YouVersion လိုဂို
ရှာရန် အိုင်ကွန်

ဇာခရိအနာဂတ္တိကျမ်း 10

10
မိမိလူမျိုးတော်ကို ဘုရားသခင်ပြန်လည်ခေါ်ဆောင်လာခြင်း
1မိုးနှောင်း​ကာလ​တွင် မိုးရွာ​စေရန် ထာဝရဘုရား​ထံ​တောင်းလျှောက်​ကြ​လော့​။ ထာဝရဘုရား​သည် မိုးတိမ်တိုက်​ကို ဖြစ်ပေါ်​စေ​၏​။ မိုးရွာ​စေ​ခြင်း​ဖြင့် လူ​အပေါင်း​တို့​၏​လယ်ပြင်​မှ အပင်​များ​အတွက် မိုးရေ​ကို ရရှိ​စေ​တော်မူ​၏​။ 2အကယ်စင်စစ် တေရပ်ရုပ်တု​တို့​သည် လှည့်စား​သော​စကား​ကို​ဆို​၏​။ ဂမ္ဘီရပညာရှင်​တို့​လည်း မဟုတ်မမှန်​သော​နိမိတ်​ကို မြင်​ကြ​၏​။ အလိမ်အညာ​အိပ်မက်​များ​ကို မြင်မက်​ပြီး အချည်းနှီး​နှစ်သိမ့်​ပေး​တတ်​၏​။ ထို့ကြောင့် လူ​တို့​သည် သိုးစု​ကဲ့သို့ လှည့်လည်​သွားလာ​ရ​ကြ​၏​။ သိုးထိန်း​မ​ရှိ​သဖြင့် အနှိပ်စက်​ခံရ​ကြ​၏​။ 3“သိုးထိန်း​တို့​ကို ငါ​အမျက်ထွက်​၏​။ ခေါင်းဆောင်#10:3 တိုက်ရိုက်ပြန်ဆိုလျှင် “ဆိတ်ထီး”။​တို့​ကို ငါ​ဒဏ်ခတ်​မည်​။ အကြောင်းမူကား ကောင်းကင်​ဗိုလ်ခြေ​အရှင်​ထာဝရဘုရား​သည် မိမိ​၏​သိုးစု​ယုဒ​အမျိုးအနွယ်​ကို ကြည့်ရှု​ထောက်မ​၍ သူ​တို့​ကို ရဲစွမ်းသတ္တိ​ရှိ​သော​စစ်​မြင်း​ကဲ့သို့ ဖြစ်​စေ​မည်​။ 4ထို​မျိုးနွယ်​ထဲမှ ထောင့်ချုပ်ကျောက်​၊ ငုတ်တိုင်​၊ စစ်​လေးလက်နက်​နှင့် အုပ်ချုပ်​သူ​အပေါင်း​တို့ အတူတကွ​ထွက်ပေါ်​လာ​လိမ့်မည်​။ 5သူ​တို့​သည် လမ်း​ပေါ်မှ​ရွှံ့​ကို​နင်း​သကဲ့သို့ စစ်ပွဲ​တွင် ရန်သူ​ကို​နင်းချေ​သော​စစ်သူရဲ​များ ဖြစ်​ကြ​လိမ့်မည်​။ ထာဝရဘုရား​သည် သူ​တို့​နှင့်အတူ​ပါရှိ​သောကြောင့် စစ်တိုက်​ရာ​တွင် မြင်းစီးသူရဲ​တို့​ကို အရှက်ကွဲ​စေ​လိမ့်မည်​။ 6ငါ​သည် ယုဒ​အမျိုးအနွယ်​ကို ခွန်အား​နှင့်​ပြည့်​စေ​မည်​။ ယောသပ်​အမျိုးအနွယ်​ကို ကယ်တင်​မည်​။ သူ​တို့​ကို​သနားစုံမက်​သောကြောင့် ပြန်လည်​ခေါ်ဆောင်​လာ​မည်​။ သူ​တို့​သည် ငါ​မ​စွန့်ပယ်​ဖူး​သော​သူ​ကဲ့သို့ ဖြစ်​မည်​။ ငါ​သည် သူ​တို့​၏​ဘုရားသခင်​ထာဝရဘုရား ဖြစ်​တော်မူ​သောကြောင့် သူ​တို့​ကို ငါ​ထူး​မည်​။ 7ဧဖရိမ်​အမျိုး​သည် စစ်သူရဲ​ကဲ့သို့​ဖြစ်​ကြ​လိမ့်မည်​။ စပျစ်ဝိုင်​သောက်​သော​သူ​ကဲ့သို့ ဝမ်းမြောက်​ရွှင်လန်း​ကြ​လိမ့်မည်​။ ထို​အဖြစ်​ကို တွေ့မြင်​ရ​သော​သားသမီး​များ​လည်း ဝမ်းမြောက်​ကြ​လိမ့်မည်​။ ထာဝရဘုရား​၌ သူ​တို့​၏​စိတ်နှလုံး​ရွှင်လန်း​ရ​ကြ​လိမ့်မည်​။ 8ငါ​သည် သူ​တို့​ကို လေချွန်​ပြီး ခေါ်ယူ​စုသိမ်း​မည်​။ သူ​တို့​ကို အမှန်ပင် ရွေးနုတ်ကယ်တင်​မည်​။ ယခင်က တိုးပွား​ခဲ့​သည့်​အတိုင်း ဆက်လက်​တိုးပွား​စေ​မည်​။ 9ငါ​သည် သူ​တို့​ကို လူမျိုးတကာ​တို့​ထံ ကွဲလွင့်​စေ​ခဲ့​သော်လည်း သူ​တို့​သည် ရပ်ဝေး​၌ပင် ငါ့​ကို​သတိရ​ကြ​လိမ့်မည်​။ သူ​တို့​သည် သားသမီး​များ​နှင့်တကွ အသက်ရှင်​လျက် ပြန်လာ​ရ​ကြ​လိမ့်မည်​။ 10ငါ​သည် သူ​တို့​ကို အီဂျစ်​ပြည်​မှ ပြန်ခေါ်​လာ​မည်​။ အဆီးရီးယား​ပြည်​မှ ပြန်လည်​စုသိမ်း​မည်​။ ဂိလဒ်​ပြည်​၊ လက်ဘနွန်​တောင်​သို့ ခေါ်ဆောင်​လာ​မည်​။ သူ​တို့​နေစရာ​အဖို့ နေရာလပ်​မ​ကျန်​အောင် ဖြစ်​လိမ့်မည်​။ 11သူ​တို့​သည် ဒုက္ခ​ပင်လယ်​ကို ဖြတ်ကျော်​၍ ပင်လယ်​လှိုင်းတံပိုး​တို့​ကို ဒဏ်ခတ်​လိမ့်မည်​။ နိုင်း​မြစ်​ရေထုကြီး​လည်း ခန်းခြောက်​သွား​လိမ့်မည်​။ အဆီးရီးယား​ပြည်​၏​မာန ချိုးဖျက်​ခံရ​လိမ့်မည်​။ အီဂျစ်​ပြည်​၏​ရာဇလှံတံ​လည်း ကွယ်ပျောက်​ရ​လိမ့်မည်​။ 12ငါ ထာဝရဘုရား​ကြောင့် သူ​တို့​သည် အားပြည့်​၍ ငါ့​နာမ​တော်​၌ အသက်ရှင်​လျှောက်လှမ်း​ကြ​လိမ့်မည်​”​ဟု ထာဝရဘုရား​မိန့်​တော်မူ​၏​။

လက်ရှိရွေးချယ်ထားမှု

ဇာခရိအနာဂတ္တိကျမ်း 10: MSBU

အရောင်မှတ်ချက်

မျှဝေရန်

ကူးယူ

None

မိမိစက်ကိရိယာအားလုံးတွင် မိမိအရောင်ချယ်သောအရာများကို သိမ်းဆည်းထားလိုပါသလား။ စာရင်းသွင်းပါ (သို့) အကောင့်ဝင်လိုက်ပါ