YouVersion လိုဂို
ရှာရန် အိုင်ကွန်

ဇာခရိအနာဂတ္တိကျမ်း 14

14
ထာဝရဘုရားအောင်နိုင်ခြင်းနှင့်အုပ်စိုးခြင်း
1ကြည့်ရှု​လော့​။ ထာဝရဘုရား​၏​နေ့ရက်​ရောက်လာ​ပြီ​။ ထို​နေ့​တွင် သင်​တိုက်ခိုက်လုယူ​ထား​သော​ပစ္စည်း​တို့​ကို သင့်​ရှေ့​၌​ပင် ခွဲဝေ​ယူ​ကြ​လိမ့်မည်​။ 2ငါ​သည် လူမျိုးတကာ​တို့​ကို​စုဝေး​၍ ဂျေရုဆလင်​မြို့​ကို တိုက်ခိုက်​စေ​မည်​။ သူ​တို့​သည် မြို့​ကို​သိမ်းပိုက်​ပြီး အိမ်​တို့​ကို မွှေနှောက်​လှန်လှော​ကြ​လိမ့်မည်​။ အမျိုးသမီး​တို့​ကို အဓမ္မပြုကျင့်​ကြ​လိမ့်မည်​။ မြို့သား​တစ်ဝက်​ကို​လည်း ဖမ်းခေါ်​သွား​ပြီး ကျန်​တစ်ဝက်​ကို မြို့​ထဲ၌ ချန်ထား​ကြ​လိမ့်မည်​။
3ထို့နောက် ထာဝရဘုရား​သည် စစ်တိုက်​ရာ​ကာလ​တွင် တိုက်ခိုက်​သကဲ့သို့ ထို​လူမျိုး​တို့​ကို ချီတက်​တိုက်ခိုက်​တော်မူ​မည်​။ 4ထို​နေ့ရက်​တွင် ကိုယ်တော်​သည် ဂျေရုဆလင်​မြို့​အရှေ့​ဘက်​ရှိ သံလွင်​တောင်​ပေါ်၌ ခြေချ​တော်မူ​လျှင် သံလွင်​တောင်​သည် အရှေ့ဘက်​မှ အနောက်ဘက်​တိုင်အောင် နှစ်ခြမ်းကွဲ​၍ ကျယ်ပြန့်​သော​ချိုင့်ဝှမ်းလွင်ပြင်​ကြီး ပေါ်လာ​လိမ့်မည်​။ ထို​တောင်​၏​တစ်ဝက်​သည် မြောက်ဘက်​သို့​လည်းကောင်း​၊ ကျန်​တစ်ဝက်​သည် တောင်ဘက်​သို့​လည်းကောင်း ရွေ့သွား​လိမ့်မည်​။ 5ဤ​တောင်​ကြား​ချိုင့်ဝှမ်းလွင်ပြင်​သည် အာဇေလ​အရပ်​တိုင်အောင် ရောက်​လိမ့်မည်​။ ယုဒ​ဘုရင်​ဩဇိ​မင်းကြီး​လက်ထက် ငလျင်လှုပ်​သဖြင့် သင်​တို့​ထွက်ပြေး​ရ​သကဲ့သို့ ယခု​လည်း တောင်​ကြား​ချိုင့်ဝှမ်းလွင်ပြင်​အတိုင်း သင်​တို့ ထွက်ပြေး​ရ​လိမ့်မည်​။ ငါ​၏​ဘုရားသခင်​ထာဝရဘုရား​သည်​လည်း မိမိ​သန့်ရှင်း​သူ​အပေါင်း​တို့​နှင့်အတူ ကြွလာ​တော်မူ​လိမ့်မည်​။
6ထို​နေ့ရက်​တွင် အလင်းရောင်​မ​ရှိ​။ အလင်း​သည် အမှောင်​ဖြစ်​လိမ့်မည်​။ 7ထို​နေ့ရက်​သည် နေ့​လည်း​မ​ဟုတ်​၊ ည​လည်း​မ​ဟုတ်​။ နေဝင်ချိန်​၌​ပင် အလင်းရောင်​ရှိ​လိမ့်မည်​။ ထာဝရဘုရား​သာ သိ​တော်မူ​သော​နေ့​တစ်​နေ့ ဖြစ်​မည်​။
8ထို​နေ့ရက်​တွင် ဂျေရုဆလင်​မြို့​မှ အသက်စမ်းရေ စီးထွက်​လိမ့်မည်​။ ထို​ရေ​သည် နွေရာသီ​ဖြစ်စေ​၊ ဆောင်းရာသီ​ဖြစ်စေ အရှေ့​ပင်လယ်​သို့ တစ်ဝက်​၊ အနောက်​ပင်လယ်​သို့ တစ်ဝက် စီးဆင်း​လိမ့်မည်​။ 9ထာဝရဘုရား​သည် မြေ​တစ်ပြင်လုံး​၏​ရှင်ဘုရင်​ဖြစ်​တော်မူ​လိမ့်မည်​။ ထို​နေ့ရက်​တွင် ထာဝရဘုရား​တစ်ပါးတည်း​၊ နာမ​တော်​တစ်ပါးတည်း​သာ ရှိ​လိမ့်မည်​။ 10ဂေဗ​မြို့​မှ​ဂျေရုဆလင်​မြို့​တောင်ဘက် ရိမ္မုန်​မြို့​တိုင်အောင် မြေ​တစ်ပြင်လုံး​သည် လွင်ပြင်​ဖြစ်​လိမ့်မည်​။ ဂျေရုဆလင်​မြို့​ကား မြှင့်တင်​ခြင်း​ကို​ခံရ​၍ ဗင်္ယာမိန်​တံခါး​မှ မြို့​တံခါး​ဟောင်း​နေရာ​မြို့​ထောင့်​တံခါး​အထိ​လည်းကောင်း​၊ ရှိ​ဟာနနေလ​မျှော်စင်​မှ​သည် တော်ဝင်​စပျစ်သီးနယ်ရာကျင်း​အထိ​လည်းကောင်း ယခင်​နေရာ​၌ တည်ရှိ​လိမ့်မည်​။ 11လူ​တို့​သည် ထို​မြို့​တွင် နေထိုင်​ကြ​လိမ့်မည်​။ ကျိန်​ခြင်း​ရှိ​တော့​မည်​မ​ဟုတ်​။ ဂျေရုဆလင်​မြို့​သည် ဘေးကင်းလုံခြုံ​စွာ ရှိ​နေ​လိမ့်မည်​။
12ဂျေရုဆလင်​မြို့​ကို တိုက်ခိုက်​သော​လူမျိုး​အပေါင်း​တို့​အား ထာဝရဘုရား​ဒဏ်ခတ်​မည့်​ကပ်ရောဂါ​ကား သူ​တို့​သည် ခြေစုံရပ်​လျက်​နေ​စဉ်ပင် အသားအရေ​ပုပ်ပျက်​သွား​လိမ့်မည်​။ သူ​တို့​၏​မျက်စိ​သည်​လည်း မျက်လုံးအိမ်​ထဲ၌ပင် ပုပ်ပျက်​သွား​လိမ့်မည်​။ သူ​တို့​၏​လျှာ​သည်​လည်း ခံတွင်း​ထဲ၌ပင် ပုပ်ပျက်​သွား​လိမ့်မည်​။ 13ထို​နေ့ရက်​တွင် ထာဝရဘုရား​ကြောင့် အလွန်​တုန်လှုပ်ချောက်ချား​ကြ​လိမ့်မည်​။ တစ်ယောက်​ကို​တစ်ယောက် ဖမ်းကိုင်​ပြီး အချင်းချင်း​တိုက်ခိုက်​ကြ​လိမ့်မည်​။ 14ယုဒ​အမျိုး​တို့​သည်​လည်း ဂျေရုဆလင်​မြို့​တွင် ပါဝင်​တိုက်ခိုက်​ကြ​၍ ဝန်းကျင်​ရှိ​လူမျိုး​အပေါင်း​တို့​၏​ဥစ္စာပစ္စည်း​များ​ဖြစ်​သော ရွှေ​၊ ငွေ​၊ အဝတ်အစား အမြောက်အမြား​တို့​ကို သိမ်းယူ​ကြ​လိမ့်မည်​။ 15မြင်း​၊ လား​၊ ကုလားအုတ်​၊ မြည်း​နှင့် တပ်စခန်း​များ​ရှိ တိရစ္ဆာန်​ရှိသမျှ​တို့​တွင်​လည်း အလားတူ ကပ်ရောဂါ​မျိုး​ကျရောက်​လိမ့်မည်​။
16ဂျေရုဆလင်​မြို့​ကို လာရောက်​တိုက်ခိုက်​သော​လူမျိုး​အပေါင်း​တို့​ထဲမှ အသက်ရှင်​ကျန်ရစ်​သော​သူ​အားလုံး​တို့​သည် ရှင်ဘုရင်​ဖြစ်​တော်မူ​သော​ကောင်းကင်​ဗိုလ်ခြေ​အရှင်​ထာဝရဘုရား​ကို ရှိခိုးကိုးကွယ်​ကြ​ရန်​နှင့် ယာယီတဲစု​ပွဲတော်​ကို ကျင်းပ​ကြ​ရန် ဂျေရုဆလင်​မြို့​သို့ နှစ်တိုင်း​ရောက်လာ​ကြ​လိမ့်မည်​။ 17မြေကြီး​ပေါ်​ရှိ​မျိုးနွယ်စု​ထဲမှ တစ်စုစု​သည် ရှင်ဘုရင်​ဖြစ်​တော်မူ​သော​ကောင်းကင်​ဗိုလ်ခြေ​အရှင်​ထာဝရဘုရား​ကို ရှိခိုးကိုးကွယ်​ရန် ဂျေရုဆလင်​မြို့​သို့ မ​လာ​လျှင် သူ​တို့​အဖို့ မိုးရွာ​မည်​မ​ဟုတ်​။ 18အီဂျစ်​လူမျိုး​တို့​ပင်လျှင် မ​လာရောက်​မ​ပါဝင်​လျှင် သူ​တို့​အဖို့ မိုးရွာ​မည်​မ​ဟုတ်​။ ယာယီတဲစု​ပွဲတော်​ကို​ကျင်းပ​ရန် မ​လာ​မ​ရောက်​သော​လူမျိုး​တို့​သည်​လည်း ထာဝရဘုရား​ဒဏ်ခတ်​တော်မူ​သော​ကပ်ရောဂါ​ကို ခံရ​ကြ​လိမ့်မည်​။ 19ဤသည်ကား အီဂျစ်​လူမျိုး​တို့​အပါအဝင် ယာယီတဲစု​ပွဲတော်​ကို​ကျင်းပ​ရန် မ​လာ​သော​လူမျိုး​အပေါင်း​တို့ ခံရ​မည့်​အပြစ်ဒဏ် ဖြစ်​၏​။
20ထို​နေ့ရက်​တွင် မြင်း​ချူလုံး​များ​၌ “ထာဝရဘုရား​၌ သန့်ရှင်း​ခြင်း”​ဟု ရေးထိုး​ထား​လိမ့်မည်​။ ထာဝရဘုရား​အိမ်​တော်​ရှိ အိုး​တို့​သည်​လည်း ယဇ်ပလ္လင်​ရှေ့​ရှိ ဇလုံ​များ​ကဲ့သို့ ဖြစ်​လိမ့်မည်​။ 21ဂျေရုဆလင်​မြို့​မှစ၍ ယုဒ​ပြည်​၌​ရှိသမျှ​သော​အိုး​တို့​သည် ကောင်းကင်​ဗိုလ်ခြေ​အရှင်​ထာဝရဘုရား​အဖို့ သန့်ရှင်း​လိမ့်မည်​။ ယဇ်ပူဇော်​သော​သူ​အပေါင်း​တို့​သည် လာ​၍ ထို​အိုး​တို့​ကို ယူ​ပြီး ချက်ပြုတ်​ကြ​လိမ့်မည်​။ ထို​နေ့ရက်​တွင် ကောင်းကင်​ဗိုလ်ခြေ​အရှင်​ထာဝရဘုရား​၏​အိမ်​တော်​၌ ခါနာန်​လူမျိုး​ဟူ၍ ရှိ​တော့​မည်​မ​ဟုတ်​။

လက်ရှိရွေးချယ်ထားမှု

ဇာခရိအနာဂတ္တိကျမ်း 14: MSBU

အရောင်မှတ်ချက်

မျှဝေရန်

ကူးယူ

None

မိမိစက်ကိရိယာအားလုံးတွင် မိမိအရောင်ချယ်သောအရာများကို သိမ်းဆည်းထားလိုပါသလား။ စာရင်းသွင်းပါ (သို့) အကောင့်ဝင်လိုက်ပါ

YouVersion သည် မိမိအတွေ့အကြုံကို စိတ်ကြိုက်ပြင်ဆင်ရန် ကွတ်ကီးများကို အသုံးပြုသည်။ ကျွန်ုပ်တို့၏ဝဘ်ဆိုဒ်ကိုအသုံးပြုခြင်းဖြင့် ကျွန်ုပ်တို့၏ ကိုယ်ရေးကိုယ်တာမူဝါဒတွင်ဖော်ပြထားသည့်အတိုင်း ကျွန်ုပ်တို့၏ cookies အသုံးပြုမှုကို လက်ခံပါသည်။