၁ ရာဇဝင်ချုပ် 5
5
ရုဗင်၏သားမြေးများ
1ရုဗင်သည် ဣသရေလ၏သားဦးဖြစ်သော်လည်း၊ အဘအိပ်ရာကို ညစ်ညူးစေသောကြောင့်၊ သားဦးအရာကိုနုတ်ပြီးလျှင်၊ ဣသရေလ၏သားဖြစ်သော ယောသပ်၏သားတို့အားပေးသည်ဖြစ်၍၊ သားစဉ် မြေးဆက်တို့ကိုမှတ်သောအခါ၊ သားဦးအရာကိုလိုက်၍ မမှတ်ရ။#က၊ ၃၅:၂၂၊ ၄၉:၃-၄။ 2ယုဒသည်လည်း ညီအစ်ကိုတို့တွင်လွန်ကဲ၍ သူ၏အမျိုးထဲက မင်းဖြစ်တတ်သော်လည်း၊ သားဦးအရာကိုမရ၊ ယောသပ်ရ၏။#က၊ ၄၉:၈-၁၀။ 3ဣသရေလ၏သားဦး ရုဗင်သားကား ဟာနုတ်၊ ဖာလု၊ ဟေဇရုံ၊ ကာမိတည်း။ 4ယောလသားကား ရှေမာယ၊ ရှေမာယသား ဂေါဂ၊ ဂေါဂသား ရှေမိ၊ 5ရှေမိသား မိက္ခ၊ မိက္ခသား ရာယ၊ ရာယသားဗာလတည်း။ 6ဗာလသားကား၊ အာရှုရိရှင်ဘုရင် တိဂလတ်ပိလေသာသိမ်းသွားသော ရုဗင်အမျိုးမင်းဗေရာတည်း။#၄ရာ၊ ၁၅:၂၉။ 7သူ၏ညီ ယေယေလနှင့် ဇာခရိတို့သည်လည်း၊ သားစဉ်မြေးဆက်စာရင်းယူသောအခါ အဆွေအမျိုးသူကြီးဖြစ်သတည်း။ 8ထိုအတူ ယောလ၊ ရှေမ၊ အာဇတ်တို့မှဆင်းသက်သော ဗေလသည်လည်း မင်းဖြစ်လျက်၊ အာရော်မြို့မှစ၍ နေဗောမြို့၊ ဗာလမောင်မြို့တိုင်အောင် နေရာကျယ်၏။ 9ဂိလဒ်ပြည်၌ သိုးနွားများပြားသောကြောင့်၊ အရှေ့မျက်နှာ၌ ဥဖရတ်မြစ်နှင့်ဆိုင်သော တောဝင်ဝတိုင်အောင် နေရာကျယ်၏။ 10ရှောလုမင်းလက်ထက် ဟာဂရအမျိုးသားတို့ကို စစ်တိုက်၍လုပ်ကြံသဖြင့်၊ ဂိလဒ်ပြည်အရှေ့ပိုင်းတစ်လျှောက်လုံးတွင် ဟာဂရ၏နေရာကိုယူ၍ နေရာကျကြ၏။
ဂဒ်၏သားမြေးများ
11သူတို့တစ်ဖက်တစ်ချက်၊ ဗာရှန်ပြည်တွင် သလကာမြို့တိုင်အောင် ဂဒ်အမျိုးသားတို့သည် နေရာကျကြ၏။ 12ဗာရှန်ပြည်၌ အကြီးအကဲကား ယောလ၊ ထိုနောက် ရှာဖံ၊ ယာနဲ၊ ရှာဖတ်တည်း။ 13သူတို့အဆွေအမျိုးချင်း ပေါက်ဖော်တော်သောသူကား မိက္ခေလ၊ မေရှုလံ၊ ရှေဘ၊ ယောရဲ၊ ယာခန်၊ ဇယာ၊ ယေဗာ၊ ပေါင်းခုနစ်ယောက်တည်း။ 14-15ထိုသူတို့သည် ဂုနိ၊ အာဗဒျေလ၊ ဗုဇာတိ၊ ယာဒေါ၊ ယေရှိရှဲ၊ မိက္ခေလ၊ ဂိလဒ်၊ ယာရော်၊ ဟုရိ၊ အဘိဟဲလ အမျိုးအနွယ်ဖြစ်သတည်း။ ဂုနိကား ထိုအဆွေအမျိုး၏သူကြီးဖြစ်၏။ 16သူတို့သည် ဂိလဒ်ပြည်၊ ဗာရှန်ပြည်မြို့ရွာ၊ ရှာရုန်မြို့ပတ်လည်ပြည်စွန်းတိုင်အောင် နေရာကျကြ၏။ 17ဤသူအပေါင်းတို့သည် ယုဒရှင်ဘုရင်ယောသံနှင့် ဣသရေလရှင်ဘုရင် ယေရောဗောင်လက်ထက် သားစဉ်မြေးဆက် စာရင်းဝင်ကြ၏။
အရှေ့ပိုင်းအနွယ်တို့၏စစ်တပ်များ
18ရုဗင်အမျိုး၊ ဂဒ်အမျိုး၊ မနာရှေအမျိုးတစ်ဝက်တွင် ဒိုင်းနှင့် ဓားကိုကိုင်၍ လေးနှင့်ပစ်တတ်သဖြင့်၊ စစ်မှုစစ်ရေးကို လေ့ကျက်၍ စစ်ချီတတ်သော စစ်သူရဲပေါင်းကား၊ လေးသောင်းလေးထောင်ခုနစ်ရာခြောက်ဆယ်တည်း။ 19ထိုသူတို့သည် ဟာဂရအမျိုးသားတည်းဟူသော ယေတုရ၊ နာဖိရှ၊ နောဒဒ်အမျိုးသားတို့နှင့် စစ်တိုက်ကြ၏။ 20စစ်တိုက်သောအခါ ဘုရားသခင်ကိုကိုးစား၍ ဆုတောင်းသောကြောင့်၊ ဘုရားသခင် မစတော်မူခြင်းကျေးဇူးအားဖြင့်၊ ဟာဂရလူတို့နှင့် သူတို့ဥစ္စာရှိသမျှကိုရကြ၏။ 21ကုလားအုတ်ငါးသောင်း၊ သိုးနှစ်သိန်းငါးသောင်း၊ မြည်းနှစ်ထောင်၊ လူတစ်သိန်းတို့ကိုသိမ်းယူကြ၏။ 22ဘုရားသခင့်အခွင့်နှင့် စစ်တိုက်သောကြောင့်၊ ရန်သူအများတို့သည်လဲသေကြ၏။ ဣသရေလလူတို့သည် သိမ်းသွားခြင်းအမှု မရောက်မီတိုင်အောင်၊ ဟာဂရလူတို့နေရာ၌ နေရာကျကြ၏။
အရှေ့ပိုင်းမနာရှေမှလူများ
23မနာရှေအမျိုးတစ်ဝက်သည်၊ ထိုပြည်တွင် ဗာရှန်မြို့မှစ၍ ဗာလဟေရမုန်မြို့၊ စနိရမြို့၊ ဟေရမုန်တောင်တိုင်အောင် ပွားများလျက်နေ၏။ 24အဆွေအမျိုးသူကြီးများဟူမူကား၊ ခွန်အားကြီး၍ ကျော်စောသော စစ်သူရဲဧဖာ၊ ဣရှိ၊ ဧလျေလ၊ အာဇရေလ၊ ယေရမိ၊ ဟောဒဝိ၊ ယာဒျေလတည်း။
အရှေ့ပိုင်းအနွယ်တို့ပြည်နှင်ဒဏ်ခံရခြင်း
25သို့ရာတွင် ရုဗင်အမျိုး၊ ဂဒ်အမျိုး၊ မနာရှေအမျိုးတစ်ဝက်သည် ဘိုးဘေးတို့၏ဘုရားသခင်ကိုပြစ်မှား၍၊ မိမိတို့ရှေ့မှာ ဘုရားသခင်ဖျက်ဆီးတော်မူသော ပြည်သားတို့ဘုရားများနှင့် မှားယွင်းကြ၏။ 26သို့ဖြစ်၍ ဣသရေလအမျိုး၏ဘုရားသခင်သည် အာရှုရိရှင်ဘုရင် ပုလနှင့် ရှင်ဘုရင်တိဂလတ်ပိလေသာစိတ်ကို နှိုးဆော်တော်မူသဖြင့်၊ နောက်ရှင်ဘုရင်သည် ထိုဣသရေလအမျိုးသားတို့ကို ဂေါဇန်မြစ်နား၊ ဟေလမြို့၊ ဟာဗော်မြို့၊ ဟာရမြို့သို့ သိမ်းသွား၍ ယနေ့တိုင်အောင်နေရာချထား၏။#၄ရာ၊ ၁၅:၁၉၊ ၂၉၊ ၁၇:၆။
လက်ရှိရွေးချယ်ထားမှု
၁ ရာဇဝင်ချုပ် 5: JBMLE
အရောင်မှတ်ချက်
မျှဝေရန်
ကူးယူ
မိမိစက်ကိရိယာအားလုံးတွင် မိမိအရောင်ချယ်သောအရာများကို သိမ်းဆည်းထားလိုပါသလား။ စာရင်းသွင်းပါ (သို့) အကောင့်ဝင်လိုက်ပါ
Judson Bible Revision © Bible Society of Myanmar, 2021.