ဇာခရိအနာဂတ္တိကျမ်း 9
9
ဇိအုန်၏ရန်သူတို့ကို စီရင်ခြင်း
1ထာဝရဘုရား၏ဗျာဒိတ်စကားသည် ဟာဒရက်ပြည်ကို ဆန့်ကျင်၍ ဗျာဒိတ်တော်တည်ရာ ဒမတ်စကပ်မြို့အပေါ်သို့ သက်ရောက်၏။ အကြောင်းမူကား အစ္စရေးအမျိုးအနွယ်အပါအဝင် လူအပေါင်းတို့သည် ထာဝရဘုရားကို မျှော်ကြည့်ကြ၏။ 2ထိုမြို့နှင့်နယ်နိမိတ်ထိစပ်သောဟာမတ်မြို့အပေါ်သို့လည်း သက်ရောက်၏။ တိုင်ရာမြို့နှင့် ဆီဒုန်မြို့တို့သည် အလွန်ဉာဏ်ပညာရှိသောကြောင့် ထိုမြို့တို့အပေါ်သို့ သက်ရောက်လေ၏။ 3တိုင်ရာမြို့သည် ခံတပ်ကိုတည်၍ ငွေတို့ကိုမြေမှုန့်ကဲ့သို့လည်းကောင်း၊ ရွှေတို့ကိုလမ်းပေါ်မှရွှံ့ကဲ့သို့လည်းကောင်း စုပုံထားကြ၏။ 4ကြည့်ရှုလော့။ ဘုရားရှင်သည် သူပိုင်ဆိုင်သမျှကိုသိမ်းပိုက်၍ သူ့အစွမ်းကို ပင်လယ်ပြင်တွင် ဖျက်ဆီးတော်မူမည်။ မီးဖြင့် လောင်ကျွမ်းစေတော်မူမည်။ 5အာရှကေလုန်မြို့သည်မြင်၍ ကြောက်ရွံ့လိမ့်မည်။ ဂါဇမြို့သည်လည်း အလွန်တုန်လှုပ်လိမ့်မည်။ ဧကြုန်သည်လည်း မျှော်လင့်ရာမဲ့အရှက်တကွဲ ဖြစ်လိမ့်မည်။ ဂါဇဘုရင်သည် ကွပ်မျက်ခံရ၍ အာရှကေလုန်မြို့သည် နေထိုင်သူမရှိ ဖြစ်လိမ့်မည်။ 6“အာဇုတ်မြို့တွင် မျိုးမစစ်သောသူတို့ နေထိုင်ကြလိမ့်မည်။ ဖိလိတ္တိလူမျိုးတို့၏မာနကို ငါချိုးဖျက်မည်။ 7သူတို့၏ခံတွင်းထဲမှအသွေးနှင့် သူတို့သွားကြားမှစက်ဆုပ်ဖွယ်ရာများကို ငါဖယ်ရှားမည်။ ကြွင်းကျန်သောသူတို့သည် ငါတို့၏ဘုရားသခင်အဖို့ ဖြစ်၍ ယုဒအမျိုး၌ခေါင်းဆောင်ကဲ့သို့ ဖြစ်မည်။ ဧကြုန်လူမျိုးသည်လည်း ယေဗုသိလူမျိုးကဲ့သို့ဖြစ်မည်။ 8ငါ့အိမ်တော်၌ ကျူးကျော်ဝင်ရောက်သူမရှိအောင် ကင်းစောင့်ချထားမည်။ ငါကိုယ်တိုင်စောင့်ကြည့်မည်ဖြစ်၍ ညှဉ်းဆဲတတ်သောသူတို့ နောက်တစ်ဖန် မကျူးကျော်ရ။
ဇိအုန်ဘုရင်၏ကြွလာခြင်း
9အို ဇိအုန်သမီးပျို၊ အားရရွှင်လန်းလော့။ အို ဂျေရုဆလင်သမီးပျို၊ ဝမ်းမြောက်စွာကြွေးကြော်လော့။ ကြည့်ရှုလော့။ သင်၏ရှင်ဘုရင်သည် သင့်ထံသို့ ကြွလာပြီ။ သူသည် ဖြောင့်မတ်သောအရှင်၊ ကယ်တင်ပိုင်သောအရှင်ဖြစ်တော်မူ၏။ နှိမ့်ချသောအရှင်လည်းဖြစ်တော်မူ၏။ မြည်းမ၏သားငယ် မြည်းကလေးကိုစီး၍ ကြွလာတော်မူ၏။ 10ဧဖရိမ်ပြည်၏စစ်ရထား၊ ဂျေရုဆလင်မြို့၏မြင်းတို့ကို ငါဖယ်ရှားပစ်မည်။ စစ်လေးလက်နက်တို့သည်လည်း ကျိုးပဲ့ကုန်လိမ့်မည်။ ရှင်ဘုရင်သည် လူမျိုးတကာတို့ကို ငြိမ်းချမ်းရေးသတင်းစကားပြောကြားလိမ့်မည်။ သူ၏အုပ်စိုးမှုအာဏာစက်သည် တစ်ပင်လယ်မှ တစ်ပင်လယ်တိုင်အောင်လည်းကောင်း၊ ယူဖရေးတီးမြစ်#9:10 တိုက်ရိုက်ပြန်ဆိုလျှင် “မြစ်”။မှ မြေကြီးစွန်းတိုင်အောင်လည်းကောင်း ရောက်လိမ့်မည်။ 11သင်နှင့်ဖွဲ့သောအသွေးတော်ပဋိညာဉ်ကြောင့် ရေမရှိသောတွင်းထဲတွင်နေရသောအကျဉ်းသားတို့ကို ငါလွှတ်ပေးမည်။ 12မျှော်လင့်စရာရှိသော အကျဉ်းသားတို့၊ ခံတပ်သို့ပြန်လာကြလော့။ သင်တို့ကို နှစ်ဆသောအကျိုးပေးမည်ဟု ယနေ့ပင် ငါဆိုပြီ။ 13ငါသည် ယုဒကို လေးသဖွယ် တင်မည်၊ ဧဖရိမ်ကို မြားသဖွယ် ပြုမည်။ အို ဇိအုန်၊ သင့်သားတို့ကို ငါနှိုးဆော်မည်။ အို ဂရိ၊ သင့်သားတို့ကို ငါဆန့်ကျင်မည်။ သင့်ကို စစ်သူရဲ၏ဓားသဖွယ် ဖြစ်စေမည်။” 14ထာဝရဘုရားသည် မိမိကိုယ်ကို ထင်ရှားတော်မူမည်။ ကိုယ်တော်၏မြားတော်သည် လျှပ်ပြက်သကဲ့သို့ ထွက်သွားလိမ့်မည်။ ဘုရားရှင်ထာဝရဘုရားသည် တံပိုးကိုမှုတ်လျက် တောင်ဘက်မှမုန်တိုင်းနှင့်အတူ ကြွချီတော်မူမည်။ 15ကောင်းကင်ဗိုလ်ခြေအရှင်ထာဝရဘုရားသည် သူတို့ကိုကွယ်ကာတော်မူမည်။ သူတို့သည် လောက်စာလုံးတို့ကို ဖျက်ဆီး၍ ချေပစ်မည်။ စပျစ်ဝိုင်သောက်၍ မူးယစ်သောသူကဲ့သို့ အော်ဟစ်ကြိမ်းမောင်းကြလိမ့်မည်။ အင်တုံကဲ့သို့လည်းကောင်း၊ ယဇ်ပလ္လင်ထောင့်စွန်းကဲ့သို့လည်းကောင်း ပြည့်လျှံကြလိမ့်မည်။ 16ထိုနေ့ရက်၌ သူတို့၏ဘုရားသခင်ထာဝရဘုရားသည် မိမိလူမျိုးတော်ကို သိုးစုသဖွယ်ကယ်တင်လိမ့်မည်။ သူတို့သည် ကျောက်မျက်သရဖူကဲ့သို့ ပြည်တော်၌ ထွန်းတောက်ကြလိမ့်မည်။ 17မည်မျှကောင်းမြတ်ပါသနည်း။ မည်မျှတင့်တယ်ပါသနည်း။ လူပျိုအပျိုတို့သည် ကောက်ပဲသီးနှံနှင့် စပျစ်ဝိုင်အသစ်ကြောင့် ကြီးပွားတိုးတက်ကြလိမ့်မည်။
လက်ရှိရွေးချယ်ထားမှု
ဇာခရိအနာဂတ္တိကျမ်း 9: MSBU
အရောင်မှတ်ချက်
မျှဝေရန်
ကူးယူ
မိမိစက်ကိရိယာအားလုံးတွင် မိမိအရောင်ချယ်သောအရာများကို သိမ်းဆည်းထားလိုပါသလား။ စာရင်းသွင်းပါ (သို့) အကောင့်ဝင်လိုက်ပါ
MYANMAR STANDARD BIBLE©
Copyright © 2012, 2014, 2017, 2021 by Global Bible Initiative