YouVersion လိုဂို
ရှာရန် အိုင်ကွန်

ဇာခရိအနာဂတ္တိကျမ်း 8

8
နာခံခြင်းနှင့်ပျော်ရွှင်စရာပွဲတော်
1တစ်ဖန် ကောင်းကင်​ဗိုလ်ခြေ​အရှင်​ထာဝရဘုရား​၏​နှုတ်ကပတ်တော် ရောက်လာ​ပြန်​၍ 2“ကောင်းကင်​ဗိုလ်ခြေ​အရှင်​ထာဝရဘုရား​က ‘ငါ​သည် ဇိအုန်​မြို့​ကို အလွန်​ကြင်နာ​၏​။ ပြင်းစွာ​အမျက်ထွက်​သည့်​တိုင်အောင် ကြင်နာ​၏’​ဟု မိန့်​တော်မူ​၏​။ 3ထာဝရဘုရား​က ‘ဇိအုန်​မြို့​သို့ ငါ​ပြန်လာ​မည်​။ ဂျေရုဆလင်​မြို့​တွင် ကိန်းဝပ်​မည်​။ ဂျေရုဆလင်​မြို့​သည် သစ္စာစောင့်​သော​မြို့​၊ ကောင်းကင်​ဗိုလ်ခြေ​အရှင်​ထာဝရဘုရား​၏​တောင်​တော်​၊ သန့်ရှင်း​သော​တောင်​တော်​ဟူ၍ ခေါ်ဝေါ်​ကြ​လိမ့်မည်’​ဟု မိန့်​တော်မူ​၏​။ 4ကောင်းကင်​ဗိုလ်ခြေ​အရှင်​ထာဝရဘုရား​က ‘သက်ကြီးရွယ်အို ယောက်ျား​မိန်းမ​တို့​သည် အသက်ကြီး​၍ တောင်ဝှေး​ကို​ကိုင်ထား​လျက် ဂျေရုဆလင်​မြို့​ရှိ​လမ်းဆုံလမ်းခွ​တို့​၌ တစ်ဖန်​ပြန်​၍ ထိုင်​နေ​ကြ​လိမ့်မည်​။ 5မြို့​လမ်း​တို့​သည်​လည်း ပြေးလွှား​ဆော့ကစား​နေ​သော​ကလေးသူငယ်​များ​နှင့် ပြည့်​နေ​ကြ​လိမ့်မည်’​ဟု မိန့်​တော်မူ​၏​။ 6ကောင်းကင်​ဗိုလ်ခြေ​အရှင်​ထာဝရဘုရား​က ‘ထို​ကာလ​တွင် ထို​အမှု​သည် ကြွင်းကျန်​သော ဤ​လူမျိုး​တော်​တို့​အဖို့ အံ့ဩဖွယ်​ရာ​ဖြစ်​လျှင်​လည်း ငါ့​အဖို့​မူကား အံ့ဩဖွယ်​ရာ​ဖြစ်​လိမ့်မည်​လော’​ဟု မိန့်​တော်မူ​၏​။ 7ကောင်းကင်​ဗိုလ်ခြေ​အရှင်​ထာဝရဘုရား​က ‘ကြည့်ရှု​လော့​။ နေထွက်​ရာ​အရပ်​၊ နေဝင်​ရာ​အရပ်​တို့​မှ ငါ့​လူမျိုး​တော်​တို့​ကို ငါ​ကယ်နုတ်​မည်​။ 8သူ​တို့​ကို ပြန်ခေါ်လာ​၍ ဂျေရုဆလင်​မြို့​တွင် နေထိုင်​စေ​ပြီး သူ​တို့​သည် ငါ​၏​လူမျိုး​တော် ဖြစ်​လိမ့်မည်​။ ငါ​သည်​လည်း သူ​တို့​အဖို့ သစ္စာစောင့်​သော​၊ ဖြောင့်မတ်​သော​ဘုရားသခင် ဖြစ်​လိမ့်မည်’​ဟု မိန့်​တော်မူ​၏​။
9ကောင်းကင်​ဗိုလ်ခြေ​အရှင်​ထာဝရဘုရား​က ‘ဗိမာန်တော်​ဖြစ်​သော ကောင်းကင်​ဗိုလ်ခြေ​အရှင်​ထာဝရဘုရား​၏​အိမ်​တော်​ကို ပြန်လည်​တည်ဆောက်​ရန် အုတ်မြစ်ချ​သော​နေ့​၌ ပရောဖက်​တို့​နှုတ်​မှ ဆင့်ဆို​ခဲ့​သော​စကား​များ​ကို ယခု​ကာလ​၌​ကြား​ရ​သော​သူ​တို့​၊ သင်​တို့​လက်​ကို ကြံ့ခိုင်​စေ​ကြ​လော့​။ 10ထို​ကာလ​မတိုင်မီ လူ​တို့​သည် လုပ်အားခ မ​ရ​။ တိရစ္ဆာန်​ငှားရမ်းခ​လည်း မ​ရ​။ ငါ​သည် လူ​အပေါင်း​တို့​အား အိမ်နီးချင်း​အချင်းချင်း ရန်သူ​ဖြစ်​စေ​သဖြင့် သွား​လာ​သော​သူ​တို့​သည် ရန်သူ​ရှိ​သောကြောင့် လုံခြုံမှု​မ​ရှိ​ခဲ့’​ဟု မိန့်​တော်မူ​၏​။ 11ကောင်းကင်​ဗိုလ်ခြေ​အရှင်​ထာဝရဘုရား​က ‘ယခု​မူကား ကြွင်းကျန်​သော​သူ​တို့​ကို ယခင်​ကာလ​က​ကဲ့သို့ ငါ​မ​ပြု​။ 12အေးချမ်း​စွာ​မျိုးစေ့​ကြဲ​ရ​လိမ့်မည်​။ စပျစ်ပင်​သည် အသီး​သီး​လိမ့်မည်​။ မြေကြီး​သည်​လည်း အသီးအနှံ​ကို ဖြစ်ထွန်း​စေ​လိမ့်မည်​။ မိုးကောင်းကင်​မှ နှင်းကျ​လိမ့်မည်​။ ငါ​သည် ကြွင်းကျန်​သော​ဤ​လူမျိုး​တို့​အား ဤ​အရာ​အားလုံး​တို့​ကို အမွေ​ခံစား​ရ​စေ​မည်​။ 13အို ယုဒ​အမျိုးအနွယ်​နှင့် အစ္စရေး​အမျိုးအနွယ်​တို့​၊ သင်​တို့​သည် လူမျိုးခြား​တို့​အလယ်​တွင် ကျိန်ဆဲစရာ​ဖြစ်​ခဲ့​သော်လည်း သင်​တို့​ကို ငါ​ကယ်တင်​မည်​။ ကောင်းချီး​ပေး​မည်​။ မ​ကြောက်​ကြ​နှင့်​။ သင်​တို့​လက်​ကို ခိုင်ခံ့​စေ​လော့’​ဟု မိန့်​တော်မူ​၏​။ 14ကောင်းကင်​ဗိုလ်ခြေ​အရှင်​ထာဝရဘုရား​က ‘သင်​တို့​၏​ဘိုးဘေး​တို့​အား အမျက်ထွက်​ခဲ့​စဉ်အခါ​က သင်​တို့​အပေါ်​သို့ ဘေးဆိုး​ကို ကျရောက်​စေ​မည်​ဟု ငါ​ကောင်းကင်​ဗိုလ်ခြေ​အရှင်​ထာဝရဘုရား စိတ်ပိုင်းဖြတ်​ခဲ့​သည့်​အတိုင်း စိတ်ပြောင်းလဲ​မည်​မ​ဟုတ်​။ 15ယခု​ကာလ​တွင်​လည်း ယုဒ​အမျိုးအနွယ် ဂျေရုဆလင်​မြို့သား​တို့ ကောင်းစား​ဖို့ ငါ​ပြု​မည်​ဟု စိတ်ပိုင်းဖြတ်​ထား​ပြီ​။ ထို့ကြောင့် မ​ကြောက်​ကြ​နှင့်​။ 16သင်​တို့​ပြုကျင့်​ရ​မည်​မှာ အချင်းချင်း မှန်​သော​စကား​ကို ပြော​ကြ​လော့​။ မြို့​တံခါးဝ​တို့​၌ တရားစီရင်​ရာ​တွင် ဖြောင့်မတ်​မှန်ကန်​စွာ စီရင်ဆုံးဖြတ်​ကြ​လော့​။ 17သင်​တို့​စိတ်​ထဲ၌ ကိုယ့်​အိမ်နီးချင်း​အား မကောင်း​သော​အကြံ​ကို မ​ကြံစည်​ရ​။ မဟုတ်မမှန် ကျိန်ဆို​ခြင်း​ကို မ​နှစ်သက်​ရ​။ ဤ​အရာ​အလုံးစုံ​ကို ငါ​မုန်း​၏’​ဟူ၍ ထာဝရဘုရား​မိန့်​တော်မူ​သည်”​ဟု မိန့်ဆို​၏​။
18တစ်ဖန် ကောင်းကင်​ဗိုလ်ခြေ​အရှင်​ထာဝရဘုရား​၏​နှုတ်ကပတ်တော်​သည် ငါ့​ထံသို့​ရောက်လာ​ပြန်​၏​။ 19ကောင်းကင်​ဗိုလ်ခြေ​အရှင်​ထာဝရဘုရား​က “စတုတ္ထ​လ​အစာရှောင်​ခြင်း​၊ ပဉ္စမ​လ​အစာရှောင်​ခြင်း​၊ သတ္တမ​လ​အစာရှောင်​ခြင်း​၊ ဒသမ​လ​အစာရှောင်​ခြင်း​တို့​သည် ယုဒ​အမျိုးအနွယ်​အဖို့ ရွှင်လန်း​ဝမ်းမြောက်​ဖွယ်​ရာ​၊ ပျော်ရွှင်​ဖွယ်​ရာ​ပွဲတော်​များ ဖြစ်​လိမ့်မည်​။ ထို့ကြောင့် သစ္စာရှိ​ခြင်း​၊ ငြိမ်းချမ်း​ခြင်း​တို့​ကို မြတ်နိုး​ကြ​လော့”​ဟု မိန့်​တော်မူ​၏​။ 20ကောင်းကင်​ဗိုလ်ခြေ​အရှင်​ထာဝရဘုရား​က “အမြို့မြို့အနယ်နယ်​တွင်​နေထိုင်​သော​လူမျိုး​တို့ ရောက်လာ​ကြ​လိမ့်မည်​။ 21မြို့​တစ်​မြို့​မှ​လူ​တို့​သည် အခြား​တစ်​မြို့​သို့​သွား​၍ ‘ထာဝရဘုရား​ထံ​တော်​သို့ ငါ​တို့ သွားရောက်​တိုးလျှိုးတောင်းပန်​ကြ​စို့​။ ကောင်းကင်​ဗိုလ်ခြေ​အရှင်​ထာဝရဘုရား​ကို ရှာ​ကြ​စို့​။ ငါ​လည်း သွား​မည်’​ဟု ဆို​ကြ​လိမ့်မည်​။ 22လူ​အမြောက်အမြား​တို့​နှင့်အတူ အင်အားကြီးမား​သော​လူမျိုးခြား​တို့​သည်​လည်း ဂျေရုဆလင်​မြို့​သို့​လာ​၍ ကောင်းကင်​ဗိုလ်ခြေ​အရှင်​ထာဝရဘုရား​ကို ရှာ​ကြ​လိမ့်မည်​။ ထာဝရဘုရား​ရှေ့​တော်​သို့ တိုးဝင်ချဉ်းကပ်​ကြ​လိမ့်မည်”​ဟု မိန့်​တော်မူ​၏​။ 23ကောင်းကင်​ဗိုလ်ခြေ​အရှင်​ထာဝရဘုရား​က “ထို​ကာလ​၌ ဘာသာစကား​အမျိုးမျိုး​ပြောဆို​သော​လူမျိုးခြား​ဆယ်​ဦး​သည် ဂျူး​လူမျိုး​တစ်​ဦး​၏​အဝတ်စွန်း​ကို​ဖမ်းဆွဲ​လျက် ‘သင်​တို့​နှင့်အတူ ဘုရားသခင်​ရှိ​သည်​ဟု ကြားသိ​ရ​သောကြောင့် ငါ​တို့​လည်း သင်​တို့​နှင့်အတူ​လိုက်​မည်’​ဟူ၍ ဆို​ကြ​လိမ့်မည်”​ဟု မိန့်​တော်မူ​၏​။

လက်ရှိရွေးချယ်ထားမှု

ဇာခရိအနာဂတ္တိကျမ်း 8: MSBU

အရောင်မှတ်ချက်

မျှဝေရန်

ကူးယူ

None

မိမိစက်ကိရိယာအားလုံးတွင် မိမိအရောင်ချယ်သောအရာများကို သိမ်းဆည်းထားလိုပါသလား။ စာရင်းသွင်းပါ (သို့) အကောင့်ဝင်လိုက်ပါ