YouVersion လိုဂို
ရှာရန် အိုင်ကွန်

မာလခိအနာဂတ္တိကျမ်း 1

1
အစ္စရေးလူမျိုးတို့အပေါ် ထာဝရဘုရားမေတ္တာထားခြင်း
1မာလခိ​အားဖြင့် အစ္စရေး​လူမျိုး​တို့​အား ထာဝရဘုရား​မိန့်​တော်မူ​သော​ဗျာဒိတ်​စကား​။ 2ထာဝရဘုရား​က “​သင်​တို့​ကို ငါ​ချစ်​၏​”​ဟု မိန့်ဆို​လျှင် သင်​တို့​က “​ကိုယ်တော်​သည် အကျွန်ုပ်​တို့​ကို မည်သို့​ချစ်​သနည်း​”​ဟု မေး​ကြ​၏​။ ထာဝရဘုရား​က “​ဧသော​နှင့် ယာကုပ်​သည် ညီအစ်ကို ဖြစ်​သည်​မ​ဟုတ်​လော​။ ယာကုပ်​ကို ငါ​ချစ်​၏​။ 3ဧသော​ကို​ကား ငါ​မုန်း​၏​။ ငါ​သည် သူ့​နေရာ​တောင်​တို့​ကို လူသူကင်းမဲ့​ရာ​ဖြစ်​စေ​၍ သူ့​အမွေမြေ​ကို​လည်း တောကန္တာရ​ခွေးအ​တို့​၌ အပ်​လေ​ပြီ”​ဟု မိန့်​တော်မူ​၏​။
4ဧဒုံ​ပြည်သား​တို့​က​လည်း “​ငါ​တို့ ဖျက်ဆီး​ခံရ​လျှင် ငါ​တို့​ပြန်လာ​၍ အပြိုအပျက်​တို့​ကို ပြန်လည်​တည်ဆောက်​မည်​”​ဟု ဆို​ကြ​၏​။ ကောင်းကင်​ဗိုလ်ခြေ​အရှင်​ထာဝရဘုရား​က​လည်း “​သူ​တို့ ပြန်လည်​တည်ဆောက်​လျှင် ငါ​ဖြိုဖျက်​မည်​။ သူ​တို့​ပြည်​သည် ဆိုးယုတ်​သော​ပြည်​၊ သူ​တို့​သည် ထာဝရဘုရား​၏​အမျက်​တော်​သင့်​ခြင်း​ကို ခံရ​သော​လူမျိုး​ဟု အစဉ်​အခေါ်​ခံရ​ကြ​လိမ့်မည်​။ 5သင်​တို့​သည် ကိုယ့်​မျက်စိ​နှင့်​မြင်​၍ ‘ထာဝရဘုရား​သည် အစ္စရေး​ပြည်​ပြင်ပ​အထိ​ပင် တန်ခိုးကြီး​သော​ဘုရား​ဖြစ်​တော်မူ​၏’​ဟု ဆို​ကြ​လိမ့်မည်​။
နာမတော်ကိုမထီမဲ့မြင်ပြုသောယဇ်ပုရောဟိတ်များ
6အို နာမ​တော်​ကို​မထီမဲ့မြင်ပြု​သော​ယဇ်ပုရောဟိတ်​တို့​၊ သား​သည် ဖခင်​ကို​လည်းကောင်း​၊ ကျွန်​သည် သခင်​ကို​လည်းကောင်း ရိုသေလေးစား​တတ်​၏​။ ငါ​သည် ဖခင်​ဆိုလျှင် ငါ့​ကို မည်သူ​ရိုသေလေးစား​သနည်း​။ ငါ​သည် သခင်​ဆိုလျှင် ငါ့​ကို မည်သူ​ကြောက်ရွံ့​သနည်း​ဟု ကောင်းကင်​ဗိုလ်ခြေ​အရှင်​ထာဝရဘုရား​မေး​တော်မူ​လျှင် သင်​တို့​က ‘အကျွန်ုပ်​တို့​သည် ကိုယ်တော်​၏​နာမ​တော်​ကို မည်သို့​မထီမဲ့မြင်ပြု​ပါ​သနည်း’​ဟု ပြန်​မေးလျှောက်​ကြ​၏​။
7ငါ့​ယဇ်ပလ္လင်​ပေါ်တွင် ညစ်ညူး​သော​အစားအစာ​ကို ပူဇော်​ပြီးမှ သင်​တို့​က ‘ကိုယ်တော်​ကို အကျွန်ုပ်​တို့ မည်သို့​ညစ်ညူး​စေ​သနည်း’​ဟု မေး​ကြ​၏​။ သင်​တို့​က ‘ထာဝရဘုရား​၏​စားပွဲ​တော်​သည် မထီမဲ့မြင်ပြု​ခြင်း ခံရ​လေ​ပြီ’​ဟူ၍ ဆို​ကြ​သောကြောင့်​တည်း”​ဟု မိန့်​တော်မူ​၏​။
8တစ်ဖန် ကောင်းကင်​ဗိုလ်ခြေ​အရှင် ထာဝရဘုရား​က “မျက်စိကန်း​သော​အကောင်​ကို ယဇ်ပူဇော်​ရန် ယူဆောင်​လာ​ခြင်း​သည် အပြစ်​မ​ဟုတ်​လော​၊ ခြေမသန်​သော​အကောင်​၊ နာ​နေ​သော​အကောင်​တို့​ကို ယဇ်ပူဇော်​ခြင်း​သည် အပြစ်​မ​ဟုတ်​လော​၊ ထိုသို့​သော​အကောင်​ကို သင့်​ဘုရင်ခံ​အား ဆက်သ​ကြည့်​ပါ​လော့​။ သူ​လက်ခံ​ပြီး သင့်​ကို မျက်နှာသာ​ပေး​လိမ့်မည်​လော​”​ဟု မိန့်​တော်မူ​၏​။ 9“ယခုမှာ အကျွန်ုပ်​တို့​ကို​သနား​တော်မူ​ပါ​ဟူ၍ ဘုရားသခင်​ကို တိုးလျှိုးတောင်းပန်​ကြ​လော့​။ ထိုသို့သော သင်​တို့​၏​ပူဇော်သက္ကာ​ကို လက်ခံ​တော်မူ​မည်လော”​ဟု ကောင်းကင်​ဗိုလ်ခြေ​အရှင်​ထာဝရဘုရား မိန့်​တော်မူ​၏​။ 10“ငါ့​ယဇ်ပလ္လင်​ရှိ​ရာ​သို့​ဝင်​၍ မီး​ကို​အချည်းနှီး​မ​ထွန်း​ရ​အောင် တံခါး​ကို မည်သူ​ပိတ်​ပေး​မည်နည်း​။ ငါ​သည် သင်​တို့​ကို မ​နှစ်သက်​။ သင်​တို့​လက်​နှင့်​ပူဇော်​သော​ယဇ်​ကို ငါ​လက်​မ​ခံ”​ဟု ကောင်းကင်​ဗိုလ်ခြေ​အရှင်​ထာဝရဘုရား​မိန့်​တော်မူ​၏​။
11“အကယ်စင်စစ် နေထွက်​ရာ​အရပ်​မှ နေ​ဝင်ရာအရပ်​တိုင်အောင် လူမျိုးတကာ​တို့​တွင် ငါ့​နာမ​သည် ဘုန်းကြီး​လိမ့်မည်​။ ငါ့​နာမ​သည် လူမျိုးတကာ​တို့​တွင် ဘုန်းကြီး​သောကြောင့်​ငါ့​နာမ​အဖို့ အရပ်ရပ်​မှ နံ့သာပေါင်း​များ​၊ သန့်ရှင်း​သော​ပူဇော်သက္ကာ​များ​ကို ယူဆောင်​လာ​ကြ​လိမ့်မည်”​ဟု ကောင်းကင်​ဗိုလ်ခြေ​အရှင်​ထာဝရဘုရား မိန့်​တော်မူ​၏​။
12“သင်​တို့​မူကား စားပွဲ​တော်​ကို ရှုတ်ချ​လျက် ‘ဘုရားရှင်​၏​စားပွဲ​တော်​သည် ညစ်ညူး​၏​။ အသီးအနှံ​နှင့် အစားအစာ​များ​သည်​လည်း ရွံရှာဖွယ်​ဖြစ်​၏’​ဟု ဆို​ကြ​၏​။ 13သင်​တို့​သည် နှာခေါင်းရှုံ့​လျက် ‘​ငြီးငွေ့ဖွယ်​ကောင်း​လှ​သည်​တကား​’​ဟု ဆို​ပြီး လုယူ​ထား​သော​အကောင်​၊ ခြေမသန်​သော​အကောင်​၊ နာ​နေ​သော​အကောင်​တို့​ကို ယူဆောင်​လာ​၍ ယဇ်ပူဇော်​ကြ​၏​။ ထိုသို့သော သင်​တို့​၏​ပူဇော်သက္ကာ​ကို ငါ​လက်ခံ​ရ​မည်လော​”​ဟု ကောင်းကင်​ဗိုလ်ခြေ​အရှင်​ထာဝရဘုရား မိန့်​တော်မူ​၏​။
14“​သိုးအုပ်​ထဲတွင် သိုးထီး​ရှိ​လျက်​၊ ကတိသစ္စာ​လည်း ပြု​လျက်​နှင့်ပင် ဘုရားရှင်​အား အနာအဆာ​ရှိ​သော​သိုး​ကို​ပူဇော်​သော​သူ​သည် ကျိန်​ခြင်း​ကို ခံ​သင့်​၏​။ အကြောင်းမူကား ငါ​သည် ဘုန်းကြီး​သော​ရှင်ဘုရင်​ဖြစ်​၏​။ ငါ့​နာမ​သည်​လည်း လူမျိုးတကာ​တို့​တွင် ကြောက်ရွံ့ဖွယ်​ဖြစ်​၏​”​ဟု ကောင်းကင်​ဗိုလ်ခြေ​အရှင်​ထာဝရဘုရား မိန့်​တော်မူ​၏​။

လက်ရှိရွေးချယ်ထားမှု

မာလခိအနာဂတ္တိကျမ်း 1: MSBU

အရောင်မှတ်ချက်

မျှဝေရန်

ကူးယူ

None

မိမိစက်ကိရိယာအားလုံးတွင် မိမိအရောင်ချယ်သောအရာများကို သိမ်းဆည်းထားလိုပါသလား။ စာရင်းသွင်းပါ (သို့) အကောင့်ဝင်လိုက်ပါ