နာ​မ​တော်​ကို​ဝန်​ခံ​လျက်၊ ဤ​အိမ်​တော်​ကို​မှီ​ခို​လျက် ဆု​တောင်း​ပ​တ္ထ​နာ​ပြု​လျှင်၊ 34ကောင်း​ကင်​ဘုံ၌ နား​ထောင်၍၊ ကိုယ်​တော်၏​လူ ဣ​သ​ရေ​လ​အ​မျိုး​သား​တို့​ကို အ​ပြစ်​မှ​လွှတ်​တော်​မူ​ပါ။ ဘိုး​ဘေး​တို့​အား ပေး​သ​နား​တော်​မူ​သော​ပြည်​သို့ တစ်​ဖန်​ပို့​ဆောင်​တော်​မူ​ပါ။
35ကိုယ်​တော်​ကို​ပြစ်​မှား​သော​အ​ပြစ်​ကြောင့် မိုး​မ​ရွာ၊ မိုး​ခေါင်​သ​ဖြင့် ကိုယ်​တော်​သည် ဆုံး​မ​တော်​မူ​သော​အ​ခါ၊ သူ​တို့​သည် ဤ​အ​ရပ်​ဌာ​န​တော်​ကို​မှီ​ခို​လျက် ဆု​တောင်း၍၊ နာ​မ​တော်​ကို​ဝန်​ခံ​လျက် မိ​မိ​ဒု​စ​ရိုက်​ကို​စွန့်​ပယ်​လျှင်၊ 36ကောင်း​ကင်​ဘုံ၌ နား​ထောင်၍၊ ကိုယ်​တော်၏​ကျွန်၊ ကိုယ်​တော်၏​လူ​ဣ​သ​ရေ​လ​အ​မျိုး​တို့​ကို အ​ပြစ်​မှ​လွှတ်​တော်​မူ​ပါ။ သူ​တို့​လိုက်​ရ​သော လမ်း​ကောင်း​ကို ပြ​ညွှန်၍၊ ကိုယ်​တော်၏​လူ​တို့​အား အ​မွေ​ပေး​သော​မြေ​ပေါ်​မှာ မိုး​ရွာ​စေ​တော်​မူ​ပါ။
37ပြည်​တော်၌ အ​စာ​အာ​ဟာ​ရ​ခေါင်း​ပါး​သော်​လည်း​ကောင်း၊ လေ​ထိ၍ အ​ပင်​သေ​သော်​လည်း​ကောင်း၊ အ​ရည်​ယို၍ သေ​သော်​လည်း​ကောင်း၊ အ​ရာ​ဘ​ကျိုင်း၊ ခါ​သိ​လ​ကျိုင်း ကိုက်​စား​သော်​လည်း​ကောင်း၊ ရန်​သူ​တိုက်​လာ၍ မြို့​ကို ဝိုင်း​ထား​သော်​လည်း​ကောင်း၊ ဘေး​ဥ​ပဒ်၊ အ​နာ​ရော​ဂါ​တစ်​စုံ​တစ်​ခု ရောက်​သော​အ​ခါ၊ 38ကိုယ်​တော်၏​လူ ဣ​သ​ရေ​လ​အ​မျိုး​သား​အ​ချို့​တို့​သည် အ​သီး​အ​သီး​ခံ​ရ​သော ဘေး​ဒဏ်​ကို​သိ​လျက်၊ ဤ​အိမ်​တော်​သို့ မိ​မိ​တို့​လက်​ဝါး​ကို​ဖြန့်၍၊ တစ်​စုံ​တစ်​ခု​သော ပ​တ္ထ​နာ​စ​ကား​အား​ဖြင့် ဆု​တောင်း​လျှင်၊ 39ကျိန်း​ဝပ်​တော်​မူ​ရာ ကောင်း​ကင်​ဘုံ၌​နား​ထောင်​တော်​မူ​ပါ။ 40ဘိုး​ဘေး​တို့​အား ပေး​သ​နား​တော်​မူ​သော​ပြည်၌ သူ​တို့​သည် အ​သက်​ရှင်​သော ကာ​လ​ပတ်​လုံး ကိုယ်​တော်​ကို ကြောက်​ရွံ့​ပါ​မည်​အ​ကြောင်း၊ ကိုယ်​တော်​သာ​လျှင် လူ​သ​တ္တ​ဝါ​အ​ပေါင်း​တို့၏ စိတ်​နှ​လုံး​သ​ဘော​ကို သိ​တော်​မူ​သည်​ဖြစ်၍၊ ဆု​တောင်း​သော သူ​တို့၏ စိတ်​နှ​လုံး​သ​ဘော​ကို​သိ​လျက်၊ သူ​တို့​အ​ပြစ်​ကို လွှတ်​တော်​မူ​ပါ။ အ​သီး​အ​သီး​ပြု​ကြ​သည်​အ​တိုင်း စီ​ရင်​တော်​မူ​ပါ။
41-42ကိုယ်​တော်၏​လူ ဣ​သ​ရေ​လ​အ​မျိုး​မ​ဟုတ်၊ တစ်​ပါး​အ​မျိုး​သား​တို့​သည် ကြီး​မြတ်​သော နာ​မ​တော်၏​သ​တင်း​နှင့် တန်​ခိုး​ကြီး၍၊ ဆန့်​တော်​မူ​သော လက်​ရုံး​တော်၏ သ​တင်း​ကို​ကြား​သော​ကြောင့်၊ နာ​မ​တော်​ကို ထောက်​သ​ဖြင့် ဝေး​သော​ပြည်​မှ​ရောက်​လာ၍၊ ဤ​အိမ်​တော်​ကို မှီ​ခို​လျက်​ဆု​တောင်း​လျှင်၊ 43ကျိန်း​ဝပ်​တော်​မူ​ရာ ကောင်း​ကင်​ဘုံ၌ နား​ထောင်​တော်​မူ​ပါ။ ကိုယ်​တော်၏​လူ ဣ​သ​ရေ​လ​အ​မျိုး​သား​တို့​သည် ကိုယ်​တော်​ကို​ကြောက်​ရွံ့​သ​ကဲ့​သို့ မြေ​ကြီး​သား​အ​ပေါင်း​တို့​သည် ကြောက်​ရွံ့​လျက်၊ နာ​မ​တော်​ကို သိ​စေ​ခြင်း​ငှာ​လည်း​ကောင်း၊ အ​ကျွန်ုပ်​တည်​ဆောက်​သော ဤ​အိမ်​တော်​ကို နာ​မ​တော်​ဖြင့်​သ​မုတ်​ကြောင်း​ကို သိ​စေ​ခြင်း​ငှာ​လည်း​ကောင်း၊ ထို​တစ်​ပါး​အ​မျိုး​သား​တို့​သည် ဆု​တောင်း​သ​မျှ​အ​တိုင်း ကျေး​ဇူး​ပြု​တော်​မူ​ပါ။
44ကိုယ်​တော်​စေ​ခိုင်း​တော်​မူ​သည်​အ​တိုင်း၊ ကိုယ်​တော်၏​လူ​တို့​သည် ရန်​သူ​တို့​ရှိ​ရာ​သို့ စစ်​ချီ​သော​အ​ခါ၊ ရွေး​တော်​မူ​သော​မြို့၊ နာ​မ​တော်​အ​ဖို့ အ​ကျွန်ုပ်​တည်​ဆောက်​သော အိမ်​တော်​ကို မှီ​ခို​လျက်၊ ထာ​ဝ​ရ​ဘု​ရား​အား​ဆု​တောင်း​ကြ​လျှင်၊ 45သူ​တို့ ဆု​တောင်း​ပ​တ္ထ​နာ​ပြု​သော​စ​ကား​ကို ကောင်း​ကင်​ဘုံ၌ နား​ထောင်၍ သူ​တို့​အ​မှု​ကို​စောင့်​တော်​မူ​ပါ။ 46မ​ပြစ်​မှား​တတ်​သော လူ​တစ်​ယောက်​မျှ​မ​ရှိ​သည် ဖြစ်၍၊ ကိုယ်​တော်၏​လူ​တို့​သည် ကိုယ်​တော်​ကို​ပြစ်​မှား​သော​ကြောင့်၊ အ​မျက်​တော်​ထွက်၍ ရန်​သူ​လက်​သို့ အပ်​တော်​မူ​သ​ဖြင့်၊ ရန်​သူ​တို့​သည် ဝေး​သော​ပြည်၊ နီး​သော​ပြည်၊ အ​ခြား​တစ်​ပါး​သော​ပြည်​သို့ သိမ်း​သွား​လျှင်​လည်း​ကောင်း၊ 47ထို​ပြည်၌​အ​ချုပ်​ခံ​စဉ်၊ သူ​တို့​သည်​သ​တိ​ရ၍၊ အ​ကျွန်ုပ်​တို့​သည် ပြစ်​မှား​ပါ​ပြီ။ မ​ဖြောင့်​သော​အ​မှု၊ ဆိုး​ညစ်​သော​အ​မှု​ကို ပြု​မိ​ပါ​ပြီ​ဟု စိတ်​ပြောင်း​လဲ၍ တောင်း​ပန်​သ​ဖြင့်၊ 48သိမ်း​သွား​သော​ရန်​သူ​တို့၏ ပြည်၌​နေ​စဉ်၊ စိတ်​နှ​လုံး​အ​ကြွင်း​မဲ့ အ​ထံ​တော်​သို့​ပြန်​လာ၍၊ ဘိုး​ဘေး​တို့​အား ပေး​တော်​မူ​သော​ပြည်၊ ရွေး​တော်​မူ​သော​မြို့၊ နာ​မ​တော်​အ​ဖို့ အ​ကျွန်ုပ်​တည်​ဆောက်​သော အိမ်​တော်​ကို​မှီ​ခို​လျက် ဆု​တောင်း​လျှင်​လည်း​ကောင်း၊ 49သူ​တို့​ဆု​တောင်း​ပ​တ္ထ​နာ​ပြု​သော စ​ကား​ကို ကျိန်း​ဝပ်​တော်​မူ​ရာ ကောင်း​ကင်​ဘုံ၌ နား​ထောင်၍ သူ​တို့​အ​မှု​ကို​စောင့်​တော်​မူ​ပါ။ 50ကိုယ်​တော်၏​လူ​တို့​သည် ကိုယ်​တော်​ကို​ပြစ်​မှား​သော်​လည်း၊ ကိုယ်​တော်​ကို ပြစ်​မှား​လွန်​ကျူး​ခြင်း​အ​ပြစ် အ​လုံး​စုံ​တို့​ကို ဖြေ​ရှင်း​တော်​မူ​ပါ။ သိမ်း​သွား​သော​သူ​တို့​သည် ကိုယ်​တော်၏​လူ​တို့​ကို သ​နား​စေ​ခြင်း​ငှာ၊ က​ရု​ဏာ​စိတ်​သ​ဘော​ကို ပေး​တော်​မူ​ပါ။ 51အ​ကြောင်း​မူ​ကား၊ သူ​တို့​သည် အဲ​ဂု​တ္တု​ပြည်၏ သံ​မီး​ဖို​ထဲ​က​နုတ်​ယူ​တော်​မူ​သော ကိုယ်​တော်၏​လူ၊ အ​မွေ​ခံ​ရ​တော်​မူ​သော အ​မျိုး​ဖြစ်​ပါ၏။ 52ကိုယ်​တော်၏​ကျွန်​မှ​စ၍ ကိုယ်​တော်၏​လူ ဣ​သ​ရေ​လ​အ​မျိုး​သား ဆု​တောင်း​ပ​တ္ထ​နာ​ပြု​သော စ​ကား​အ​လုံး​စုံ​တို့​ကို နား​ထောင်​ခြင်း​ငှာ ကြည့်​ရှု​မှတ်​ယူ​တော်​မူ​ပါ။ 53အ​ကြောင်း​မူ​ကား၊ အ​ကျွန်ုပ်​တို့ ဘိုး​ဘေး​များ​ကို အဲ​ဂု​တ္တု​ပြည်​မှ နုတ်​ဆောင်​တော်​မူ​သော​အ​ခါ၊ ကိုယ်​တော်၏​ကျွန်​မော​ရှေ​အား​ဖြင့် မိန့်​တော်​မူ​သည်​အ​တိုင်း၊ ဣ​သ​ရေ​လ​အ​မျိုး​ကို ကိုယ်​တော်​အ​မွေ​ခံ​ရာ​ဖြစ်​စေ​ခြင်း​ငှာ၊ မြေ​ကြီး​သား​အ​မျိုး​မျိုး​ထဲ​က ရွေး​နုတ်​ခွဲ​ထား​တော်​မူ​ပြီ အ​ရှင်​ထာ​ဝ​ရ​ဘု​ရား​ဟု ပ​တ္ထ​နာ​ပြု​လေ၏။
နိ​ဂုံး​ချုပ်​ဆု​တောင်း​ပ​တ္ထ​နာ
54ထို​သို့​ရှော​လ​မုန်​သည် ထာ​ဝ​ရ​ဘု​ရား​ရှေ့​တော်၌ ဆု​တောင်း​ပ​တ္ထ​နာ​ပြု၍​ပြီး​သော​အ​ခါ၊ ထာ​ဝ​ရ​ဘု​ရား၏​ယဇ်​ပ​လ္လင်​ရှေ့​မှာ ဒူး​ထောက်​လျက်၊ လက်​ဝါး​တို့​ကို ကောင်း​ကင်​သို့​ဖြန့်​လျက် နေ​ရာ​မှ​ထ၍၊ 55မတ်​တတ်​နေ​ပြီး​လျှင်၊ ဣ​သ​ရေ​လ​အ​မျိုး​ပ​ရိ​သတ်​အ​ပေါင်း​တို့​ကို ကျယ်​သော​အ​သံ​နှင့် ကောင်း​ချီး​ပေး​သော​စ​ကား​ဟူ​မူ​ကား၊ 56က​တိ​တော်​ရှိ​သ​မျှ​အ​တိုင်း မိ​မိ​လူ​ဣ​သ​ရေ​လ​အ​မျိုး​ကို ငြိမ်​ဝပ်​စေ​ခြင်း​ငှာ စီ​ရင်​တော်​မူ​သော ထာ​ဝ​ရ​ဘု​ရား​သည် မင်္ဂ​လာ​ရှိ​တော်​မူ​စေ​သ​တည်း။ မိ​မိ​ကျွန်​မော​ရှေ​အား​ဖြင့် ထား​တော်​မူ​သော က​တိ​တော်​ကောင်း တစ်​ခွန်း​မျှ​မ​ပျက်၊#တရား၊ ၁၂:၁၀၊ ယောရှု၊ ၂၁:၄၄-၄၅။ 57ငါ​တို့​ဘု​ရား​သ​ခင် ထာ​ဝ​ရ​ဘု​ရား​သည် ငါ​တို့​ဘိုး​ဘေး​များ​နှင့်​အ​တူ ရှိ​တော်​မူ​သည်​နည်း​တူ ငါ​တို့​နှင့်​အ​တူ ရှိ​တော်​မူ​ပါ​စေ​သော။ ငါ​တို့​ကို အ​လျှင်း​စွန့်​ပစ်​တော်​မ​မူ​ပါ​စေ​နှင့်။ 58လမ်း​တော်​တို့​သို့ လိုက်​စေ​ခြင်း​ငှာ​လည်း​ကောင်း၊ ဘိုး​ဘေး​တို့​အား​မှာ​ထား​တော်​မူ​သော စီ​ရင်​ထုံး​ဖွဲ့​ချက်​ပ​ညတ်​တ​ရား​တို့​ကို စောင့်​ရှောက်​စေ​ခြင်း​ငှာ​လည်း​ကောင်း၊ ငါ​တို့​စိတ်​နှ​လုံး​ကို အ​ထံ​တော်​သို့​သွေး​ဆောင်​တော်​မူ​ပါ​စေ​သော၊ 59-60ထာ​ဝ​ရ​ဘု​ရား​သည် ဘု​ရား​သ​ခင် ဖြစ်​တော်​မူ​ကြောင်း​ကို​လည်း​ကောင်း၊ အ​ခြား​တစ်​ပါး​သော ဘု​ရား​သ​ခင် မ​ရှိ​ကြောင်း​ကို​လည်း​ကောင်း၊ မြေ​ကြီး​သား​အ​ပေါင်း​တို့​သည် သိ​ကြ​မည်​အ​ကြောင်း ငါ​တို့​ဘု​ရား​သ​ခင် ထာ​ဝ​ရ​ဘု​ရား​သည် မိ​မိ​ကျွန်​နှင့် မိ​မိ​လူ​ဣ​သ​ရေ​လ​အ​မျိုး​သား​တို့၏​အ​မှု​ကို စောင့်​စ​ရာ​အ​ကြောင်း ရှိ​သည်​အ​တိုင်း၊ အ​စဉ်​စောင့်​တော်​မူ​စေ​ခြင်း​ငှာ ထာ​ဝ​ရ​ဘု​ရား​ရှေ့​တော်၌ ငါ​ဆု​တောင်း​သော ဤ​ပ​တ္ထ​နာ​စ​ကား​သည် နေ့​ည​မ​ပြတ် အ​နီး​တော်၌ ရှိ​ပါ​စေ​သော။ 61သင်​တို့​သည် ယ​နေ့​ကျင့်​သ​ကဲ့​သို့၊ ငါ​တို့​ဘု​ရား​သ​ခင် ထာ​ဝ​ရ​ဘု​ရား စီ​ရင်​တော်​မူ​သော​လမ်း​သို့​လိုက်၍ ပ​ညတ်​တ​ရား​တော်​ကို စောင့်​ရှောက်​ခြင်း​ငှာ၊ အ​ထံ​တော်၌ စိတ်​နှ​လုံး​စုံ​လင်​ပါ​စေ​သော​ဟု မြွက်​ဆို​လေ၏။
ဗိ​မာန်​တော်​ကို​အ​နု​မော​ဒ​နာ​ပြု​ခြင်း
(၆ ရာ၊ ၇:၄-၁၀)
62ထို​အ​ခါ ရှော​လ​မုန်​မင်း​ကြီး​နှင့်​တ​ကွ ဣ​သ​ရေ​လ​အ​မျိုး​သား​အ​ပေါင်း​တို့​သည် ထာ​ဝ​ရ​ဘု​ရား​ရှေ့​တော်၌ ယဇ်​ပူ​ဇော်​ကြ၏။ 63နွား​နှစ်​သောင်း​နှစ်​ထောင်၊ သိုး​တစ်​သိန်း နှစ်​သောင်း​တို့​ကို ထာ​ဝ​ရ​ဘု​ရား​အား မိတ်​သ​ဟာ​ယ​ယဇ်​ပူ​ဇော်​သ​ဖြင့်၊ ထာ​ဝ​ရ​ဘု​ရား၏​အိမ်​တော်​ကို အ​နု​မော​ဒ​နာ​ပြု​ကြ၏။ 64ထို​နေ့၌​လည်း၊ ရှင်​ဘု​ရင်​သည် ထာ​ဝ​ရ​ဘု​ရား၏​အိမ်​တော်​ရှေ့​မှာ​ရှိ​သော တံ​တိုင်း​အ​တွင်း​အ​ရပ်​ကို သန့်​ရှင်း​စေ၍၊ ထို​အ​ရပ်၌ မီး​ရှို့​ရာ​ယဇ်၊ ဘော​ဇဉ်​ပူ​ဇော်​သ​ကာ၊ မိတ်​သ​ဟာ​ယ​ယဇ်​ကောင် ဆီ​ဥ​ကို​ပူ​ဇော်၏။ အ​ကြောင်း​မူ​ကား၊ ထာ​ဝ​ရ​ဘု​ရား​ရှေ့​တော်၌​ရှိ​သော ကြေး​ဝါ​ယဇ်​ပ​လ္လင်​သည် မီး​ရှို့​ရာ​ယဇ်၊ ဘော​ဇဉ်​ပူ​ဇော်​သ​ကာ၊ မိတ်​သ​ဟာ​ယ​ယဇ်​ကောင် ဆီ​ဥ​ကို မ​ခံ​လောက်။ 65ထို​အ​ခါ ရှော​လ​မုန်​သည် အ​လွန်​များ​စွာ​သော ပ​ရိ​သတ်​တည်း​ဟူ​သော ဟာ​မတ်​မြို့​ဝင်​ဝ​မှ​စ၍ အဲ​ဂု​တ္တု​မြစ်​တိုင်​အောင် အ​နှံ့​အ​ပြား အ​ရပ်​ရပ်​က​လာ​ကြ​သော ဣ​သ​ရေ​လ​အ​မျိုး​သား​အ​ပေါင်း​တို့​နှင့်​တ​ကွ၊ ငါ​တို့​ဘု​ရား​သ​ခင် ထာ​ဝ​ရ​ဘု​ရား​ရှေ့​တော်၌ ခု​နစ်​ရက်​နှစ်​လီ၊ တစ်​ဆယ်​လေး​ရက်​ပတ်​လုံး ပွဲ​ခံ​တော်​မူ၏။ 66ရှစ်​ရက်​မြောက်​သော​နေ့၌ လူ​များ​တို့​ကို လွှတ်​လိုက်​တော်​မူ၏။ သူ​တို့​သည် ရှင်​ဘု​ရင်​ကို ကောင်း​ချီး​ပေး​လျက်၊ ထာ​ဝ​ရ​ဘု​ရား​သည် မိ​မိ​ကျွန်​ဒါ​ဝိဒ်​နှင့် မိ​မိ​လူ​ဣ​သ​ရေ​လ​အ​မျိုး​သား​တို့၌ ပြု​တော်​မူ​သ​မျှ​သော ကျေး​ဇူး​တော်​ကြောင့်၊ ဝမ်း​မြောက်​ရွှင်​လန်း​လျက် မိ​မိ​တို့​နေ​ရာ​သို့ ပြန်​သွား​ကြ၏။

လက်ရှိရွေးချယ်ထားမှု

၃ ဓမ္မရာဇဝင် 8: JBMLE

အရောင်မှတ်ချက်

မျှဝေရန်

ကူးယူ

None

မိမိစက်ကိရိယာအားလုံးတွင် မိမိအရောင်ချယ်သောအရာများကို သိမ်းဆည်းထားလိုပါသလား။ စာရင်းသွင်းပါ (သို့) အကောင့်ဝင်လိုက်ပါ